Thursday, April 7, 2016

မိမိ၏တာဝန်ကို မစွန့်လွှတ်ထိုက်

*** မိမိ၏ တာဝန်ကို မစွန့်လွှတ်ထိုက် ***

ဗုဒ္ဓဒေသနာတော်အရ ဗြဟ္မစိုရ်မျက်စိဖြင့် လူကိုကြည့်သောအခါ လူအားလုံးကို တစ်တန်းတစားထဲ တန်ဖိုးထား၍ ကြည့်ရသည်မဟုတ်၊၊

သူတို့၏ ကာလ၊ ဒေသ၊ ကုလာစာရတို့က ပံ့ပိုးထားသော သိက္ခာသုံးပါးစွမ်းအင်ကို ဖွဲ့စည်းခြင်း၏ သိပ်သည်းမှု အချိုးအဆအလိုက် ဖြစ်ပေါ်လာသော လူ၏ဝိသေသ အသွင်များကိုပါ ကြည့်ရခြင်းဖြစ်၏၊၊

ထိုသို့ကြည့်ခြင်းကို ဘက်လိုက်သော ကြည့်ခြင်းဟု မဆို၊၊ သူ၏ ကျေးဇူးနှင့်ဂုဏ်ကိုသိခြင်း ``ကတညုတ မင်္ဂလာ´´ ဟူ၍သာ ဆို၏၊၊ ထို့ကြောင့် ဗုဒ္ဓဒေသနာတော်အရ လူ့ဘဝ၏ အဓိကတာဝန်မှာ သိက္ခာကို စောင့်ထိန်းခြင်းဖြစ်၏၊၊ သိက္ခာကိုစောင့်ထိန်းခြင်း ဟူသည်မှာ လောက၌ ``အဓမ္မ´´ က ``ဓမ္မ´´ အပေါ်မလွှမ်းမိုးအောင် အားထုတ်ခြင်းဖြစ်၏၊၊ ထိုသို့ အားထုတ်ခြင်းဖြင့် မိမိ၏ စည်းစိမ်ဥစ္စာ ဆုံးဂှုံးသွားချင်လည်း ဆုံးရှုံးသွားနိုင်၏၊၊ မိမိ၏ အသက်ပင် ဆုံးရှုံးသွားချင်လည်း ဆုံးရှုံးသွားနိုင်၏၊၊ သို့ရာတွင် မည်သို့ပင် ဆုံးရှုံးသွားစေကာမူ မိမိတာဝန်ကို စွန့်လွှတ်ခြင်း မပြုအပ်၊ မိမိ၏တာဝန်ကို ရှောင်လွှဲခြင်းမပြုအပ်၊၊ ဤသည်ကိုပင် ``သတိရှိခြင်း´´ဟူ၍လည်းဆိုရ၏၊၊ ``တာဝန်ကျေခြင်း´´ ဟူ၍လည်းဆိုရ၏၊၊

``အဓမ္မ´´ က``ဓမ္မ´´ အပေါ် မလွှမ်းမိုးနိုင်အောင် အားထုတ်ခြင်း ဟူသည်မှာ ဤလောက၌ ဒုစရိုက်တရားများ ကင်းဝေးပြီး သုစရိုက်တရားများ ထွန်းကားလာအောင် အားထုတ်ခြင်းဖြစ်၏၊၊ ဤသို့အားထုတ်ရန် လူတိုင်း၌ တာဝန်ရှိ၏၊၊ ထိုတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် လူ့လောက၌ လူလာဖြစ်ရခြင်း ဖြစ်၏၊၊ လူ့လောက၌ လူလာဖြစ်ရလျှင် လူ့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ရမည်မှာ ဓမ္မတာဖြစ်၏၊၊ ဓမ္မတာအရ လူ့တာဝန်ကို ဆောင်ရွက်ရာတွင် မလုပ်သင့်သည်ကို မလုပ်ဘဲ ``နေရဲ´´ခြင်းနှင့် လုပ်သင့်သည်ကို ``လုပ်ရဲ´´ခြင်းမှ စရ၏၊၊ မည်သည့်လုပ်ငန်းများသည် လုပ်သင့်သော လုပ်ငန်းများဖြစ်၍ မည်သည့်လုပ်ငန်းများသည် မလုပ်သင့်သော လုပ်ငန်းများဖြစ်သည်ကို ဆုံးဖြတ်ရာ၌ အတ္တ ပါးမှု့နှင့် အတ္တ ကြီးမှုအပေါ် အခြေတည်၍ ဆုံးဖြတ်ရ၏၊၊

အတ္တပါးလေသောအခါ မိမိအတွက် ပစ္စည်းဥစ္စာ ရရှိမှု့ကိုလည်း မငဲ့ကွက်၊ မိမိအတွက် အများ၏ အသိအမှတ်ပြု ခံရခြင်းကိုလည်း မငဲ့ကွက်၊ မိမိအတွက် ထင်ပေါ်ကျော်ကြားမှုကိုလည်း မငဲ့ကွက်၊၊

ဤနေရာ၌ ပစ္စည်းဥစ္စာ ရရှိမှုကို ``လာဘ´´ဟုခေါ်၏၊၊
အသိအမှတ်ပြု ခံရမှုကို ``သက္ကာရ´´ ဟုခေါ်၏၊၊
ထင်ပေါ်ကျော်ကြားမှုကို ``သိလောက´´ဟုခေါ်၏၊၊

အတ္တသည် တဏှာဖြင့် စွဲယူထားသော အတ္တလည်း ရှိ၏၊၊
မာနဖြင့် စွဲယူထားသော အတ္တလည်း ရှိ၏၊၊
ဒိဋ္ဌိဖြင့် စွဲယူထားသော အတ္တလည်း ရှိ၏၊၊

ထိုအတ္တ သုံးမျိုးလုံးသည်ပင် စစ်မှန်သော ချမ်းသာ၏ ပဓာန အန္တရာယ်ဖြစ်၏၊၊
သောကနှင့် ပရိဒေဝတို့ကို ဖန်ဆင်းသူဖြစ်၏၊၊
ဒုက္ခနှင့် ဒေါမနဿ တို့၏ အုတ်မြစ်ဖြစ်၏၊၊

[ ဦးရွှေအောင် ( မဟာဝိဇ္ဇာ<သက္ကတ>၊ ဝဋံသကာ နှင့် သိရောမဏိ ]

No comments:

Post a Comment