Thursday, April 7, 2016

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၅)


*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၅)*

*ကံနှင့် စကြဝဠာနိယာမ*

နေ လ နက္ခတ် ဂြိုလ်တာရာ စကြဝဠာဟူသော သက်မဲ့သဘာဝ သြကာသလောကကြီးသည်လည်းကောင်း၊ တော တောင် ရေမြေ အမျိုးမျိုးသော နွယ်မြက် သစ်ပင်တို့သည်လည်းကောင်း အချင်းချင်း အားပြိုင်၍ အနိုင်ယူကြသကဲ့သို့ ကံတရားတို့၏ အားပြိုင်မှု
(ပါကဒါန)ကိုလည်း သိနိုင်ကြ၏၊၊

မိမိတို့၏ သဘာဝသတ္တိ၊ ဗီဇသတ္တိအလျောက်သာ ရပ်တည်လှုပ်ရှားနိုင်ပုံ၊ ရှင်သန်ကြီးထွားရပုံ၊ ဖြစ်ပေါ်ပျောက်ကွယ်ပုံများကိုလည်း တွေ့မြင်နိုင်ကြသည်၊၊

ဆောင်း နွေ မိုး နေ့ ညဟူသော သဘာဝပတ်ဝန်းကျင်နှင့် သစ်ပင်ရေမြေတို့၏ ဖြစ်ပေါ်မှု ရပ်တည်ရှင်သန်မှု ပျောက်ကွယ်မှုတို့သည်လည်း စည်းစနစ်မကျ ကမောက်ကမ မဟုတ်၊ သူ့သဘာဝသတ္တိ ဗီဇသတ္တိအားလျော်စွာ အစီအစဉ်တကျ အချိန်ကိုက် ပုံမှန်ဖြစ်ပေါ်ရှင်သန်ပျောက်ကွယ်နေကြသည်၊၊ ယင်းကိုပင် ဥတုနိယာမ, ဗီဇနိယာမဟု ခေါ်၏၊၊

သက်မဲ့လောကကြီး၏ ထိုမျှ တိကျလွန်းသော ဖြစ်စဉ်များကို လူသားတို့ ဉာဏ်မမှီနိုင်ကြသဖြင့် တန်ခိုးရှင်များအပေါ် ပုံချလိုက်ကြသည်၊၊ တန်ခိုးရှင်ဆိုသူက လူသားတို့ကို မဖန်ဆင်းမီ လူသားတို့၏ စိတ်က တန်ခိုးရှင်တစ်ဦး ပထမဆုံး ဖန်တီးယူလိုက်ကြခြင်းပင်တည်း၊၊

နေ လ နက္ခတ် ဂြိုဟ်တာရာ စကြဝဠာ သစ်ပင် တောတောင်တို့သည် အချင်းချင်း အားပြိုင်၍ နေရာယူရပ်တည်ပုံ (အကျိုးပေးပုံ)ကို မြင်နိုင်သကဲ့သို့ ကမ္မနိယာမခေါ် ကံတရားတို့၏ အားပြိုင်အကျိုးပေးပုံကိုလည်း သိရမည်၊၊ ဆောင်း နွေ မိုး နေ့ ည အချိန်အခါ အပူအအေးသဘာဝနှင့် ပေါက်ရောက်သီးပွင့်သော သက်မဲ့သစ်ပင်တို့၏ အချိန်အခါ ရာသီအလိုက် ဖြစ်ပေါ်အကျိုးပြုပုံ အချိန်ကိုက်သကဲ့သို့ ကံတရားတို့၏ အကျိုးဖြစ်ထွန်းမှု အချိန်အခါနှင့် စပ်၍လည်း အစီအစဉ်မဲ့အလိုလို ဖြစ်ချင်ရာဖြစ်လာကြသည်မဟုတ်၊ အကျိုးပေးရမည့် အချိန်အခါ (ပါလကာလ)လည်း တိကျလှပေသည်၊၊

တဖန် စကြဝဠာ သက်မဲ့လောကကြီးတခုလုံး အင်အားအလိုက် သူ့နေရာနှင့်သူ ရပ်တည်နေကြရသကဲ့သို့ သတ္တဝါတို့သည်လည်း မိမိတို့ပြုလုပ်ခဲ့သော ကမ္မနိယာမအင်အားအလိုက် ၃၁ဘုံအတွင်း ဆင်းတက်ရပ်တည် ကျင်လည်နေကြရ၏၊၊ သွားချင်ရာသွား နေချင်ရာနေ၍မရ ၊ ကမ္မသတ္တိ၏ လုပ်ဆောင်ချက်များမှာ အချိန်အခါရော နေရာဒေသပါ တိကျလွန်းလှသည်၊၊ မည်သည့်အခါ မည်သည့်နေရာ၌မျှ ချွတ်လွဲမှားယွင်းသွားသည်ဟူ၍ မရှိ၊ ဤကား ကံနှင့်စပ်၍ ဗုဒ္ဓအဘိဓမ္မာ၏ နက်ရှိုင်းမှု တစိတ်တစ်ဒေသ အမြွက်မျှဖြစ်သည်၊၊

(ဆက်လက်ဖော်ပြပါမည်၊၊)

No comments:

Post a Comment