ဧဟိပဿိက ဂုဏ်တော်ကိုပဲကြည့် ''လိုက်ခဲ့စမ်းပါ၊ ကြည့်ရှု့လှည့်စမ်းပါ''ဟု ဖိတ်ခေါ်ထိုက်၏ ဟူသော အနက်ကိုပြသည်၊၊ [ဧဟိ+ပဿ+ဣက၊ ဧဟိ-လိုက်ခဲ့ပါ+ ပဿ-ရှု့လှည့်စမ်းပါ+ ဣက- ဤသို့ ဖိတ်ခေါ်ထိုက်၊၊]
သိဒ္ဓတ္ထမင်းသား ဘုရားအလောင်း တောထွက်တော်မှုလာသောအခါ ဃဋိကာရ၊ ဗြဟ္မာကြီးက သင်္ကန်း ကပ်လှူလာသည်''ဟု ပြောစမှတ်ပြုကြသော ဃဋိကာရဗြဟ္မာ အလောင်းသည် ကဿပဘုရား လက်ထက်တော်တုန်းက မျက်မမြင် မိဘတို့ကို ပြုစုသော ဃဋိကာရဖြစ်သည်၊၊ ဘုရားရှင်ကို အလွန်ကြည်ညိုသော သူတော်ကောင်းကြီးပေတည်း၊၊
ငါတို့ဘုရားလောင်းကား အမျိုးအားဖြင့် အထက်တန်းကျ၍ အလွန်မာနကြီးသော ဇောတိပါလ လုလင်ဖြစ်လျက် ထိုစဉ်က ဗုဒ္ဓဘာသာမဟုတ်သေးဘဲ ဃဋိကာရ၏ အသဲစွဲ မိတ်ဆွေ တစ်ယောက်တည်း၊၊ ဃဋိကာရသည် ဘုရားရှင်ကို ဖူးမြှော်ဖို့ရန် ဇောတိပါလကို အတန်တန် တိုက်တွန်း၏၊၊ သို့သော် အမျိုးဂုဏ် မာန်တတ်၍ ဘုရားကိုပင် အဖက်မထင်သေးချေ၊၊
ဃဋိကာရကလည်း ''ဘုရားအထံ မရောက်လျှင် မနေ''ဟု အမြဲကြံစည်ကာ မြစ်ဆိပ်သို့ ရေချိုးဖို့ရန် ခေါ်သွားပြီးလျှင် ''မိတ်ဆွေ၊ ကဿပဘုရားရှင်သည် အနီးမှာပင် သီတင်းသုံးတော်မူနေ၏၊ လိုက်ခဲ့ပါ၊ ဖူးချေကြစို့'' ဟု သုံးကြိမ်တိုင်အောင် ခေါ်သော်လည်း ရှေးနည်းအတူ ပယ်ရှား၍နေသဖြင့် နောက်ဆုံး၌ ''မလိုက်လျှင် မနေရ''ဟု ဆံပင်ကို အတင်းဆွဲ၍ ခေါ်လေသော်..:
သြော်- ဃဋိကာရသည် အမျိုးအားဖြင့် ငါ၏အောက် ကျသူဖြစ်ပါလျက် ဆံပင်ကိုဆွဲနိုင်သည်မှာ အံ့သြစရာကြီး ဖြစ်ပေသည်၊ ဧကန်အကျိုးရှိ၍သာ မရမက ခေါ်ရှာပေသည်''ဟု သဘောကျ၍ ဘုရားထံတော်သို့ လိုက်သွားပြီးလျှင် တရားတော်ကို နာရသောအခါ လွန်စွာအားရ နှစ်သက်လှသဖြင့် သာသနာ့ဘောင်သို့ ဝင်လေသည်၊၊ ဤသို့ ဝမ်းမြောက်လောက်အောင် ''ဧဟိပဿိက''ဂုဏ်တော်နှင့် အထိုက်အလျောက် ပြည့်စုံပါလျင် ယခုအခါ တရားဟောရာ အရပ်နှင့် သံဃာတော်များထံသို့လည်း ခေါ်ငင်ပြသထိုက်ပေသည်၊၊ [မဇ္ဈိမပဏ္ဏာသ, ရာဇဝဂ်, ဃဋိကာရသုတ်၊၊]
သို့သော် စဉ်းစားရန် တစ်ချက်မှာ_ ယခုကာလ၌ ဘာသာအမျိုးမျိုးက မိမိတို့ဘာသာကိုသာ မှန်ကန်ကြောင်း၊ အခြားဘာသာ မှားယွင်းကြောင်းကို ဟောပြောကြ၏၊၊ ဗုဒ္ဓဘာသာတရားတွင်လည်း ''သူတို့ဂိုဏ်းက ကောင်းသည်၊ ငါတို့ဂိုဏ်းက ကောင်းသည်၊ သူ့ကိုယ်တော်က ကြည်ညိုဖွယ်ကောင်း၏၊ ငါ့ကိုယ်တော်က စာတတ်၏၊ တရားဟောကောင်း၏၊ ကမ္မဋ္ဌာန်းပေးကောင်း၏၊ ဓာတ်ရိုက်ယတြာဆင်ကောင်း၏၊၊'
ဤမျှလောက် ရှုတ်ထွေးသော လောကကြီးဝယ် ကိုယ်ပိုင်ဥာဏ်ကို အသုံးပြုနိုင်သူကလည်း နည်းပါးလှသည်၊၊ အမှန်ကို ဟောပြလိုသူတို့မှာလည်း မိုးခါးရေသောက် ကာလကြီးမို့ မတတ်နိုင်ဘဲ လက်မှိုင်ချရလေပြီ၊၊ သို့ဖြစ်၍ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များကို ဆည်းကပ်မိဖို့ရန်မှာ ရှေးကံကောင်းလှမှ ဖြစ်ရတော့မလောက် ရှိတော့သည်၊၊
ရှေးအခါက အဝမြို့၌ ရဟန်းတော်နှစ်ပါး ဒဏ္ခိဏသာခါ ရုပ်တုတော်ကို ကိုးကွယ်ကြပြီးလျှင် ရုပ်တုတော်ခြင်း အသပ္ပာယ်ပြိုင်စဉ် မခံချင်သဖြင့် ''သတ္တိရှိလျှင် ဘုရားခြင်းပေါက်ကြစို့''ဟု ပြောဆိုကာ ရုပ်တုတော်ခြင်း တစ်ယောက်တစ်လှည့် ပေါက်ကြဖူးသတဲ့၊၊ ယခုကာလကလည်း ဒကာကို ဆရာကမြှောက်၊ ဆရာကို ဒကာကမြှောက်၍ ဒကာချင်းပေါက် ဆရာခြင်းပေါက်လျက် ကမောက်ကမ ဖြစ်နေကြသည်မှာ ဘာသာခြားတွေကို ရှက်ဖွယ်ကောင်းလှပေသည်၊၊
အချုပ်မျှ သတိပေးရလျှင် ပုဂ္ဂိုလ်တစ်ပါးပါးကို ကိုးကွယ်မိက အသိအလိမ္မာ ဥာဏ်ပညာနှင့် သူတော်ကောင်းစိတ်များ တိုးပွား မတိုးပွား စဉ်းစားကြပါလေ၊၊ တိုးပွားလျှင် ကိုးကွယ်သူမိမိမှာ အမြတ်ရ၏၊၊ ကုသိုလ်မတိုးပွားဘဲ မိမိတို့နှင့် ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များကို ပြိုင်ရဆိုင်ရ တိုက်ခိုက်ရသဖြင့် မတရားမှု ဒုစရိုက်မှုတွေသာ တိုးပွား၍ အကုသ်ုလ်များနေလျှင် အရင်းပင် ဆုံးရှုံးသေး၏၊၊ တချို့ကား ပြိုင်ရင်းဆိုင်ရင်း ခိုက်ရန်ဒေါသ ဖြစ်ကြရ၍ ရုံးသို့ ရောက်ရသောကြောင့် ငွေကုန် လူပန်း စိတ်မချမ်းသာစရာတွေလည်း ဖြစ်ကြရရှာသေး၏၊၊ ထို့ကြောင့် ''ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်'' ကြိုးစား၍ သတိဆောင်ကြပါလေ၊၊
(အရှင် ဇနကာဘိဝံသ ၏ ပထမကျမ်းစာ ရတနာ့ဂုဏ်ရည်မှ ထုတ်နှုတ်ဖော်ပြသည်၊၊)
No comments:
Post a Comment