Thursday, April 7, 2016

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၇)

*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၇)*

*လုပ်ဆောင်မှုစွမ်းအား(ကိစ္စ)အရ ကံလေးမျိုး*

ကံ၏ ပြုလုပ်နိုင်မှု စွမ်းရည်သတ္တိ ကိစ္စကိုလိုက်၍
(၁) ဇနကကံ
(၂) ဥပတ္တ မ္ဘကကံ
(၃) ဥပပီဠကကံ
(၄)ဥပဃာတကကံ ဟူ၍ လေးမျိုးကွဲပြားသည်။

*ဇနက ကံ*

ဘဝသစ်တစ်ခု ဖြစ်ပေါ်အောင် (ပဋိသန္ဓေကိစ္စ) ပြုလုပ်နိုင်စွမ်းသောကံသည် ဇနကကံခေါ်သည်။ ပဝတ္တိကျိုး (ဆက်လက်ဖြစ်ပွားမှု) ကိုမှု မပြုလုပ်နိုင်။ ပဝတ္တိအခါ၌ အခြားကံတစ်ခုက အကျိုးကို ဖြစ်စေတတ်၏။ မိခင်သည် သားငယ်ကို မွေးဖွားပေးသည်။ နို့ထိန်းတို့က ကျွေးမွေးသုတ်သင်ကြသည်။ ထို့အတူပင် ဇနကကံသည် မိခင်ကဲ့သို့ ပဋိသန္ဓေနေမှု ဘဝသစ်မွေးဖွားမှုကို ဖြစ်စေ၍ ပဝတ္တိအခါ၌ အခြားကံတို့က နို့ထိန်းကဲ့သို့ သတ္တဝါကို ထိန်းသိမ်းကြသည်။

တစ်နည်းအားဖြင့် ဇနကကံသည် ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့် သက်ဆိုင်၍ ပဋိသန္ဓေကျိုး ပဝတ္တိကျိုး နှစ်မျိုးလုံးကို ပေးနိုင်၏ဟူ၍လည်း မိန့်ဆိုတော်မူကြ၏။

*ဥပတ္ထ မ္ဘက ကံ*

အထောက်အပံ့ပေးတတ်သော ကံသည် ဥပတ္တ မ္ဘကကံ မည်၏။ ဤကံသည် ပဋိသန္ဓေကျိုး (ဘဝသစ်တစ်ခု ဖြစ်ထွန်းမှု)ကို မပေးနိုင်ပေ။ ပဝတ္တိအခါ၌ ကုသိုလ်- အကုသိုလ်ကံတို့ ဖြစ်ပွားစေရန် အထောက်အပံ့ပေးသည်။ ကုသိုလ်- အကုသိုလ် အရာဌာနနှစ်ခုလုံး၌ ဤကံက ထောက်ပံ့ပေးနိုင်သည်။ သတ္တဝါတစ်ဦးသည် ကုသိုလ်ကံများကို ပြုလုပ်ခဲ့သဖြင့် သုဂတိဘဝ၌ ဖြစ်လာရသည် (ဇနကကံ)။ ထိုသူသည် ထိုဘဝ၌ပင် ကုသိုလ်တရားများကို ထပ်ခါ ထပ်ခါ အဖန်တလဲလဲ ပြုလုပ်သည် (ဥပတ္ထ မ္ဘကကံ) ထို့နောက် ပြုကုသိုလ်ကံများက အထောက်အပံ့ပေးကြသဖြင့် သုဂတိဘဝ၌ ချမ်းသာသုခကို နှစ်ပေါင်းများစွာ ခံစားရသည်။ ဤသည်မှာ ကုသိုလ် ဥပတ္ထ မ္ဘကံက အထောက်အပံ့ပေးပုံဖြစ်သည်။

သတ္တဝါတစ်ဦးသည် အကုသိုလ်ကံများကို ပြုလုပ်ခဲ့သည်၊ ထိုအကုသိုလ် ဇနကကံကြောင့် ဒုဂ္ဂတိဘဝ၌ ဖြစ်ရသည်။ ထိုဘဝ၌ အကုသိုလ်များကို အဖန်တလဲလဲပြုလုပ်သည်။ ထိုအကုသိုလ်ကံများက အထောက်အပံ့ပေးကြသဖြင့် နှစ်ပေါင်းများစွာ ဒုဂ္ဂတိဘဝ၌ ဆင်းရဲဒုက္ခခံစားရသည်။ ဤသည်မှာ အကုသိုလ်ဥပတ္ထ မ္ဘကံက အထောက်အပံ့ပေးပုံ ဖြစ်သည်။

ဥပတ္ထ မ္ဘက ကံသည် ကုသိုလ်ပြုသူအား ကုသိုလ်အကျိုး ခံစားရအောင် အကုသိုလ်ပြုသူအား အကုသိုလ်အကျိုး ခံစားရအောင် အဓွန့်ရှည်ကြာ တည်တံ့အောင် ထောက်ပံ့ပေးသည်။

(ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment