*** သမိုင်းကို ထာဝစဉ် လိမ်၍ မရ***
လာဘ်လာဘနှင့် တွေ့သောအခါ ရှောင်နိုင်သူ ရှား၏။ ထို့ကြောင့် အများအကျိုးကို ဦးလည်မသုန် ဆောင်ရွက်ရန် သန္နိဌာန်ချထားသူများသည် လာဘ်လာဘကို ကြီးစွာ သတိထားရ၏။ လာဘ်လာဘသည် အသွင်အမျိုးမျိုးဖြင့် ဝင်လာတတ်၏။ လာဘ်လာဘသည် မိမိထံ ဝင်လာခြင်း၌ အကြောင်းပြချက် အမျိုးမျိုးရှိ၏။ လာဘ်လာဘကား မာရ်နတ်၏ တပ်မှဖြစ်သည်ကို အစဉ်သတိရှိဖို့ လို၏။ အစဉ် သတိမရှိလျင် လာဘ်လာဘ၌ ကျဆုံးဖို့ သေချာ၏။
ထို့ပြင် အများ၏ ရိုသေလေးစားမှု့နှင့် တွေ့ရလျင်လည်း ယင်း၌ သာယာတတ်၏။ မက်မောတတ်၏။ တွယ်တာတတ်၏။ အမှန်အားဖြင့်လည်း အများရိုသေမှု့ကို ခံရသော၊ ခေါင်းဆောင်ဟူသော အဆင့်သည် များစွာပင် မက်မောဖွယ် ဖြစ်ပါ၏။ တကယ်တမ်း မြင့်မြတ်သူများမှတစ်ပါး အခြားသူများသည် အရိုအသေ ခံရမှု၌ နှစ်ခြိုက်တတ်၏။ အကယ်၍ အရိုအသေ ခံရမှု၌ နှစ်ခြိုက်ပါက မာရ်နတ်၏ ပထမ တပ်မ၌ ကျဆုံးသည်ပင် ဖြစ်၏။
ထို့ပြင် ထင်ပေါ်ကျော်ကြားမှုနှင့် တွေ့ရလျင်လည်း ခံနိုင်သူ ရှား၏။ ယင်းသည်လည်း မာရ်နတ်၏ တပ်မပင်ဖြစ်၏။ ထင်ပေါ်ကျော်ကြားမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်မှသာ မိမိတို့၏ မူလ ရည်မှန်းချက်အတိုင်း အများအကျိုးပြုလုပ်ငန်းကို အမှန်အကန် ဆောင်ရွက်နိုင်မည် ဖြစ်၏။ အမှန်အကန် ဆောင်ရွက်ခြင်း ဟူသည်မှာ မိမိတို့၏ လုပ်ငန်းကို မျက်ခြေပြက်မခံခြင်းပင် ဖြစ်၏။ လာဘ်လာဘ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ လာဘ်လာဘကို လှည့်မကြည့်။ အကယ်၍ လှည့်ကြည့်လျင်လည်း အသုံးပြုစရာ ယာဉ်အဖြစ်သာကြည့်၏။ ခရီးဆုံးပန်းတိုင်အဖြစ် မကြည့်။ မိမိတို့၏ လုပ်ငန်း အောင်မြင်ရေးကိုသာ ခရီးဆုံး ပန်းတိုင်အဖြစ် ကြည့်ကြ၏။
ထိုနည်းအတူ အရိုအသေခံရမှုနှင့် ထင်ပေါ်ကျော်ကြားမှုများကို လည်း မိမိတို့၏ လုပ်ငန်း အောင်မြင်ရေးအတွက် အသုံးချ ကိရိယာများ အဖြစ်သာ ကြည့်ကြ၏။ မက်မော တွယ်တာစရာကောင်းသော ပန်းတိုင်များအဖြစ် မကြည့်ကြ။
ထို့သို့ မကြည့်ပါမှလည်း မိမိတို့၏ လုပ်ငန်းကို ရေဆုံးရေဖျားတိုင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်၏။ သို့မဟုတ်ပါက မိမိတို့လုပ်ငန်းသည် လမ်းခုလတ်၌ ခါးပြတ်သွားပေလိမ့်မည်။ ထိုအခါ မိမိတို့သည်လည်း အများအကျိုးကို ဆောင်ရွက်လိုသူများ ဖြစ်လိုကြပါလျက် တကယ်တမ်း မဆောင်ရွက်နိုင်သူများ ဖြစ်သွားကြပေလိမ့်မည်။ ထိုအခါ သမိုင်းက ထိုပုဂ္ဂိုလ်မျိုးကို မြင့်မြတ်သူများအဖြစ် မှတ်တမ်းမတင်ဘဲ လူယုတ်မာများအဖြစ် လည်းကောင်း၊ ဘဝသစ္စာဖောက်သူများအဖြစ် လည်းကောင်း မှတ်တမ်းတင်ပေလိမ့်မည်။ အမှန်အားဖြင့် သမိုင်းကို ထာဝစဉ် လိမ်၍ မရ။ သမိုင်း၌ အဝိဇ္ဇာ လွှမ်းမိုးခိုက်သာ လိမ်၍ရ၏။ သမိုင်း၌ ဝိဇ္ဇာရှိသေး၏။ ဝိဇ္ဇာက အဝိဇ္ဇာကို ပယ်သတ်နိုင်သောနေ့တွင် သမိုင်း၌ " အလိမ်"သည် ပေါ်လေ၏။
( ဦးရွှေအောင်_ ကိုယ်ကျင့်ဗုဒ္ဓဝင်) မှထုတ်နှုပ်ဖော်ပြသည်။

No comments:
Post a Comment