*ဥပပဇ္ဇဝေဒနိယကံ*
သေပြီးသည့်နောက်ဘဝ(ဒုတိယဘဝ)
သတ္တမဇောစေတနာသည် အရေးပါဆုံးဖြစ်သည်။ ထို့ကြောင့် ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စေတနာတို့တွင် ရှေးဦးစွာ အကျိုးပေးနိုင်သည့် အင်အားရှိသည်။ ပဋ္ဌာန်းဒေသနာတွင် အနန္တရကမ္မသတ္တိဟု ခေါ်သည်။
*အပရာပရိယဝေဒနီယကံ*
ဤဘဝမှ စတင် ရေတွက်လျှင် တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးအဆက်ဆက်ကို ပေးတတ်သောကံကို အပရာပရိယဝေဒနီယကံ ဟုခေါ်သည်။ ကုသိုလ် အကုသိုလ်မှုပြုသော စိတ်အစဉ်တွင် ဇော(၇)ကြိမ်ဖြစ်ရာ၌ (ပထမနှင့် သတ္တမဇောမှ တစ်ပါး) အလယ်ဇော(၅)ချက်တို့၌ ရှိသော စေတနာဖြစ်သည်။
ဤစေတနာအားသည် တတိယဘဝမှစ၍ ဘဝမဆုံးမချင်း သံသရာကျင်လည်ရာတွင် အခွင့်သင့်ရာဘဝ၌ အကျိုးပေးနိုင်သည်၊၊ ကုသိုလ် အကုသိုလ်ကံများကို ပြုလုပ်ကြရာတွင် မိမိသတ္တိရှိသမျှ အကျိုးပေးပြီးသည့် အခါမှသာ ကံ၏သတ္တိ ကုန်ဆုံးသွားသည်ဟု ဆိုရသည်၊၊ အကျိုးမပေးရသေးသမျှ ထိုကမ္မသတ္တိမှာ ငုပ်ကွယ်လျက်ရှိနေ၏၊၊
*အဟောသိကံ*
ကုသိုလ် အကုသိုလ်ကံများ အကျိုးပေးရမည့်အချိန်၌ အကြောင်းမပြည့်စုံ၍ အကျိုးမပေးဘဲ အချိန်အခါ လွန်သွားသည်ကိုပင် အဟောသိကံဟု ခေါ်သည်။
ပစ္စုပ္ပန်ဘဝ၌ ဒိဋ္ဌဓမ္မအကျိုးပေးနိုင်သော ကံအများကို အားထုတ်ထားရာတွင် အားကြီး၍ အကြောင်းပြည့်စုံသော ကံတစ်ခုကသာ အကျိုးပေးလျှင် ကြွင်းသောကံများ ဒိဋ္ဌဓမ္မအကျိုးပေးခွင့်မရ၊ အဟောသိကံ ဖြစ်သွား၏၊၊ ဥပပဇ္ဇဝေဒနီယကံအများကို အားထုတ်ထားရာ၌ ကံတစ်ခုခုက ပဋိသန္ဓေအကျိုးကိုပေးလျှင် အခြားကံများက ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပေ၊ ပဝတ္တိကျိုးအနေဖြင့်မှု ပေးနိုင်သေး၏၊၊ ပဝတ္တိကျိုးကိုမျှ မပေးရလျှင် ထိုကံ အဟောသိကံ ဖြစ်သွားသည်၊၊
ဥပမာ ပဉ္စာနန္တိယ ကံငါးပါးလုံးကို ကျုးလွန်သူသည် သတ္တိအထက်ဆုံး အပြစ်အကြီးဆုံးဖြစ်သော သံဃဘေဒကကံကြောင့် နောက်ဘဝ၌ ငရဲကျ၏၊၊ ကြွင်းကံများကား အဟောသိကံများ ဖြစ်သွားကြသည်၊၊ ရူပ အရူပကုသိုလ်ကံဖြစ်သော ဈာန်သမာပတ်(၈)ပါးလုံးကို ရသူ၌လည်း သမာပတ်တစ်ပါးသာ ပဋိသန္ဓေကျိုးပေး၏၊၊ ကြွင်းသမာပတ်ကုသိုလ်ကံများ အဟောသိကံ ဖြစ်သွားကြသည်၊၊
အဂုင်္လိမာလသည် လူသတ်မှု အကုသိုလ်ကံများစွာ ပြုလုပ်ခဲ့သော်လည်း ကုသိုလ်ကံတို့တွင် အင်အားအကြီးဆုံး လောကုတ္တရာကုသိုလ်ကံဖြစ်သော အရဟတ္တမဂ်ဉာဏ်က ကြီးလေးသော အကုသိုလ်သတ္တိမှန်သမျှ အပြီးသတ်ပယ်သတ်လိုက်သဖြင့် အကုသိုလ်များ အကျိုးမပေးနိုင်တော့ဘဲ အဟောသိကံများ ဖြစ်သွားကြလေသည်၊၊
(ဆက်လက်ဖော်ပြပါမည်၊၊)
No comments:
Post a Comment