Thursday, April 7, 2016

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၅)


*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၅)

*ကုသိုလ်ကံနှင့် အကုသိုလ်ကံ*
*ကုသိုလ်ကံ*

ကံသည် ကောင်းကံ ဆိုးကံ_ ကုသိုလ်ကံနှင့် အကုသိုလ်ကံ ဟူ၍ နှစ်မျိုးရှိပါသည်၊၊ ကုသိုလ်ကံသည်_
(၁)ကာမာဝစရကုသိုလ်ကံ
(၂)ရူပါဝစရကုသိုလ်ကံ
(၃)အရူပါဝစရကုသိုလ်ကံ
(၄)လောကုတ္တရာ ကုသိုလ်ကံ ဟူ၍ လေးမျိုးရှိပါသည်၊၊

ကာမာဝစရကုသိုလ်ကံသည် ကာမဘုံတို့၌ အကျိုးပေး၏၊၊

ရူပါဝစရကုသိုလ်ကံသည် ရူပဗြဟ္မာဘုံတို့၌ အကျိုးပေး၏၊၊

အရူပါဝစရကုသိုလ်ကံသည် အရူပဗြဟ္မာဘုံတို့၌ အကျိုးပေး၏၊၊(ဈာန်အင်အားအလိုက် ထိုထို ဗြဟ္မာ့ဘုံ၌ အကျိုးပေး၏၊၊)

လောကုတ္တရာကုသိုလ်ကံသည် လောကုတ္တရာဖိုလ် အကျိုးကိုပေး၏၊၊ ဉာဏ်စွမ်းအရ ခံစားရသော အကျိုးတရားဖြစ်၏၊၊

ကာမာဝစရကုသိုလ်ကံသည် -
ကာယကံ ၃-ပါး၊
ဝစီကံ ၄ပါး၊
မနောကံ ၃ပါး အားဖြင့် (၁၀)ပါး ရှိပါသည်၊၊ထို (၁၀)ပါးကို ကောင်းသောအကျင့်များဖြစ်၍ သုစရိုက်ဟုခေါ်ပါသည်၊၊ ကုသိုလ်ဟူသည် အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းသဘောရှိ၏၊၊ ကောင်းသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ဖြစ်၍ သုစရိုက်တရား ဆယ်ပါးသည် လူ့ပြည်၊ နတ်ပြည်၊ သုဂတိဘဝများသို့ ရောက်စေတတ်သော လမ်းခရီးကောင်း ဖြစ်သောကြောင့် ''ကုသလကမ္မပထတရား_၁၀ ပါး'' ဟုလည်း ခေါ်ပါသည်၊၊

ကုသိုလ်ကံတို့တွင် သမ္မာဒိဋ္ဌိခေါ် အယူမှန်မှု၊ ကံ,ကံ၏အကျိုးကို ယုံကြည်မှု မနောကံသည် အရေးကြီးဆုံး အခြေခံကံ ဖြစ်သည်၊၊

*အကုသိုလ်ကံ*

အကုသိုလ်ကံသည်လည်း-
ကာယကံ ၃-ပါး၊
ဝစီကံ ၄-ပါး
မနောကံ ၃-ပါး အားဖြင့် ၁၀ပါး ရှိပါသည်၊၊ အကုသိုလ်ဟူသည် အပြစ်ရှိခြင်း၊ မကောင်းသော အကျိုးကို ပေးခြင်းသဘော ရှိ၏၊၊ မကောင်းသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ဖြစ်၍ ဒုစရိုက်တရားများဟုလည်း ခေါ်ဆိုကြသည်၊၊ ထိုဒုစရိုက်တရား ဆယ်ပါးတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပယ်လေးပါးသို့ ရောက်စေတတ်သော လမ်းခရီးဖြစ်သောကြောင့် ''အကုသလကမ္မပထ တရား ၁၀- ပါး'' ဟုလည်း ခေါ်ပါသည်၊၊

အကုသလကမ္မပထတရား ၁၀-ပါးတို့တွင်
(၁)ပါဏာတိပါတ
(၂)ဖရုသဝါစာ
(၃)ဗျာပါဒ ဤသုံးပါးသည် ဒေါသကြောင့်ဖြစ်ကြသည်၊၊
(၄)ကာမေသုမိစ္ဆာစာရ
(၅)အဘိဇ္ဈာ
(၆)မိစ္ဆာဒိဋ္ဌိ ဤသုံးပါးတို့သည် လောဘကြောင့်ဖြစ်ကြသည်၊
(၇)အဒိန္နာဒါန
(၈)မုသာဝါဒ
(၉)ပိသုဏဝါစာ
(၁၀)သမ္ဖပ္ပလာပ ဤလေးပါးတို့သည် လောဘ ဒေါသ နှစ်ပါးကြောင့် ဖြစ်ကြရသည်၊၊

အကုသိုလ်ကံတို့တွင် မိစ္ဆာဒိဋ္ဌိခေါ် အယူလွဲမှားမှု၊ ကံ,ကံ၏အကျိုးကို မသိမြင် မယုံကြည်မှုသည် အပြစ်အကြီးဆုံးကံ ဖြစ်သည်၊၊ အကုသိုလ်ကံသည် ကုသိုလ်ကံလောက် အင်အားကြီးမားမှု မရှိပေ၊၊ ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်ပွားရေးအတွက် ကမ္မဿကတာဉာဏ်သည် အခြေခံကျသည်၊၊ (ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ မိမိပြုလုပ်သော ကံမှတပါး လောကကြီးအား စီမံဖန်တီးသူ မရှိဟူသောဉာဏ်သည် ကမ္မဿကတာဉာဏ် ဖြစ်ပါသည်၊၊)

ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အစွမ်းသတ္တိကြောင့် သတ္တဝါအပေါင်းတို့သည် အသက်တို, ရှည်ကွာခြားမှု၊ အဆင်းလှ ,မလှ ကွာခြားမှု၊ ပစ္စည်းဥစ္စာ ပြည့်စုံမှု, မပြည့်စုံမှု၊ ဘဝသမ္ပတ္တိပြည့်စုံမှု, မပြည့်စုံမှု စသည်တို့ ဖြစ်ပေါ်ကြရသည်၊၊ သို့ဖြစ်၍ ကုသိုလ်ကံများ ဖြစ်ပွားစေရန် ကြိုးစားကြရသည်၊၊

အထက်ပါ ကုသလကမ္မပထတရားဆယ်ပါး၊ အကုသလကမ္မပထတရားဆယ်ပါး တို့တွင် တပါးပါးကို ပြုလုပ်ရာ၌-
(၁)ကိုယ်တိုင် ပြုလုပ်ခြင်း၊
(၂)သူတပါးကို ပြုလုပ်ရန် တိုက်တွန်း ခိုင်းစေခြင်း၊
(၃)ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ပြောပြ၍ ချီးမွန်းအားပေးခြင်း၊
(၄)သူတပါးတို့ ပြုလုပ်နေသည်ကို ဝမ်းမြှောက်ဝမ်းသာ ကျေနပ်သဘောကျခြင်း၊ သဘောတူခြင်း_

ဤလေးမျိုးဖြင့် မြှောက်ပွားလိုက်လျှင် သုစရိုက်တရား အပါးလေးဆယ်၊ ထို့အတူ ဒုစရိုက်တရားလည်း အပါးလေးဆယ် ဖြစ်ပေါ်လာသည်၊၊ ကောင်းကျိုး ဆိုးပြစ်များကို အတူတူပင်ခံစံကြရသည်၊၊

ဒါကတော့ ဆောင်ပုဒ်ကလေးပါ-
ကိုယ်တိုင်,တိုက်တွန်း၊ ချီးမွမ်း,စိတ်တူ၊
မြှောက်ပွားမှု၊ မှတ်ယူ လေးဆယ်ကံ၊၊
ကြံရာပါလူ၊ လေးဦးတူ၊ မျှယူ ခွဲဝေခံ၊၊

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment