**မာရ်နတ်၏ ပါရမီရှင် ဟုတ် မဟုတ် စမ်းသပ်ခြင်း**
အမျိုးသားရေးအတွက် တကယ်တမ်း ကိုယ်ကျိုးကို စွန့်ပြီး အနစ်နာခံဆောင်ရွက်သူသည် ပါရမီရှင် ဟုတ် မဟုတ် စမ်းသပ်ရန် မာရ်နတ်၌ တာဝန်ရှိ၏၊၊
ပါရမီရှင် မဟုတ်လျှင် ကိစ္စမရှိ၊၊ ပါရမီရှင် ဟုတ်ပါက တားဆီးရန် မာရ်နတ်၌ တာဝန်ရှိ၏၊၊ မာရ်နတ်၏ တာဝန်ကား လောကုတ္တရာသို့ ဦးတည်သော ဆောင်ရွက်ချက် ဟူသမျှကို ဖျက်ဆီးရန် ဖြစ်၏၊၊ ထို့ကြောင့် မာရ်နတ်က သူ၏ လက်နက်များဖြင့် စမ်းသပ်လိုက်ခြင်း ဖြစ်၏၊၊ သူ၏ လက်နက်များ ဟူသည်မှာ ကာမဂုဏ်များပင် ဖြစ်၏၊၊ ကာမဂုဏ်များတွင် ပစ္စည်းဥစ္စာရရှိမှု, အရိုအသေခ ခံရမှုနှင် ထင်ပေါ်ကျော်ကြားမှုတို့သည် အထင်ရှားဆုံး ဖြစ်ကြ၏၊၊ ယင်းကို မာရ်နတ်၏ ``ပထမ တပ်မ´´ ဟူ၍ ကျမ်းဂန်များ၌ ဆို၏၊၊ ပထမတပ်မတွင် မက်မောစရာ များသာမက ကြောက်စရာများလည်း ပါ၏၊၊
မြင့်မြတ်သူများအနေဖြင့် မာရ်နတ်၏ ပထမဆုံးတပ်မနှင့် တွေ့ဆုံသောအခါ အရေးကြီးဆုံးလုပ်ငန်းမှာ ထိုတပ်မ၌ မိမိတို့ ကျဆုံးမသွားရအောင် ပြန်လည်တွန်းလှန်ဖို့ ဖြစ်၏၊၊ ပြန်လည် တွန်းလှန်ရာတွင် မိမိ၏ အမျိုးသားရေးလုပ်ငန်း မပျက်ပြားသွားရလေအောင် ခိုင်မာသော ဆုံးဖြတ်ချက် ပြိုကွဲမသွားဖို့ လို၏၊၊ ခိုင်မာသော ဆုံးဖြတ်ချက် ပြိုကွဲမသွားပါမှ ကာမဂုဏ်များ၏ ဆွဲဆောင်မှုကို တွန်းလှန်နိုင်သော ခန္တီက လာနိုင်၏၊၊ ခန္တီလာပါမှ မိမိ၏ မူလ ရည်မှန်းချက်အတိုင်း မကွေ့မကောက်ဘဲ ဖြောင့်ဖြောင့်မတ်မတ် သွားနိုင်မှု ဥပေက္ခာက လာနိုင်၏၊၊ ထိုအခါမှသာ ကာမဂုဏ်တို့၌ မမက်မောခြင်း- နေက္ခမ္မက လာပေလိမ့်မည်၊၊ နေက္ခမ္မလာလျင် မက်မောစရာများနှင့် တွေ့ကြုံသောအခါ ဓမ္မတာအရ မက်မောသော်လည်း ယင်းတို့၌ မက်မောတွယ်တာကာ ရပ်တန့်မနေဘဲ မိမိ၏ လုပ်ငန်းကို ပန်းတိုင်ရောက်သည်အထိ ဆောင်ရွက်နိုင်ပေမည်၊၊
ကြောက်မက်ဖွယ်ရာ အန္တရာယ်များနှင့် တွေ့ကြုံရသောအခါ ဓမ္မတာအရ ကြောက်သော်လည်း ရည်မှန်းချက် ခိုင်မာမှုကြောင့် ကြောက်မနေအားဘဲ မိမိ၏ လုပ်ငန်းကိုသာ ပြီးဆုံးသညိတိုင်အောင် ဆောင်ရွက်နိုင်ပေမည်၊၊ ဤသို့ ဆောင်ရွက်နိုင်ပါမှလည်း မာရ်နတ်၏ စမ်းသပ်ချက်ကို အောင်မြင်စွာ ကျော်လွန်နိုင်သော မြင့်မြတ်သူ စစ်စစ်ဖြစ်မည် ဖြစ်၏၊၊ မြင့်မြတ်သူစစ်စစ် ဖြစ်ပါမှလည်း အမျိုးသားရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်၏၊၊ အမျိုးသားရေးကို သစ္စာမဖောက်သူ ဖြစ်မည် ဖြစ်၏၊၊
လောကဓမ္မတာအားဖြင့်လည်း မည်သည့်လုပ်ငန်းဖြစ်စေ လုပ်ငန်းတစ်ခုအတွက် ဆောင်ရွက်ရန် တာဝန်ပေးရာ၌ အရည်အချင်းစစ် စာမေးပွဲသည် ရှိမြဲဖြစ်၏၊၊ စာမေးပွဲဖြင့် စစ်ဆေးခြင်းကို အောင်မြင်ပါမှသာ ဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်ရန် တာဝန်ပေးခြင်းကို ထိုက်ထိုက်တန်တန် ခံရမည် ဖြစ်၏၊၊ အမျိုးသားရေးအတွက် တကယ်တမ်း သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူများကိုလည်း မာရ်နတ်က စာမေးပွဲ စစ်သည်ပင်ဖြစ်၏၊၊ မာရ်နတ်က စစ်သောစာမေးပွဲမှာ ကာမဂုဏ် စာမေးပွဲဖြစ်၏၊၊ ထိုစာမေးပွဲ အောင်မြင်သူများမှာ မိမိတို့၏ ဆုံးဖြတ်ချက်ကို အဓိဌာန်ပါရမီ မြောက်အောင် ခိုင်ခိုင်မာမာ ထားနိုင်သူများ ဖြစ်ကြ၏၊၊အမှန်အားဖြင့် မိမိတို့၏ ဆုံးဖြတ်ချက်ကို အဓိဌာန်ပါရမီမြောက်အောင်သာ ခိုင်ခိုင်မာမာ ထားနိုင်ပါလျင် ကျန်ပါရမီများသည် သူ့လုပ်ငန်းနှင့်သူ ချောမော အောင်မြင် သွားကြမည် ဖြစ်၏၊၊
ထို့ကြောင့် အဓိဌာန် ပါရမီသည် အများအကျိုးပြုလုပ်ငန်း၌ အခြေခံအနေဖြင့် အရေးကြီး၏၊၊ အကယ်၍ အဓိဌာန်သာ အင်အားပြည့်ပါက လိုအင်သောအကျိုးကို တောင့်တ၍ ရ၏၊၊ သစ္စာစွမ်းသကဲ့သို့ အဓိဌာန်လည်း စွမ်းလေ၏၊၊
ဦးရွှေအောင်-ု လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်

No comments:
Post a Comment