*အကျိုးပေးချိန် (ပါကကာလ) အရ ကံလေးမျိုး*
အကျိုးပေးချိန်ကို လိုက်၍ ကံတရားသည် လေးမျိုးကွဲပြားသည်။ ၎င်းတို့မှာ ...
(၁) ဒိဋ္ဌဓမ္မဝေဒနီယကံ၊
(၂) ဥပပဇ္ဇေဝေဒနီယကံ၊
(၃) အပရာပရိယဝေဒနီယကံ၊
(၄) အဟောသိကံ တို့ဖြစ်ကြသည်။
*ဒိဋ္ဌဓမ္မဝေဒနီယကံ*
ယခုဘဝ၌ပင် ချက်ချင်း အကျိုးပေးသောကံကို ဒိဋ္ဌဓမ္မဝေဒနီယကံဟု ခေါ်၏။
ဒိဋ္ဌဓမ္မဝေဒနီယကံ ဟူသည် ကုသိုလ်, အကုသိုလ်မှုကို ပြုသည့်အခါ ကုသိုလ် အကုသိုလ်ဇော ၇- ကြိမ်ဖြစ်သည့်အနက် ပဌမဇောစေတနာပင် ဖြစ်သည်။ ထိုပဌမဇောစေတနာကြောင့် ယခုဘဝ၌ပင် အကျိုးပေးလာရသည်။ ၇-ရက်အတွင်း အကျိုးပေးလျှင် ပရိပက္က(ရင့်ကျက်သော) ဒိဋ္ဌဓမ္မဝေဒနီယကံမည်၏။
ပထမဇောစေတနာသည် မိမိရှေ့၌ ဇောစိတ်များမရှိ၊ မိမိသာလျှင် ပထမဆုံးဖြစ်၍ ရှေ့သွားထောက်ပံ့မှုမရသဖြင့်
(၁) အနာဂါမ် (သို့မဟုတ်) ရဟန္တာအလှူခံ ပုဂ္ဂိုလ်တို့ကို
ပေးလှူရခြင်း၊
(၂) အလှူရှင်ကလည်း စေတနာသုံးတန်
ထက်သန်အားရှိရခြင်း၊
(၃) လှူဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာဖွေရရှိသော
ဝတ္ထုပစ္စည်း ဖြစ်ရခြင်း၊
(၄) အနာဂါမ်ရဟန္တာ အလှူခံပုဂ္ဂိုလ်မြတ်သည်လည်း
ထိုအလှူခံချိန်တွင် နိရောဓသမာပတ်မှ
ထပြီးခါစဖြစ်ရခြင်း။
ဤအင်္ဂါလေးချက်နှင့် ညီညွတ်သော ကုသိုလ်သည် ချက်ချင်းအကျိုးပေးသည်။ ကုသိုလ်အရာတွင် မဟာဒုတ်ဆင်းရဲသား ကဿပဘုရားရှင်အား ဆွမ်းကပ်လှူရခြင်းကြောင့် ချက်ချင်းပင် သူဌေးဖြစ်သွားသည်။
အကုသိုလ်အရာတွင်လည်း နန္ဒနွားသတ်သမားသည် ထမင်းဝိုင်းတွင် ဟင်းမပါ၍ နွားအရှင်လတ်လတ်၏ လျှာကို လှီးဖြတ်ကင်စားခိုက်မှာပင် လျှာပြတ်ကျ၍ အဝီစိသို့ ရောက်ရသည်။ စိဉ္စမာဏဝိကာမိန်းမယုတ်သည် မြတ်စွာဘုရားအား မတရားစွပ်စွဲ၍ အဝီစိသို့ ရောက်ရသည်။
(ဆက်လက်ဖော်ပြပါမည်။)
No comments:
Post a Comment