Thursday, April 7, 2016

သမ္မာဒိဋ္ဌိ

*** သမ္မာဒိဋ္ဌိ ***

သမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့ အမြင်ကလေးရဖို့ရန် ပရတောဃောသ _ ပရတော၊ တကယ့်ပညာရှိ သူတော်ကောင်းလို့ဆိုတဲ့ သူတစ်ပါးထံမှ၊၊ ဃောသ၊ မှန်ကန်စွာ ဟောပြတဲ့တရားသံ၊၊ အဲ့ဒါ နာခံမှုရှိရမယ်၊၊ ဒါကြောင့်မို့ တရားနာတာဟာ သမ္မာဒိဋ္ဌိဉာဏ်ရဖို့ အကြောင်းတစ်ခုဘဲ၊၊ သို့သော်လည်း ဒါကအကြောင်း တစ်ခုလေးတင်ဆိုတော့ တရားနာရုံနဲ့ ရသလားဆိုတော့ မရသေးဘူး၊၊

ဘာလိုသေးလဲဆိုရင် ပုဂ္ဂိုလ်ရဲ့အတွင်းသန္တာန်မှာရှိတဲ့ မှန်မှန်ကန်ကန် နှလုံးသွင်းတတ်ဖို့၊ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ လိုသေးတယ်၊၊ တရားတော့နာပါရဲ့၊ မှန်မှန်ကန်ကန် မစဉ်းစားတတ်ဘူး၊၊ တလွဲတွေးရင် သမ္မာဒိဋ္ဌိ မဖြစ်ဘူး၊၊ အဲဒီတော့ ယောနိသောမနသိကာရ ဆိုတာ သိပ်အရေးကြီးတယ်၊၊

သဘောပေါက်ရုံ ပြောရမယ်ဆိုရင် ယောနိသောမနသိကာရ ဆိုတာ ကောင်းတဲ့တရားတွေ ဖြစိပေါ်လာအောင် စဉ်းစားတဲ့ စဉ်စားနည်းမျိုး ဆိုပါစို့၊၊လောကမှာ အချင်းချင်း အတူတကွ နေကြတဲ့အခါ တခါတရံ အစဉ်မပြေမှုတွေ ဖြစ်လာမယ် ဆိုလို့ရှိရန် ဘာကနေပေါက်ဖွားလာတာတုံးဆို အတွေးလွဲတာကနေ ပေါက်ဖွားလာတာအတွေးနှစ်မျိုးရှိတယ်၊၊
ဒီလူက တော်တော်ဆိုးတာဘဲ၊၊ ငါ့အပေါ်ဘယ်လိုမကောင်းတာဘဲ၊၊ အပြစ်တွေချည်း လျောက်တွေးနေမယ် ဆိုရင် ဒေါသတွေပိုဖြစ်လာပြီး အဲ့ဒီလို စဉ်းစားမှုမျိုးကို အဃောနိသောမနသိကာရ လို့ခေါ်တယ်၊၊

နောက်တမျိုးတွေးကြည့်၊၊ သူအထင်မှားတာ နေမှာပါ၊၊ ငါ့အပေါ်ကောင်းသားဘဲ ဘယ်တုန်းက ဘယ်လိုဆိုတဲ့ သူ့ရဲ့ကောင်းကွက်လေးကိုရှာလိုက်တာက ယောနိသောမနသိကာရ လို့ပြောတာ၊၊ ကောင်းကွက်ကို မရှာနိုင်ရင် မေတ္တာမပွားနိုင်ဘူး၊၊

မြတ်စွာဘုရားက ရှည်ရှည်ဝေးဝေး မစဉ်းစားခိုင်းပါဘူး၊၊ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်နိုင်တာအကြောင်းတရားတဲ့၊၊ အဲဒီတော့ သမ္မာဒိဋ္ဌိ ဖြစ်ဖို့ရန်အတွက် ပရတောဃောသ- တရားဓမ္မနဲ့ ကောင်းတဲ့အကြံဉာဏ်တွေ အစထားမှန်ကန်တဲ့ သဘာဝတရားတွေကို ဟောပြောတာကို နာယူခြင်း၊ ယောနိသောမနသိကာရ- မိမိကိုယ်က စဉ်းစားတတ်ခြင်း ဆိုတဲ့ ဒီအကြောင်း ၂ချက် ရှိလို့ရှိရင် မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ ဖြစ်လာမယ်၊၊

ကဲဒီမှာ ဆန့်ကျင်ဘက်ကို ကြည့်ပါ၊၊ မိစ္ဆာဒိဋ္ဌိ- မှားယွင်းတဲ့ အယူတစ်ခု ဖြစ်ပေါ်ဖို့ရာမှာလည်း အကြောင်းတရားရှိတယ်၊၊ ဘာလဲလို့ဆိုရင် ပရတောဃောသ- မဟုတ်မဟပ်လုပ်ဇာတ် (philosophy)တွေ နားထောင်တယ်၊ မှန်မှန်ကန်ကန် မဟုတ်ဘဲ တလွဲတချော် အတွေးအခေါ်တွေ ရေးထားတဲ့ စာအုပ်တွေ ဖတ်တယ်၊ ဘုရားဟောနဲ့ ဆန့်ကျင်တဲ့ စာအုပ်တွေ ဖတ်တယ်၊၊ မှန်ကန်တဲ့ အကြောင်းအရာတွေနဲ့ လွဲချော်တဲ့ စာအုပ်တွေ ဖတ်တယ်၊၊ မှားယွင်းတဲ့ တရားဓမ္မတွေ နာယူတယ်၊၊ ဒါဟာ ပရတောဃောသဘဲ၊၊

ပြီးတော့ ယောနိသောမနသိကာရ အသိဉာဏ်နဲ့ မတွေးတော့ဘူး၊၊ မှန်ကန်စွာ မတွေးတတ်တော့ဘူး၊၊ မစဉ်းစားတတ်ဘူး၊၊ ဒီလိုဆို မိစ္ဆာအယူဝါဒတွေ ပေါ်လာတတ်တယ်၊၊ မပြည့်စုံရင် အဲ့ဒီအတိုင်းဘဲ၊၊ လောကမှာ မိစ္ဆာအယူဝါဒဆိုသည်မှာ အားလုံးက်ုခြုံပြီးတော့ မြင်တဲ့အမြင် မဟုတ်ဘူး၊၊ တစ်ပိုင်းတစ်စ မြင်တဲ့အမြင်မျိုးဟာ မိစ္ဆာဒိဋ္ဌိကို ဖြစ်စေတတ်တယ်၊၊

ဒါကြောင့်မြတ်စွာဘုရားက ကိုယ့်အမြင်လေးကို ဆုပ်ကိုင်ထားတာမျိုး မလုပ်နဲ့၊ စွန့်လွှတ်ဖို့ ခဲယဉ်းလောက်အောင် ဆုပ်ကိုင်းထားမှု မဖြစ်စေနဲ့၊၊ ဘက်စုံ ကြည့်တတ်ရမယ်၊၊ ဒီဘက်ကြည့်ပြီးရင် ဒါဟုတ်လှပြီလို့ မပြောနဲ့၊၊ ဟိုဘက်ကိုလည်း ကြည့်လိုက်ဦး၊၊ ဘက်စုံကြည့်ရမယ်၊၊

ငယ်ငယ်တုန်းက အင်္ဂလိပ်လိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ဖူးတယ်၊၊ ဘက်စုံမကြည့်ရင် အမှန်မသိတဲ့ အကြောင်းလေး၊၊ ပြသနာတိုင်းမှာ (၂)ဘက်ရှိတယ်တဲ့၊၊ အင်မတန်စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ခုပေါ့၊၊

တခါတုန်းက တောင်းကုန်းလေး တစ်ခုပေါ်မှာ စားသောက်ဆိုင်လေးတစ်ခု ဖွင့်ထားတယ်၊၊ အဲဒီဆိုင်လေးမှာ တောင်ကလာတဲ့သူဖြစ်ဖြစ် မြောက်ကလာတဲ့သူဖြစ်ဖြစ် ဝင်ပြီးနားကြတယ်၊၊ လမ်းမကြီးက တောင်မြောက် ဖောက်ထားတယ်၊၊ အဲဒီတုန်းက မြင်းစီးပြီး ဓားလွယ်,လွယ်တဲ့ခောတ်၊၊ မြောက်ဘက်ကလူတစ်ယောက် တောင်ဘက်က လူတစ်ယောက်မြင်းစီး ပြီးလာတယ်၊၊ တောင်ကုန်းပေါ်အတတ်လေးမှာ နှစ်ယောက်သား မြင်းပေါ်ကခုန်ဆင်းလိုက်ကြတယ်၊၊ စားသောက်ဆိုင်လေးမှာ နားကြမယ်ပေါ့၊၊

အဲဒီမှာ မြောက်ဘက်ကလာတဲ့သူကအပေါ်မော့ကြည့်တော့ ရွှေခြင်္သေ့ရုပ်လေးကို တွေ့တယ်၊၊ သူက ရွှေခြင်္သေ့ စားသောက်ဆိုင်လို့ ပြောလိုက်တယ်၊၊ တောင်ဘက်က လာတဲ့သူကအပေါ်ကိုမော့ကြည့်လိုက်တယ်၊၊.မော့ကြည့်ပြီး မိတ်ဆွေ ခင်ဗျားမှားနေပြီ ငွေခြင်္သေ့စားသောက်ဆိုင်ပါ လို့ပြောတယ်၊၊ ဒီတော့ မြောက်ကလာတဲ့သူက ခင်ဗျားက ကျုပ်ကို ရွှေနဲ့ငွေ မကွဲဘူးလို့ ပြောချင်တာလားဆိုပြီး ဓားဆွဲထုတ်တယ်၊၊ ပြီးတော့ ဓားချင်းယှဉ်ခုတ်ကြတယ်၊၊ အဲချိန်မှာ ရပ်လိုက်ဆိုတဲ့ စကားသံနဲ့အတူ နတ်သမီးတပါး ပေါ်လာတယ်၊၊ ရှင်တို့ ဘာလုပ်နေကြတာလဲလို့ မေးတော့ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတာလို့ ပြောလိုက်တယ်၊၊ တကယ်တော့ သူတို့အမှန်တရားကို ပြည့်ပြည့်စုံစုံ မြင်ကြတာမဟုတ်ဘူး၊၊ ကိုယ်မြင်တာအမှန်လုပ်ပြီ တိုကိပွဲဝင်နေကြတာနော်၊၊

ဒီတော့ တောင်ဘက်ကလူကြီးမင်းက မြောက်ဘက်သွားပြီး ကြည့်ပါ၊၊ မြောက်ဘက်က လူကြီးမင်းက တောင်ဘက်သွားပြီးကြည့်ပါလို့ ပြောလိုက်တယ်၊၊ ရွှေတစ်ဖက် ငွေတစ်ဖက်လုပ်ထားတာကိုး၊၊ နှစ်ယောက်စလုံးမှန်တယ်၊၊ နှစ်ယောက်စလုံးမှားတယ်၊၊ ဆိုလိုတာက တစ်ဖက်ဘဲသိတယ်၊၊ အကုန်လုံးမသိဘူး၊၊ ဒီပုံပြင်လေးက တရားဓမ္မနဲ့ ပက်သက်ပြီးတော့ အလွန်မှတ်သားစရာ ကောင်းတယ်၊၊ တစ်ပိုင်းတစ်စ အမြင်လေးနဲ့ ပြည့်စုံတယ်မထင်နဲ့၊၊

မြတ်စွာဘုရားက နာနာတိတ္ထိယသုတ်မှာ ဟောတယ်၊၊ ``ဝိဂ္ဂယှ နံ ဝိဝဒန္တိ၊ ဇနာ ဧကင်္ဂဒဿိနော´´ အေး....လူတွေက တစ်ပိုင်းတစ်စကိုသာသိပြီး ဆုပ်ကိုင်ထားပြီး အငြင်းပွားနေကြတယ်၊၊ အကုန်သိအောင်လုပ်ရမယ်၊၊ အကုန်သိရင် အငြင်းပွားစရာ မရှိတော့ဘူးလေ၊၊ ဒီသုတ်ထဲမှာ မျက်မမြင်သူကန်း ဆင်စမ်းပြီး ဆင်သရုပ်ဖော်ခြင်း ဆိုတဲ့ ပုံဝတ္ထုလေး ပါတာကိုတွေ့ရတယ်၊၊

အဲဒီဇာတ်လမ်းက ဘုရားဟောတဲ့ သုတ္တန်မှာ ဘယ်လိုပြထားသလဲဆိုရင်-သာဝတ္ထိပြည်က ဘုရင်ကြီးက တစ်ခါတလေ အပျင်းဖြေတဲ့သဘောပေါ့၊၊ ရယ်စရာလုပ်တယ်၊၊ ဘာလုပ်တုန်းဆိုတော့ သာဝတ္ထိပြည်မှာရှိတဲ့ မျက်စိနှစ်ကွင်း အလင်းမရသူ အားလုံးကို နန်းရင်ပြင်ကို ဆင့်ခေါ်တယ်၊၊ မမြင်တဲ့သူတွေအများကြီးရောက်လာကြတယ်၊၊ ရောက်လာတဲ့ အခါ ၉စု ခွဲလိုက်တယ်၊၊ ခွဲပြီးတဲ့အခါဘုရင်ကြီးက ဝန်ထမ်းတွေကို အမိန့်ပေးတယ်၊၊ အဲ့ဒီ ၉စုကို တစိစုစီခွဲပြီး တစ်မျိုးစီ ဆင်ကိုပြစေတယ်၊၊ ဆင်ဆိုတာဘယ်လိုလဲ၊၊

တချို့က အမြီးကို ကိုင်စမ်းပြတယ်၊၊ တချို့က နှာမောင်းကိုပြတယ်၊၊ တချို့က အစွယ်ကိုပြတယ်၊၊ တချို့ကို ကိုယ်လုံးပြတယ် အဲ့လိုခွဲခြားပြီးပြတယ်၊၊ အုပ်စုလိုက်ပြပြီးတဲ့ အခါကျတော့ ဘုရင်ကြီးရှေ့တော်သွင်းတယ်၊၊ ဘုရင်ကြီးက မေးတယ်၊၊မောင်ကန်းတို့ မင်းတို့ဆင်မြင်ကြပြီလား၊၊ ဘုန်းတော်ကြောင့် မြင်ရပါပြီတဲ့၊၊

ကဲ.... နံပါတ်တစ်အုပ်စုက ဆင်ဆိုတာ ဘယ်လိုဟာလည်း ပြောပြစမ်းလို့ ဘုရင်ကြီးကမေးတယ်၊၊ သူတို့ကိုပြထားတဲ့အတိုင်း သူတို့ပြောတာပေါ့၊၊ ဆင့်ကိုယ်စမ်းထားတဲ့လူစုက ဆင်ဆိုတာ အုတ်နံရံကြီးလိုဘဲတဲ့၊၊ ကျန်တဲ့သူတွေကလည်း ဟိုကြည့် သည်ကြည့်ပေါ့၊၊ မြင်တော့မမြင်ရဘူးပေါ့၊၊ အံ့သြတယ်၊၊ ငါတို့တွေ့တာ အုတ်နံရံကြီးလို မဟုတ်ပါဘူး၊၊ တုတ်ချောင်းကြီးလိုပါ၊၊ ဘာလို့လဲဆိုတော့ အစွယ်ပြထားတာကိုး၊၊ မြီးဆံပြထားတဲ့သူက တံမျက်စည်းလိုဟာကြီးပါ၊၊ ခြေထောက်ပြထားခြင်းခံရတဲ့ လူကလည်း ဆင်ဆိုတာ တိုင်လိုကြီးပါတဲ့၊၊

သူတို့အချင်းချင်း တစ်စုနဲ့တစ်စု မကျေမနပ် ဖြစ်နေကြတယ်၊၊ နားရွက်စမ်းတဲ့ကောင်က ဆင်ဆိုတာပြားချပ်ကြီး ယပ်တောင်ကြီးလိုဘဲ ပြောရင်းပြောရင်း အုပ်စုချင်း ငြင်းခုံကြ၊ ရန်ဖြစ်ပြီး ထသတ်ကြတယ်၊၊ အဲ့ဒီအခါ ဘုရင်ကြီးက သဘောကျလွန်းလို့ ဟားတိုက်ပြီးရယ်သတဲ့၊၊ အတော်ကမြင်းတဲ့ ဘုရင်ပေါ့နော်၊၊

အဲ့ဒီမှာ မြတ်စွာဘုရားက မျက်မမြင်သူကန်းတွေဟာ ကိုယ်မြင်တဲ့ အပိုင်းလေးကို ဟုတ်လှပြီဆိုပြီး အခုလိုအငြင်းပွားနေကြတာပါတဲ့၊၊ အားလုံးပေါင်းလိုက်ရင် ဆင်ဆိုတာ ဒါတွေအားလုံးရှိတယ်ဆိုတာ သူတို့လက်ခံမယ် ဆိုလို့ရှိရင် သူ့ဟာ ငါ့ဟာ အားလုံးကို လက်ခံလိုက်ရင် ဆင်သရုပ်ပေါ်မှာပါတဲ့၊၊

မြတ်စွာဘုရားကလည်း မိစ္ဆာဝါဒဟာလည်း ဒီအတိုင်းဘဲ ခြုံငုံမကြည့်ဘူး၊၊ စုံအောင်မကြည့်ဘူး၊၊ တစ်ဖက်မြင်လေးနဲ့ အငြင်းပွားနေကြတယ် လို့ဆိုလိုတယ်၊၊ အေးဒါကြောင့်မို့ လောကမှာ မိစ္ဆာဝါဒဆိုတာ ခြုံငုံသုံးသပ်ခြင်းမရှိလို့ မှားယွင်းတဲ့ အယူဝါဒမျိုးဖြစ်တယ်၊၊ တစ်ဖက်မြင်ကိုဘဲ အစွဲအလမ်းကြီးပြီး ကိုယ့်ဘာသာကိုယ် ``ဣဒမေဝ သစ္စံ၊ မောဃမညံ´´ ငါ့ဟာသာအမှန် ၊ တခြားဟာအလကား ဆိုတဲ့ ဆိုလိုချက်တွေနဲ့ ကိုယ့် philosophy ကိုသာအဟုတ်ထင်၊ သူများ philosophy ကိုတော့ပယ်ချတယ်၊၊ ဒီလိုနဲ့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတယ်၊၊

အမှန်တရားဆိုတာ တစ်ခုထဲရှိတယ်၊၊ အဲ့ဒီ အမှန်တရားနဲ့ ပက်သက်ပြီး သိလာလို့ရှိရင် ဘာမှအငြင်းပွားစရာမရှိဘူး၊၊ အားလုံးတူတူဘဲ၊၊ အေး မိစ္ဆာအယူဝါဒတွေ ထွန်းကားလာရတာတွေကျတော့ အယောနိသောမနသိကာရ- မသင့်မတင့် နှလုံးသွင်းလို့၊ မမှန်မကန်စဉ်းစားလို့ ဖြစ်တာပါ၊၊

မှန်ကန်သောနိဗ္ဗာန်လမ်းကြောင်းကို ရောက်ဖို့ရာ ပညတ်တွေကိုဖယ်ပြီး အတွင်းပရမတ်ထိ မြင်အောင်ကြည့်တတ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ ရှိဖို့လိုပါတယ်၊၊ ဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့ မှန်ကန်တဲ့အမြင်ရဲ့ စင်ကြယ်မှုရှိဖို့ လိုအပ်ပါတယ်၊၊
{ဘဒ္ဒန္တနန္ဒမာလာဘိဝံသ}အပြည်ပြည်ဆိုင်ရထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါချုပ်ဆရာတော် တရားမှ ထုတ်နုတ်ဖော်ပြသည်၊

No comments:

Post a Comment