Thursday, April 7, 2016

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၁)


*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၁)*

*အာသန္နကံ*

သေခါနီးကာလ၌ အောက်မေ့ဖွယ်ပြုအပ်သော ကံသည် အာသန္နကံဖြစ်သည်။ အချို့သော ကုသိုလ် အကုသိုလ်ကံတို့ကို မသေမီ အချိန်တော်တော်ဝေးဝေး ကာလက ပြုခဲ့ပြီးနောက် သတိမရဘဲ နေခဲ့ပြီး သေခါနီးမှ ထိုကံများကို ပြန်လည်သတိရလာတတ်၏။ ထိုကံသည် ခပ်စောစောက ပြုသောကံ ဖြစ်စေကာမူ သေခါနီး၌ သတိရအောက်မေ့ ဖြစ်ပေါ်လာသော ကံဖြစ်၍ အာသန္နကံမည်၏။

သေခါနီးကာလ၌ ပြုကြသော တရားနာခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းခြင်းစသော ကုသိုလ်ကံ၊ ရိုက်ပုတ်သတ်ဖြတ်ခြင်းစသော အကုသိုလ်ကံများသည်လည်း အာသန္နကံများ ဖြစ်ကြသည်။

သေခါနီးတွင် ပြူလုပ်သော ကုသိုလ် အကုသိုလ် ကံများအားလုံးသည် အာသန္နကံများ.ဖြစ်ကြသည်။

ဒါကတော့ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏ တရားတော်ပါ။

(မြတ်စွာဘုရားက ''ကမ္မံ ခေတ္တံ'' တဲ့။ နောင်ဘဝသွားဖို့အတွက် ကံသာလျှင် စိုက်ပျိုးရာမြေလွှာပါဘဲ။ အဲဒီကံမှာသာ ဘဝအပင်ပေါက်မှာ။ ကိုယ့်စိတ်ထဲ အရိပ်မည်းကြီး ထိုးတဲ့နေရာမှာ ပေါက်မှာပဲ။ သေခါနီးမှာ ကိုယ်လုပ်ခဲ့တဲ့ ကံတွေပေါ်လာမယ် (သို့မဟုတ်) ကံလုပ်ခဲ့စဉ်က ပတ်ဝန်းကျင် အခြေအနေတွေ ပေါ်လာမယ်။ (သို့မဟုတ်) သွားရမယ့် ဘုံဘဝတွေပေါ်လာမယ်။ တစ်ခုခုတော့ ပေါ်လာမှာပဲ။ အဲဒီပေါ်လာတဲ့အချိန်မှာ ပြောင်းလဲနိုင်ရင် ကောင်းတဲ့ဘုံ ရောက်နိုင်တယ်။ ဒီအချိန်မှာ အာသန္နကံဆိုတာ အင်မတန် အရေးကြီးပါတယ်။

သီဟိုဠ် (သီရိလင်္ကာ)ကျွန်းမှာ သောဏဆိုတဲ့ ရဟန္တာကြီးတစ်ပါးရှိတယ်။ သူ့အဖေက ဟောလို့ပြောလို့ မရတဲ့ မုဆိုးကြီး။ ကျန်းမာတုန်းကတော့ တောထဲလှည့်လည်ပြီး တိရစ္ဆာန်တွေကို သတ်ဖြတ်နေတာ။ အသက်အရွယ်ကြီးလာတဲ့အခါ အလုပ်မလုပ်နိုင်တော့ ကျောင်းကိုခေါ်ပြီး ဦးပဉ္စင်းကြီး ဝတ်ပေးထားတယ်။ ဘုန်းကြီးဘဝနဲ့ နေတာပေါ့။ သေခါနီးကျတော့ သူ့စိတ်က ဘယ်ညွှတ်နေသလဲဆိုတော့ သူလုပ်ခဲ့တဲ့ဟာတွေ
ပြန်မြင်နေတယ်။

အိပ်ရာထဲမှာ ပက်လက်နဲ့ မောနေတဲ့အချိန်မှာ ဘာတွေမြင်နေသလဲဆိုတော့ ခွေးတွေနဲ့ သူတောလိုက်ခဲ့တာတွေ မြင်တယ်။ အဲဒီမှာ ခွေးအုပ်ကြီးက ဝိုင်းကိုက်ကြမလို့ သွားမြင်တယ်။ အဲဒီတော့ သူ့ပါးစပ်က ယောင်ပြီး လုပ်ကြပါဦးလို့အော်တယ်။

အဲဒီလိုလည်းမြင်လိုက်ရော သားလုပ်တဲ့ရဟန္တာက ငရဲသွားတော့မှာပဲ ဆိုတာသိတယ်။ ချက်ချင်းဘဲ မဟာစေတီလို့ခေါ်တဲ့ ဘုရားရင်ပြင်ပေါ် ပွေ့ခေါ်သွားပြီး ဟောဒါပန်း၊ ဟောဒါရေချမ်း ဘုရားကိုအာရုံပြုပါဆိုပြီး အာရုံပြောင်းပေးလိုက်တယ်။ အဲ့လို ကြောက်တဲ့စိတ်တွေ ဖြေပေးလိုက်တာနဲ့ ဟိုမှာ ဒကာမလေးတွေ လာနေကြပြီလို့ ပြောပြီး သေသွားတာ နတ်ပြည်ရောက်သွားတယ်တဲ့နော်။ အဲဒါက ဂတိနိမိတ်၊ ကမ္မ နိမိတ် တွေကိုပြောင်းပေးလို့ ရတယ်လို့ ဆိုတာပါပဲ။ ဒါကလည်း မိတ်ကောင်း၊ ဆွေကောင်းရှိမှ ဖြစ်နိုင်မယ်။

သေအံ့မူးမူး ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ ဘုရားသံ တရားသံပေးပြီး တရားတိတ်ခွေဖွင့်ပေး အေးအေးဆေးဆေးနဲ့ ပန်းနံ့သာတွေနဲ့ ဘုရားကိုပူဇော်ခိုင်းတာဟာ အကောင်းဆုံးဘဲ။

သေအံ့မူးမူးဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေက သေခါနီးမှာ နားကပိုကြားတယ်။ ဖယောင်းတိုင်တို့ ဆီမီးတို့ ကုန်ခါနီးမှာ ပိုတောက်လာသလို သေခါနီးပုဂ္ဂိုလ်က နားပိုကြားရတယ်။ ဒါကြောင့် သေခါနီးပုဂ္ဂိုလ်နားမှာ တိုးတိုး တိုးတိုးမပြောကြနဲ့။ သူကစကားသာမပြောနိုင်တာ အကုန်ကြားရတယ်။ စိတ်ညစ်စရာတွေက အာသန္နကံ ဖြစ်သွားရင် မလွယ်ဘူး။ အဲဒါနဲ့ပဲ ဒုက္ခရောက်သွားတတ်တယ်။ ဒါကြောင့် အသံကို လုံးဝတိတ်ပေးရမယ်။ တောင်တောင်မြောက်မြောက် ပြောတဲ့သူရှိရင် လုံးဝလက်မခံနဲ့။

ကောင်းတာလေးအာရုံပြုပြီး ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ဘဝတစ်ခုကူးသွားရင် ကောင်းရာသုဂတိ ရောက်နိုင်ဖို့ ရှိပါတယ်၊၊ တကယ်တော့ ဒါတွေကိုလည်း အားကိုးမနေကြနဲ့၊ ကိုယ့်ဟာကို အခုကတည်းက ကြိုတင်ပြီး လုပ်ထားကြ။ ပုထုဇဉ်တွေအတွက် guarantee ဆိုတာ မရှိဘူး။ guarantee ရချင်ရင် သောတာပန်ဖြစ်အောင် လုပ်ထားကြ။ အာသန္နကံဆိုတာ အနီးကပ်အကျိုးပြုတဲ့ ကံကို ခေါ်ပါတယ်။)

(ဆက်လက် ဖော်ပြပါမည်။)

No comments:

Post a Comment