Thursday, April 7, 2016

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၂)

*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၂)*

*အာစိဏ္ဏကံ*

အမြဲမပြတ်လေ့ကျက်ထုံပွားထားသော ကံသည် အာစိဏ္ဏကံဖြစ်သည်။ အကုသိုလ်အရာ၌ သူ့အသက်သတ်၍ သူ့ဥစ္စာခိုး၍ အစဉ်အမြဲအသက်မွေးမှု၊ ကုသိုလ်အရာ၌ အမြဲထာဝရ ဒါနမှု၊ သီလစောင့်မှု၊ ကမ္မဋ္ဌာန်းစီးဖြန်းမှု၊ စာပေရေးသား ဟောပြောမှု စသည်ဖြင့် အမြဲမပြတ် လေ့ကျင့်ပွားများစေအပ်သော ကံများသည် အာစိဏ္ဏကံမည်၏။

အကုသိုလ်မှု တစ်ခုခုပြုပြီးနောက် အမြဲသတိရနေမှု၊ နောင်တတဖန် ပူပန်မှု၊ စိတ်နှလုံးမသာမယာမှုတို့ ထပ်ခါထပ်ခါ တိုးပွားနေလျှင်လည်း အာစိဏ္ဏကံဖြစ်၏။ ထို့အတူ ကုသိုလ်တစ်ခုခုကိုပြုလုပ်ပြီးနောက် အမြဲသတိရ ဝမ်းသာနေမှုသည်လည်း အာစိဏ္ဏကံမည်၏။

အာစိဏ္ဏကံသည် ပင်ကိုအားဖြင့် အာသန္နကံထက် အားရှိသော်လည်း သေသည့်နောက်ဘဝ၌ ပဋိသန္ဓေကျိုးပေးရာဝယ် မရဏာသန္နဇောဝီထိနှင့် နီးကပ်နေသောကြောင့် အာသန္နကံသာလျှင် သာလွန်၍ အရေးပါအရာရောက်၏။

နွားကျောင်းသားတစ်ဦးသည် ခြံတွင်းသို့ နွားများကို ညနေတွင်သွင်းသည်။ အင်အားချိနဲ့သည့် နွားအိုကြီးတစ်ကောင်မှာ နောက်ကျ၍ ခြံတခါးဝနား၌ အိပ်ရ၏။ နံနက်စောစော နွားခြံကို ဖွင့်သည့်အခါ နွားပျိုများမှာ အင်အားဗလကောင်းကြသော်လည်း ခြံအတွင်းဘက်ရောက်နေ၍ ရှေးဦးစွာ မထွက်နိုင်ဘဲ ခြံတခါးဝနှင့်နီးသော နွားအိုကြီးကသာ ရှေးဦးစွာထွက်ရ၏။ ထို့အတူပင် အာစိဏ္ဏကံမှာ အားကောင်းသော်လည်း အာသန္နကံက သေခါနီးကာလမှာဖြစ်သော စုတိစိတ်နှင့် နီးကပ်နေသည့်အတွက် ရှေးဦးစွာ အကျိုးပေးခြင်းဖြစ်သည်။

မရဏာသန္နဇော၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် သုံးမျိုးတွင် တစ်ခုခုသည် ပဋိသန္ဓေကျိုးပေးမည့်ကံ၏ အစွမ်းသတ္တိကြောင့် ထင်လာမြဲဖြစ်သည်။ ထိုထင်လာသောကံသည် ပဋိသန္ဓေကျိုးပေးရတော့သည်။ ဤကဲ့သို့ မရဏာသန္နေဇော၌ အာရုံနိမိတ် တစ်မျိုးမျိုးထင်စေဖို့ ကိစ္စကိုလည်း ထိုဇောနှင့် နီးကပ်သော အာသန္နကံကသာ ဆောင်ရွက်ပေးနိုင်သည်။

*ကဋတ္တာကံ*

ရှေးဘဝတို့၌ ပြုလုပ်ခဲ့သော ကံကိုလည်းကောင်း၊ ယခုဘဝ၌ ပြုလုပ်သော ကံများတွင်လည်း ဂရုကကံ အာသန္နကံ အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ထိုကံသုံးမျိုးမှ လွတ်သော ကံများကိုလည်းကောင်း ကဋတ္တာကံဟု ခေါ်သည်။ ထိုကံမှာ ယခုဘဝပြုလုပ်မှု ကံများနှင့် အတိတ်ဘဝများက ပြုလုပ်ခဲ့သောကံများဖြစ်၍ မည်သူမှ ကဋတ္တာကံနှင့် မကင်းကြပေ။ ဂရုကကံ စသည်မရှိလျှင် ကဋတ္တာကံကပင် ပဋိသန္ဓေကျိုးကို ပေးနိုင်သည်။(အာစိဏ္ဏကံ မရှိဘူးဆိုရင် အမှတ်တမဲ့ ပြုလုပ်ထားတဲ့ ကံတွေကဝင်ပြီး အကျိုးပေးတယ် အဲဒီကံမျိုးကို ကဋတ္တာကံလို့ ခေါ်တယ်။)

(ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment