Thursday, April 7, 2016

ကလျာဏမိတ္တ

** ကလျာဏမိတ္တ**

လောကကို အမှန်တကယ် ငြိမ်းချမ်းစေလိုပါလျှင် မည်သည့် လုပ်ငန်းများကိုလုပ်လုပ်၊ လုပ်ငန်းဟူသမျှကို လုပ်ကိုင်ဆောင်ရွက်၌ မဇ္ဇျိမပဋိပဒါကို အခြေခံ အုတ်မြစ်အဖြစ် ခံယူကျင့် သုံးပြီး လုပ်ကိုင်ဆောင်ရွက်မှသာ ထိုလုပ်ငန်းသည် လောက၌ ချမ်းမြေ့မှု့၊ သာယာမှု့၊ ငြိမ်းချမ်းမှု့ကို ဖြစ်စေနိုင်မည် ဖြစ်ပါ၏။
မဇ္ဇျိမပဋိပဒါဟူသည် ဗုဒ္ဓစာပေ၌သာပါရှိ၏။ထို့ကြောင့် ဗုဒ္ဓစာပေသည် ကလျာဏမိတ္တလည်း ဖြစ်၏။ ကလျာဏမိတ္တဖြစ်လျှင် မြတ်စွာဘုရားက ရှင်အာနန္ဒာအား အဂုတ္တိုရ် ပါဠိတော် ဥပဒ္ဓသုတ်၌ ဟောကြားတော်မူသည့်အတိုင်း ကောင်းသောအကျိုး ဟူသမျှကို ရစေနိုင်မည် ဖြစ်၏။

အမှန်အားဖြင့် မြတ်စွာဘုရားသည်ပင် လောကနှင့် ဆက်ဆံရာ၌ အပေါ်စီး မယူဘဲ မိမိကိုယ်ကိုမိမိ ကလျာဏမိတ္တ အဖြစ်သာ ခံယူပြီး ဆက်ဆံတော်မူခြင်း ဖြစ်၏။
ထို့ကြောင့်တကယ်တမ်း စစ်မှန်သော ကလျာဏမိတ္တသာ ဖြစ်ပါက လောကအကျိုးကိုသာမက လောကုတ္တရာအကျိုးကိုပါ ဖြစ်ပေါ်လာရအောင် လမ်းညွှန်နိုင်ပါ၏။

ထို့ကြောင့် " ဥပဒါနပစ္စယော ဘဝေါ" ၌ ကမ္မဘဝအရ အသိဉာဏ်ဖြစ်ပေါ်မှု့ဖြင့် သက်ရှိပုဂ္ဂိုလ်သည်သာ ကလျာဏမိတ္တ ဖြစ်နိုင်သည် မဟုတ်၊ မိမိတို့ လေ့လာရာ စာပေများသည်လည်း တကယ်တမ်း ကလျာဏမိတ္တ သဘောကိုဆောင်ပါက လောကအကျိုးကိုသာမက လောကုတ္တရာ အကျိုးကိုပါ ပေးမည်ဖြစ်ပါ၏။ တစ်စုံတစ်ရာ ယုံမှားဖွယ် မရှိပါချေ။

ထို့ကြောင့် မိမိတို့၏ ဘဝလမ်းညွှန်အဖြစ် စာကောင်းပေကောင်းကို ရွေးချယ်၍ ဖတ်ရှုလေ့လာရန် လိုအပ်ခြင်းဖြစ်၏။ ထိုသို့ဖတ်ရှုပြီး မဇ္ဇျိမပဋိပဒါကို ဝါဒရေးရာအတွက် အခြေခံအုတ်မြစ် အဖြစ် တည်ဆောက်အပ်၏။ အခြေခံအုတ်မြစ် ခိုင်လေသောအခါ အပေါ်ထပ်အဆောက်အအုံအဖြစ် ပုံဖော်ရန် မည်သည့်စာပေကိုဖတ်ဖတ် ကိစ္စမရှိ ဖတ်ရမည်ဖြစ်၏။ လေ့လာရမည် ဖြစ်၏။ အပေါ်ထပ်အဆောက်အအုံ ဟူသမျှသည် အခြေခံအုတ်မြစ်နှင့် လိုက်လျောညီထွေ ရှိရ၏။ မညီလျှင် ပြိုကျရုံသာ ရှိပါ၏။

No comments:

Post a Comment