Thursday, April 7, 2016

ဥပုသ်သည်တွေ ည(၁၂)နာရီကျော်လျှင် ထမင်းစားကောင်းလား

ဥပုသ်သည်တွေ ည (၁၂)နာရီကျော်ရင် ထမင်းစားကောင်းလား..

ဥပုသ်သည်တွေ ည(၁၂) နာရီကျော်ရင် ထမင်းစားကောင်းလားဆိုတော့ မစားကောင်းပါဘူး အရုဏ်တတ်မှ စားကောင်းပါတယ်၊၊

အရုဏ်တတ်မှဆို အရုဏ်က ဘယ်အချိန်တွေတတ်တာလဲ ဆိုတော့:..

အရုဏ်တတ်တယ်ဆိုတာ တစ်လနဲ့ တစ်လတော့မတူဘူး၊၊ အဲဒါနဲ့ ပတ်သက်ပြီး ကမာရွတ် ရွာမဆရာတော်ကြီးက အရုဏ်တတ်ပုံနှင့် နေဝင်ပုံကို ဇယားဆွဲ လင်္ကာစီထားတယ်၊၊ အဲဒီဇယားကြည့်လိုက်ရင် တစ်ခါတည်း ရှင်းသွားလိမ့်မယ်၊၊

စဉ် လအမည် အရုဏ်တတ် နေထွက် နေဝင်
၁၊၊ တန်ခူး ၅း၀၀. ၆း၀၀. ၆း၀၀
၂၊၊ ကဆုန် ၄း၅၀. ၅း၅၀. ၆း၁၀
၃၊၊ နယုန် ၄း၄၀. ၅း၄၀. ၆း၂၀
၎၊၊ ဝါဆို ၄း၃၀. ၅း၃၀. ၆း၃၀
၅၊၊ ဝါခေါင် ၄း၄၀. ၅း၄၀. ၆း၂၀
၆၊၊ တော်သလင်း ၄း၅၀. ၅း၅၀. ၆း၁၀
၇၊၊ သီတင်းကျွတ် ၅း၀၀. ၆း၀၀. ၆း၀၀
၈၊၊ တန်ဆောင်းမုန်း ၅း၁၀. ၆း၁၀. ၅း၅၀
၉၊၊ နတ်တော် ၅း၂၀. ၆း၂၀. ၅း၄၀
၁၀၊၊ ပြာသို ၅း၃၀. ၆း၃၀. ၅း၃၀
၁၁၊၊ တပို့တွဲ ၅း၂၀. ၆း၂၀. ၅း၄၀
၁၂၊၊ တပေါင်း ၅း၁၀. ၆း၁၀. ၅း၅၀

ကူးကျွတ်နှစ်လီ၊ ခြောက်နာရီမှန်၊ ကြွင်းကျန်မာသ၊ ငါးလစီထား၊ ရှေ့ငါးနောက်ဆဋ္ဌ်၊ နာရီမှတ်၍၊ ပဏ္ဏာသ်စတ္တာ၊ တိံသာစတ်ပဏ်၊ ငါးတန်မိနစ်၊ ရှေ့ငါးဖြစ်၏၊ ကျန်လစ်နောက်ငါး၊ ခြောက်ဆယ်ထား၍၊ ရှေ့ငါးနှုတ်ပယ်၊ ကြွင်းဝယ်စန်မှန်၊ နောက်ငါးတန်တည့်၊ ဝင်ဟန်သိလို၊ မပိုဒွါဒသ်၊ နာရီမြတ်တွင်၊ ထွက်မှတ်ပယ်ဖြတ်၊ အာရုံတတ်မှာ၊ နေထွက်စက်ဆုတ်၊ နာရီနုတ်က၊ မှန်ဟုတ်မပျက်၊ ထွက်ဝင်တတ်သည်၊ မှတ်ကျက်လွယ်ကူ စာကြောင်းတည်း၊၊

လင်္ကာလေးတပုဒ်ရှိသေးတယ်၊၊ သူကပို၍ မှတ်ရလွယ်မယ် ထင်တာပဲ၊ ဘယ်သူရေးတယ်တော့ မသိဘူး၊၊

၁၊၊ ဝါဆိုလေးနာရီခွဲ ပြာသို ငါးနာရီခွဲ
မှတ်မြဲ အရုဏ်တက်၊
၂၊၊ ဝါခေါင်မှ နတ်တော် တစ်လလျှင်
ဆယ်မိနစ်တိုး၍ဖော်၊
၃၊၊ တပို့တွဲမှ နယုန် တစ်လလျှင် ဆယ်မိနစ်
ဆုတ်၍ပုံ၊ မှတ်တုံ အရုဏ်တတ်တဲ့၊၊

အရုဏ်တတ်ပုံနှင့် ပတ်သက်လို့ မှတ်ရလွယ်ကူဆုံး လင်္ကာလေးပဲ..

လောကီနည်းမှာတော့ ည(၁၂)နာရီကျော်ရင် တစ်နေ့ကူးတယ်လို့ သတ်မှတ်ကြတယ်၊၊ နာမည်ပေးတာကိုပဲ ကြည့်လေ၊ ည(၁၂) နာရီ ဟိုဘက် မွေးတဲ့ကလေးဆိုရင် ဟိုဘက်နေ့နံအရပဲ နာမည်ပေးကြတယ်၊ ဗုဒ္ဓဘာသာ သာသနာနည်းကတော့ အရုဏ်တတ်မှပဲ တစ်နေ့ကူးတယ်လို့ သတ်မှတ်ထားတယ်၊၊

နောက်တစ်ဆင့်တတ်ပြီး စဉ်းစားရင် သီလဆိုတာ အသက်ထက်ဆုံး စောင့်ထိန်းရတဲ့သီလ၊ မိမိစွမ်းနိုင်သလောက် ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းလို့ရတဲ့ သီလဆိုပြီး သီလ နှစ်မျိုးရှိတယ်၊၊

အသက်ထက်ဆုံး စောင့်ထိန်းရတဲ့ သီလကတော့ ငါးပါးသီလမျိုးပေါ့၊ မိမိစွမ်းနိုင်သလောက် ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းရတဲ့ သီလကတော့ ရှစ်ပါးသီလတို့ ဆယ်ပါးသီလတို့ပေါ့၊၊

ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းတယ်ဆိုတာက ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ့်ရဲ့လုပ်ငန်း အခြေအနေကြည့်ပြီး တရားနာယူခိုက် တစ်ထိုင်ပဲ စောင့်ထိန်းမယ်၊ ဒါမှမဟုတ် တစ်နာရီဖြစ်စေ၊ နာရီဝက်ဖြစ်စေ၊ တစ်ပတ်ဖြစ်စေ စောင့်ထိန်းမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ကာလပိုင်းဖြတ်တာ၊ တစ်နည်းပြောရရင် အဓိဋ္ဌာန်တာပေါ့၊
ဝိကာလဘောဇနာ သိက္ခာပုဒ်က ကိုယ်စွမ်းနိုင်သလောက် ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းလို့ရတဲ့ သီလထဲမှာပါတယ်၊၊

ဒီတော့ စောင့်ထိန်းတဲ့သူအပေါ်မှာပဲ မူတည်တယ်၊၊ ကိုယ်ကတစ်ရက် စောင့်ထိန်းမယ်ဆိုရင်တော့ သီလယူပြီးချိန်ကနေ နောက်တစ်နေ့ အရုဏ်တတ်ချိန်အထိ အကျုံးဝင်တယ်၊ အရုဏ်မတတ်ခင်အတွင်း ဘာသိက္ခာပုဒ်မှ မပျက်စီးစေရဘူး..

ဒီနေရာမှာ သိက္ခာပုဒ်တစ်ပါးပျက်ရင် ကျန်တဲ့သိက္ခာပုဒ်တွေပါ ပျက်ရောလားဆိုရင်..

သီလယူတဲ့နေရာမှာ တစ်ပေါင်းတည်းယူနည်း၊ တစ်ပါးချင်းယူနည်းဆိုပြီး ရှိပြန်တယ်၊ အဲဒီမှာ တစ်ပေါင်းတည်း ယူခဲ့ရင် တစ်ပါးပျက်ရင် အကုန်ပျက်ပါတယ်၊ တစ်ပါးစီယူခဲ့ရင်တော့ တစ်ပါးပျက်ပေမယ့် ကျန်တဲ့အပါးတွေ မပျက်ပါဘူး..

တစ်ပေါင်းတည်း ယူပုံက..
အ၀ါ ဘန္တေ တိ သရဏေနသဟ ပဉ္စသီလံ သမာဓိ ယာမိ အဋ္ဌ ဥပေါသထင်္ဂါနိ သမာဓိ ယာမိ (လယ်တီ)
ပဉ္စင်္ဂ သမန္နာဂတံ သီလံ သမာဓိယာမိ (ဦးဗုဓ်)

ဒီပုံစံက ခုခေတ် ယူခဲကြပါတယ်၊၊ အချိန်မရတဲ့ တရားပွဲအခါမျိုးတွေမှာ တရားဟောဆရာတော်က အချိန်မကုန်အောင် အထက်ကတစ်ပေါင်းတည်း ယူနည်းနဲ့ပဲ ဆိုပေးလိုက်တယ်လေ၊ တချို့တရားပွဲတွေမှာတော့ ရှိတတ်ပါတယ်၊၊

ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ အဲဒီလိုယူတာက တစ်ပါးချင်းယူနည်းပါ၊ ဒါကတော့ တစ်ပါးပျက်ပေမယ့် ကျန်တဲ့အပါးတွေ မပျက်တော့ဘူးပေါ့၊၊

နောက်ပြီး တစ်ချို့ မွန်းလွဲ(၁၂)နာရီ နောက်ပိုင်းမှာ ဘုရားကို သစ်သီးဆွမ်းတွေ ဘာတွေ ကပ်နေကြတယ်၊၊ မြတ်စွာဘုရားက အရုဏ်တတ်ချိန်ကနေ မွန်းလွဲ(၁၂) နာရီအတွင်းပဲ ဘုဉ်းပေးသုံးဆောင်တယ်၊၊ အဲဒီကကျော်ရင် ဖျော်ရည်လောက်သာ ကပ်ကောင်းပါတယ်၊၊

ဒီခေတ်မှာ အိမ်တိုင်းလိုလိုကပ်နေကြတာပဲနော်၊၊ မြတ်စွာဘုရားက ဝိကာလဘောဇနာ သိက္ခာပုဒ်ကို အနော်မာမြစ်ကမ်းမှာ ရဟန်းပြုချိန်ကစပြီး ရှောင်ကြဉ်ခဲ့တာပါ..

ရဝေနွယ်(အင်းမ) ဘာသာရေး လမ်းညွန်မှ..

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ရည်စူး၍ လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍


ပုဂ္ဂိုလ်တစ်ဦးကို လှူဖို့ရည်စူးပြီးရင် တခြားပုဂ္ဂိုလ်တစ်ဦးကို ပြောင်းပြီး မလှူကောင်းဘူးတဲ့...

စေတီတစ်ဆူကို ရည်စူးပြီး နောက်စေတီတစ်ဆူကို ပြောင်းပြီးတော့လည်း မလှူကောင်းပါဘူးတဲ့..

ဒီနေရာမှာ စေတီကွဲပေမယ့် ဘုရားတစ်ဆူတည်းရဲ့ ဓာတ်တော်တွေပဲ မဟုတ်လားလို့ မေးစရာရှိပါတယ်..

မှန်ပါတယ်၊၊ ပရိဝါအဋ္ဌကထာမှာ မတရားသဖြင့် လှူအပ်တဲ့ အလှူကိုးမျိုးကို ပြထားတယ်၊၊ အဲဒီကိုးမျိုးက....

သံဃာအား ရည်မှတ်ညွတ်ပြတ်လေပြီးသော လာဘ်ကို တစ်ပါးသော သံဃာအားလည်းကောင်း၊
စေတီအား လည်းကောင်း၊
ပုဂ္ဂိုလ်အားလည်းကောင်း လှူဒါန်းခြင်း၊ ဒါက သုံးမျိုးပါ၊၊

နောက် စေတီတစ်ဆူအား ညွတ်လေပြီးသော လာဘ်ကို တစ်ပါးသော စေတီအားလည်းကောင်း၊
သံဃာအားလည်းကောင်း၊
ပုဂ္ဂိုလ်အားလည်းကောင်း လှူဒါန်းခြင်း၊

ပုဂ္ဂိုလ်အား ညွတ်လေပြီးသော လာဘ်ကို
တစ်ပါးသော ပုဂ္ဂိုလ်အားလည်းကောင်း၊
သံဃာအားလည်းကောင်း၊
စေတီအားလည်းကောင်း လှူဒါန်းခြင်း၊ အားလုံးပေါင်း ကိုးမျိုးပေါ့..

အဲဒီကိုးမျိုးထဲမှာ စေတီတစ်ဆူကို ရည်စူးပြီးရင် နောက်တစ်ဆူကို ပြောင်းပြီး မလှူကောင်းပါဘူး၊ စေတီကွဲပေမယ့် ဘုရားတစ်ဆူတည်းရဲ့ ဓာတ်တော်တွေလို့ ပြောလို့ရပေမယ့် သာသနာမှာ သက်တော်ရှည်တဲ့ ဘုရားနဲ့ သက်တော်တိုတဲ့ ဘုရားဆိုပြီး နှစ်ဆူရှိတယ်၊ သက်တော်ရှည်တဲ့ ဘုရားရှင်တွေရဲ့ ဓာတ်တော်တွေဟာ တစ်လုံးတစ်ခဲတည်းနဲ့ တစ်ဆူတည်းသာ ကြွင်းကျန်ရစ်အောင် အဓိဋ္ဌာန်ခဲ့တယ်၊၊

ဂေါတမဘုရားရှင်ကျတော့ သက်တော်တိုတဲ့အတွက် အဆူများစွာ ကြွင်းကျန်ရစ်အောင် အဓိဋ္ဌာန်ခဲ့တယ်၊၊ ဒါကြောင့် ဓာတ်တော်တွေက တစ်နေရာထဲမှာ စုမနေဘဲ ပျံ့နေတယ်၊ ပြီးတော့ အဆူဆူသော ဓာတ်တော်တွေဟာ အဆူဆူသော ဘုရားတွေနဲ့ တူပါတယ်၊၊ ဒါကြောင့် ဘုရားတစ်ဆူတည်း ဆိုပေမယ့် ဓာတ်တော်အဆူဆူ ကွဲနေတဲ့အတွက် ဘုရားအဆူဆူ တည်ရှိနေတယ်လို့ သတ်မှတ်ရပါမယ်၊၊

စာထဲမှာ ပြထားတာတော့ ..
အယုတ်ဆုံးအားဖြင့် ခွေးတစ်ကောင်ကို ရည်စူးပြီးတဲ့အစာကို တခြားခွေး တစ်ကောင်ကိုတောင် ပြောင်းပြီး မကျွေးကောင်းပါဘူးတဲ့..

(ရဝေနွယ် (အင်းမ) ) ဘာသာရေးလမ်းညွှန် ဓမ္မစာစုများမှ..

အဖြေမှန်ထွက်တိုင်း မှန်မနေပြန်ဘူး

အဖြေမှန်ထွက်တိုင်း မှန်မနေပြန်ဘူး...

ပုံပြင်လေးတစ်ပုဒ်..

စိတ်ရောဂါအထူးကုဆေးရုံတွင် လူနာသုံးဦးအား ခြောက်လဆေးကျွေး၍ ကုပြီးသောအခါ သူတို့၏ ဉာဏ်ရည်ကို တိုးတတ်မှုရှိမရှိ စမ်းသပ်ပါတယ်။ ပထမလူနာကို ၃×၃ ဘယ်လောက်လဲလို့ မေးပါတယ်၊၊ လူနာက ၁၈၀ လို့ဖြေပါတယ်၊၊ ထိုလူနာကို တိုးတတ်မှုမရှိ လို့ မှတ်ချက်ချပါတယ်၊၊

ဒုတိယလူနာကိုလည်း ၃×၃ ဘယ်လောက်လဲဟုပင် မေးပြန်ပါတယ်၊၊ လူနာက ကြာသပတေးဟု ဖြေပါတယ်၊၊ ထိုလူနာလည်း တိုးတတ်မှုမရှိဟု မှတ်ချက်ချပါတယ်၊၊ တတိယလူနာကိုလည်း ၃×၃ ဘယ်လောက်လဲဟုပင် မေးပါတယ်၊၊ လူနာက ၉ ဟု ဖြေပါတယ်၊၊

တတိယလူနာကို တိုးတတ်မှုရှိပြီဟု မှတ်ချက်ချ၍ တွက်နည်းကို မေးပါတယ်၊၊ လူနာက 'လွယ်ပါတယ် ဆရာရယ်၊ ပထမလူ ၁၈၀ထဲက ဒုတိယလူ ကြာသပတေးကို နှုတ်လိုက်ရင် ၉ ရတာပဲလေ' တဲ့၊၊ ကဲ.. အဖြေမှန်တိုင်း စိတ်မချရသေးပြန်ဘူး၊၊

ကျွနှ်ပ်တို့သည်လည်း ပြုမှု ပြောမှု သိမှုတို့ကို မိမိတို့ကိုယ်ကိုယ် မညှာတာတမ်း စစ်ဆေးသင့်ပါတယ်၊၊

ဒီစာအုပ်လေးဝယ်မိတယ် (အရှင်ပညာသီရိ၏ အခြေခံဝိပဿနာ )


'ဒီစာအုပ်လေး ဝယ်မိတယ်'.

စာအုပ်ဆိုင်မှာထိုင် အမြည်းအစမ်းလေးဖတ်ပြီး စာအုပ်ဝယ်ရတာကို နှစ်သက်မိတာ ကျွန်မရဲ့ဝါသနာ ...

ပြီးခဲ့တဲ့ရက် စာအုပ်ဆိုင်ရောက်ခဲ့တယ်၊၊ (အရှင်ပညာသီရိ ရမ္မာကျွန်း)ဆိုတော့ fb မှာဖတ်ဖူးတဲ့ ဆရာတော်တရားတွေကို သတိရလို့ စာမြည်းလေး ဖွင့်ဖတ်မိတယ်...

စာအုပ်အစ ရှေးဦးစကားဆိုတာလေး...

အရက်သမားတစ်ယောက်ရှိပါသည်၊၊ အရက်ကို မကောင်းမှန်းသိ၍ ဖြတ်ချင်နေပါသည်၊၊ အိမ်ထဲမှာ ကြိတ်မှိတ်သည်းခံနေ၍ အတော်အသင့်ရနေပါတယ်၊၊ အရက်ဆိုသော အသံ၊ အရက်အနံ့မရသေး၍ ငြိမ်နေပါသည်၊၊

သူ အိမ်၌ အမြဲတစေမနေနိုင်ပါ၊၊ စားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်ရပါသည်၊၊ အပြင်သို့ သွားလျှင် အရက်ဆိုင်ရှေ့မှ ဖြတ်သွားရပါသည်၊၊

သူ အိမ်က ထွက်လာပါသည်၊၊ အရက်ဆိုင်ရှေ့နား ရောက်သောအခါ ရင်တွေ ခုန်လာပါသည်၊၊ စိတ်ကိုတင်း၍ ဆက်လျှောက်ပါသည်၊၊ ပုလင်းသံ၊ ခွက်သံများ ကြားနေရ၍ သွေးများရုန်းကြွစ ပြုလာပါသည်၊၊

စိတ်ကို ပျော့ချင်လာသော်လည်း မာန်ကိုတင်း၍ ဆိုင်ရှေ့မှ အမြန်ဖြတ်လျှောက်ပါသည်၊၊ ဆိုင်ကို ကျော်သွားသောအခါမှ သက်ပြင်းချ၍ သူ့ကိုသူ ကျေနပ်သွားပါသည်၊၊ 'ငါကျော်နိုင်သွားပြီကွ' ဟု ကြုံးဝါးပါသည်၊၊

'ငါ့ကိုငါ ဂုဏ်ပြုရမည်' ဟုဆိုကာ နောက်လှည့် ဆိုင်ထဲ ပြန်ဝင်ပြီး တစ်ခွက်ချပါလေတော့သည်၊၊

ဖတ်ခဲ့ဖူးသော ကာတွန်းကလေး ဖြစ်ပါသည်၊၊ စိတ်စွဲလမ်းမှုသည် ဖြတ်ရန် ခဲယဉ်းလှပါသည်၊၊ ကျွနှ်ပ်တို့သည် အာရုံနှင့်မဆုံသေး၍ ကိလေသာငြိမ်နေသည်ကို အဟုတ်ထင်နေတတ်ပါသည်၊၊

မဟာစည်ဆရာတော်ဘုရားကြီး မိန့်သကဲ့သို့ မမြင်ရရာ ကိလေသာ သူ့ဟာသူ ငြိမ်နေခြင်းသာ ဖြစ်ပါသည်၊၊

တရားသမားအမည်ခံ၍ တရားအားထုတ်ပါသည်၊၊ ကိလေသာဖြစ်ဖွယ် အာရုံနှင့် ယာယီလွတ်ကင်းနေပါသည်၊၊ ငါကွဟု ကြုံးဝါးပါသည်၊၊ ရိပ်သာမှ ထွက်သည်နှင့် တစ်ခွက်ပြန်သောက်၍ ဂုဏ်ပြုလိုက်ပါတော့သည်၊၊

တစ်ခွက်မှသည် ဆက်သွား၍ ဒုံရင်းဘဝသို့ ပြန်ကျရောက်တတ်ပါသည်၊၊ သို့ဖြစ်၍ အနိမ့်ဆုံးအဖြစ် သောတာပတ္တိမဂ် မရသေးသမျှ ကာလပတ်လုံး ဂုဏ်ပြုချိန်ကသာ များနေသည်ဖြစ်၍ သံသရာအတွက် စိတ်မချရသေးချေ၊၊

ဒုံရင်းဘဝသို့ ပြန်မရောက်စေချင်သည့်အတွက် အချိန်တိုင်း သတိထား၍ အာရုံများကို ဆင်ခြင်ရှု့မှတ် နေတတ်စေရန်အလို့ငှာ ဤစာအုပ်လေးနှင့် မိမိအပါအဝင် စာဖတ်သူများအား အသိပေးနှိုးဆော်လိုက်ရခြင်း ဖြစ်ပါတော့သည်၊၊

လေးနက်၍ အဓိပ္ပါယ်ရှိလှသော ထိုစာမြည်းလေးဖတ်ပြီး ပြန်မချနိုင်ပဲ ဝယ်လာဖြစ်ခဲ့တယ်၊၊
အသေအချာ ဖတ်ပေဦးတော့မည်၊၊....

ဆရာတော်ဘုရားအား အစဉ်ဦးခိုက်လျှက်..

အပေါင်းအသင်းမိတ်ဆွေကောင်း

အပေါင်းအသင်း မိတ်ဆွေကောင်း

လက်တွေ့အရ ဥပါဒါန်လေးပါးတွင် ဒိဋ္ဌုပါဒါန်ကိုများစွာ သတိထားအပ်၏၊၊ ဒိဋ္ဌုပါဒါန်သည် မိမိတို့၏ အပေါင်းအသင်းမှလည်း လာ၏၊၊ မိမိတို့လေ့လာဖတ်ရှု့နေသော စာပေမှလည်း လာ၏၊၊ ထို့ကြောင့် လူတို့သည် မိမိတို့၏ အပေါင်းအသင်းကို များစွာ ရွေးချယ်အပ်၏၊၊ မိမိတို့၏ အပေါင်းအသင်းသည် ကလျာဏမိတ္တ ဖြစ်ဖို့လို၏၊၊ ကိုယ်ကျိုး ကိုယ့်စီးပွားကို စွန့်နိုင်သမျှ စွန့်လိုသောစိတ်ထား ရှိသူဖြစ်ဖို့ လို၏၊၊ သို့မှသာ မိမိတို့သည် မြင့်မြတ်သော အတွေးအမြင် မြင့်မြတ်သော အသိများရှိပြီး မြင့်မြတ်သူအဖြစ်သို့ ရောက်နိုင်မည် ဖြစ်၏၊၊ မြင့်မြတ်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်၏၊၊ မြတ်စွာဘုရားကလည်း ရှင်အာနန္ဒာအား ကလျာဏမိတ္တကိုသာ တကယ်တမ်း မှန်မှန်ကန်ကန် ရလျင် မည်သည့်လုပ်ငန်းကို လုပ်လုပ် ထိုလုပ်ငန်းသည် ကလျာဏမိတ္တကြောင့် အပြည့်အစုံ ပြီးစီးကြောင်း ဟောကြားတော်မူခဲ့ပါ၏၊၊

စာပေနှင့်ပတ်သက်၍ ဆိုရလျှင်လည်း ထိုနည်းအတူပင် စာကောင်းပေကောင်းကို ဖတ်ဖြစ်ဖို့ လို၏၊၊ စာပေအယူအဆရေးရာနှင့် ပတ်သက်သော အရှိန်အဝါသည် စာဖတ်သူများအပေါ် များစွာလွှမ်းမိုး၏၊၊ ထို့ကြောင့် မိမိလေ့လာဖတ်ရှု့သော စာပေသည် မိမိအားမှန်ကန်သော အတွေးအမြင်ကို ပေးနိုင်သောစာပေ ဖြစ်ဖို့လို၏၊၊ မှန်ကန်သော အတွေးအမြင်ကို ပေးနိုင်သောစာပေ ဟူသည်မှာ ဖြတ်လမ်းကို မညွှန်ပြဘဲ လမ်းမှန်လမ်းကောင်းကိုသာ ညွှန်ပြသောစာပေ ဖြစ်၏၊၊ ပါဠိစာပေများ၌ ဤသို့သော လမ်းမှန်လမ်းကောင်းကို ''ဧသ ဓမ္မော သနန္တနော'' ဟူ၍ ဆိုတတ်၏၊၊ ရှေးရှေး ဘုရား အစရှိသော သူတော်ကောင်းအဆက်ဆက်တို့ လိုက်နာကျင့်သုံးမည့် ဓမ္မကိုသာ လမ်းကောင်းလမ်းမှန် ဟူ၍ ဆိုလို၏၊၊ ထို့ကြောင့် ဓမ္မကို ညွှန်ပြသော စာပေမျိုးကိုသာ စာကောင်းပေကောင်း ဟူ၍ ဆိုရ၏၊၊

ဆရာဦးရွှေအောင် ကိုယ်ကျင့်ဗုဒ္ဓဝင်မှ...

ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်

ဓမ္မော- မဂ် ဖိုလ် နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်သည်၊ ဧသိပဿိကော- ဝေဟာတတ်ထွန်း၊ ယုဂန်စွန်း၌၊ လဝန်းအလား, ပတ္တမြားသဖွယ်, စင်ကြယ်ထင်ရှား, ရှိသည်များကြောင့်, အားရရွှင်လန်း, လိုက်ခဲ့စမ်းပါ, ရှု့စမ်းပါဟု, သံသာချိုမြ, ဖိတ်ခေါ်ပြဖို့, မုချဧကန်, အမှန် သင့်လျော်, ထိုက်တော်မူပါပေ၏၊၊

ဧဟိပဿိက ဂုဏ်တော်ကိုပဲကြည့် ''လိုက်ခဲ့စမ်းပါ၊ ကြည့်ရှု့လှည့်စမ်းပါ''ဟု ဖိတ်ခေါ်ထိုက်၏ ဟူသော အနက်ကိုပြသည်၊၊ [ဧဟိ+ပဿ+ဣက၊ ဧဟိ-လိုက်ခဲ့ပါ+ ပဿ-ရှု့လှည့်စမ်းပါ+ ဣက- ဤသို့ ဖိတ်ခေါ်ထိုက်၊၊]

သိဒ္ဓတ္ထမင်းသား ဘုရားအလောင်း တောထွက်တော်မှုလာသောအခါ ဃဋိကာရ၊ ဗြဟ္မာကြီးက သင်္ကန်း ကပ်လှူလာသည်''ဟု ပြောစမှတ်ပြုကြသော ဃဋိကာရဗြဟ္မာ အလောင်းသည် ကဿပဘုရား လက်ထက်တော်တုန်းက မျက်မမြင် မိဘတို့ကို ပြုစုသော ဃဋိကာရဖြစ်သည်၊၊ ဘုရားရှင်ကို အလွန်ကြည်ညိုသော သူတော်ကောင်းကြီးပေတည်း၊၊

ငါတို့ဘုရားလောင်းကား အမျိုးအားဖြင့် အထက်တန်းကျ၍ အလွန်မာနကြီးသော ဇောတိပါလ လုလင်ဖြစ်လျက် ထိုစဉ်က ဗုဒ္ဓဘာသာမဟုတ်သေးဘဲ ဃဋိကာရ၏ အသဲစွဲ မိတ်ဆွေ တစ်ယောက်တည်း၊၊ ဃဋိကာရသည် ဘုရားရှင်ကို ဖူးမြှော်ဖို့ရန် ဇောတိပါလကို အတန်တန် တိုက်တွန်း၏၊၊ သို့သော် အမျိုးဂုဏ် မာန်တတ်၍ ဘုရားကိုပင် အဖက်မထင်သေးချေ၊၊

ဃဋိကာရကလည်း ''ဘုရားအထံ မရောက်လျှင် မနေ''ဟု အမြဲကြံစည်ကာ မြစ်ဆိပ်သို့ ရေချိုးဖို့ရန် ခေါ်သွားပြီးလျှင် ''မိတ်ဆွေ၊ ကဿပဘုရားရှင်သည် အနီးမှာပင် သီတင်းသုံးတော်မူနေ၏၊ လိုက်ခဲ့ပါ၊ ဖူးချေကြစို့'' ဟု သုံးကြိမ်တိုင်အောင် ခေါ်သော်လည်း ရှေးနည်းအတူ ပယ်ရှား၍နေသဖြင့် နောက်ဆုံး၌ ''မလိုက်လျှင် မနေရ''ဟု ဆံပင်ကို အတင်းဆွဲ၍ ခေါ်လေသော်..:

သြော်- ဃဋိကာရသည် အမျိုးအားဖြင့် ငါ၏အောက် ကျသူဖြစ်ပါလျက် ဆံပင်ကိုဆွဲနိုင်သည်မှာ အံ့သြစရာကြီး ဖြစ်ပေသည်၊ ဧကန်အကျိုးရှိ၍သာ မရမက ခေါ်ရှာပေသည်''ဟု သဘောကျ၍ ဘုရားထံတော်သို့ လိုက်သွားပြီးလျှင် တရားတော်ကို နာရသောအခါ လွန်စွာအားရ နှစ်သက်လှသဖြင့် သာသနာ့ဘောင်သို့ ဝင်လေသည်၊၊ ဤသို့ ဝမ်းမြောက်လောက်အောင် ''ဧဟိပဿိက''ဂုဏ်တော်နှင့် အထိုက်အလျောက် ပြည့်စုံပါလျင် ယခုအခါ တရားဟောရာ အရပ်နှင့် သံဃာတော်များထံသို့လည်း ခေါ်ငင်ပြသထိုက်ပေသည်၊၊ [မဇ္ဈိမပဏ္ဏာသ, ရာဇဝဂ်, ဃဋိကာရသုတ်၊၊]

သို့သော် စဉ်းစားရန် တစ်ချက်မှာ_ ယခုကာလ၌ ဘာသာအမျိုးမျိုးက မိမိတို့ဘာသာကိုသာ မှန်ကန်ကြောင်း၊ အခြားဘာသာ မှားယွင်းကြောင်းကို ဟောပြောကြ၏၊၊ ဗုဒ္ဓဘာသာတရားတွင်လည်း ''သူတို့ဂိုဏ်းက ကောင်းသည်၊ ငါတို့ဂိုဏ်းက ကောင်းသည်၊ သူ့ကိုယ်တော်က ကြည်ညိုဖွယ်ကောင်း၏၊ ငါ့ကိုယ်တော်က စာတတ်၏၊ တရားဟောကောင်း၏၊ ကမ္မဋ္ဌာန်းပေးကောင်း၏၊ ဓာတ်ရိုက်ယတြာဆင်ကောင်း၏၊၊'' စသည်ဖြင့် ''(ဧဟိ)လိုက်ခဲ့စမ်းပါ၊ (ပဿ) ဖူးမြော်လှည့်စမ်းပါ'' ဟု သွေးဆောင်ခေါ်ငင်ကာ ကိုယ့်ငါးချဉ်ကိုသာ ကိုယ်ချဉ်လျက် ရှိကြလေသည်၊၊

ဤမျှလောက် ရှုတ်ထွေးသော လောကကြီးဝယ် ကိုယ်ပိုင်ဥာဏ်ကို အသုံးပြုနိုင်သူကလည်း နည်းပါးလှသည်၊၊ အမှန်ကို ဟောပြလိုသူတို့မှာလည်း မိုးခါးရေသောက် ကာလကြီးမို့ မတတ်နိုင်ဘဲ လက်မှိုင်ချရလေပြီ၊၊ သို့ဖြစ်၍ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များကို ဆည်းကပ်မိဖို့ရန်မှာ ရှေးကံကောင်းလှမှ ဖြစ်ရတော့မလောက် ရှိတော့သည်၊၊

ရှေးအခါက အဝမြို့၌ ရဟန်းတော်နှစ်ပါး ဒဏ္ခိဏသာခါ ရုပ်တုတော်ကို ကိုးကွယ်ကြပြီးလျှင် ရုပ်တုတော်ခြင်း အသပ္ပာယ်ပြိုင်စဉ် မခံချင်သဖြင့် ''သတ္တိရှိလျှင် ဘုရားခြင်းပေါက်ကြစို့''ဟု ပြောဆိုကာ ရုပ်တုတော်ခြင်း တစ်ယောက်တစ်လှည့် ပေါက်ကြဖူးသတဲ့၊၊ ယခုကာလကလည်း ဒကာကို ဆရာကမြှောက်၊ ဆရာကို ဒကာကမြှောက်၍ ဒကာချင်းပေါက် ဆရာခြင်းပေါက်လျက် ကမောက်ကမ ဖြစ်နေကြသည်မှာ ဘာသာခြားတွေကို ရှက်ဖွယ်ကောင်းလှပေသည်၊၊

အချုပ်မျှ သတိပေးရလျှင် ပုဂ္ဂိုလ်တစ်ပါးပါးကို ကိုးကွယ်မိက အသိအလိမ္မာ ဥာဏ်ပညာနှင့် သူတော်ကောင်းစိတ်များ တိုးပွား မတိုးပွား စဉ်းစားကြပါလေ၊၊ တိုးပွားလျှင် ကိုးကွယ်သူမိမိမှာ အမြတ်ရ၏၊၊ ကုသိုလ်မတိုးပွားဘဲ မိမိတို့နှင့် ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များကို ပြိုင်ရဆိုင်ရ တိုက်ခိုက်ရသဖြင့် မတရားမှု ဒုစရိုက်မှုတွေသာ တိုးပွား၍ အကုသ်ုလ်များနေလျှင် အရင်းပင် ဆုံးရှုံးသေး၏၊၊ တချို့ကား ပြိုင်ရင်းဆိုင်ရင်း ခိုက်ရန်ဒေါသ ဖြစ်ကြရ၍ ရုံးသို့ ရောက်ရသောကြောင့် ငွေကုန် လူပန်း စိတ်မချမ်းသာစရာတွေလည်း ဖြစ်ကြရရှာသေး၏၊၊ ထို့ကြောင့် ''ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်'' ကြိုးစား၍ သတိဆောင်ကြပါလေ၊၊

(အရှင် ဇနကာဘိဝံသ ၏ ပထမကျမ်းစာ ရတနာ့ဂုဏ်ရည်မှ ထုတ်နှုတ်ဖော်ပြသည်၊၊)

ရုပ်တရား၊ နာမ်တရားတို့ စတင်ဖြစ်ပေါ်လာပုံ (၁)

*ရုပ်တရား၊ နာမ်တရားတို့ စတင်ဖြစ်ပေါ်လာပုံ (၁)*

ဘဝတစ်ခုဟာ ဘယ်ကစလည်းဆိုရင် ပဋိစ္စသမုပ္ပာဒ်ကို ကြည့်ပါ `` အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ´´- ဝိညာဏ ဆိုတာဟာ ဘဝတစ်ခုရဲ့အစပဲပေါ့၊ ဘဝအစဖြစ်တဲ့ ဝိညာဉ်ဆိုတဲ့ ပဋိသန္ဓေစိတ်ကလေးကို ဘယ်သူက ဖန်တီးပေးလိုက်တုံးဆိုတော့ သင်္ခါရဆိုတဲ့ ကံတရားက ဖန်တီးပေးလိုက်တာ၊၊ ဘယ်လို ဖန်တီးတယ်ဆိုတာ သိရအောင် အကျဉ်းချုံးပြောရမယ်ဆိုလို့ရှိရင် ဒီလိုပါ၊၊

လူတစ်ယောက်ဟာ သေခါနီးဆဲဆဲအချိန်မှာ စိတ်ထဲမှာပေါ်လာတတ်တယ်၊၊ အဲဒီပေါ်လာတဲ့ အာရုံတွေကစိတ်ကို လွှမ်းမိုးနေတယ်၊၊ သေခါနီးဆဲဆဲမှာ အာရုံတစ်ခုအပေါ်မှာ စိတ်ရောက်နေတတ်တယ်၊၊ အဲဒီ အစွဲလေးနဲ့ ဒီဘက်ဘဝ အဆုံးသတ်သွားရင် လာမယ့်ဘဝမှာလည်း အဲဒီ အာရုံလေးနဲ့ပဲ ဖြစ်သွားတယ်၊၊ အဲဒီလိုဖြစ်သွားတဲ့ အခါမှာ ဒီဘဝ ရုပ်ခန္ဓာကိုယ်ကြီးထဲက ဘာမှပါသွားတာ မဟုတ်ဘူး၊၊ နာမ်ကလည်း ပါသွားတာတစ်ခုမှ မရှိဘူး၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ရုပ်ဆိုတာ အပိုင်း အပိုင်း အပြတ်ပြတ်နဲ့ သွားနေတာလေ၊၊ နာမ်တရားဆိုတာကလည်း ဒီိစိတ်ချုပ်မှ နောက်စိတ်ပေါ်တာ၊၊ နောက်စိတ်ချုပ်မှ ဟိုနောက်စိတ်ပေါ်တာ၊၊

ကဲ...စဉ်းစားကြည့်ပေါ့၊ ခြေလှမ်းလှမ်းတဲ့အခါ ဒုတိယခြေလှမ်းရောက်ရင် ပထမခြေလှမ်းမရှိတော့ဘူး၊၊ တတိယခြေလှမ်းလှမ်းရင် ဒုတိယခြေလှမ်းမရှိတော့ဘူး၊၊ အဲဒီလိုပဲ နာမ်တရားတွေဟာလည်း ရှေ့ကပျက်သွားပြီးမှ နောက်ကပေါ်တာ၊၊ ရှေ့စိတ်အကုန်လုံး ပျောက်သွားပြီးမှ နောက်စိတ်ကပေါ်လို့ရတယ်၊၊ အနန္တရပစ္စယော၊ သမနန္တပစ္စယော၊ နတ္တိပစ္စယော၊ ဝိဂတပစ္စယောလို့ ပြောတာ၊၊ မရှိတော့ဘူး ရှေ့ကဟာတွေ ပျောက်မှ နောက်ကဟာတွေ ပေါ်လို့ရတယ်၊၊

အဲဒီအတိုင်းပဲ၊ အားလုံးဟာ ပေါ်လာပြီး ပျောက်ပျောက်သွားနေတာ၊၊ အဲဒီတော့ ဒီဘဝကူးတဲ့အခါ ဒီဘဝက ဘာမှ ပါမသွားဘူး၊၊ သို့သော် ကံရဲ့အဟုန်ကြောင့် ကံကနေ အာရုံတစ်ခုကို ဖန်တီးထားလိုက်တဲ့အခါ သူသွားရမယ့် ဘဝတစ်ခုရဲ့ အာရုံတစ်ခုဟာ သူ့စိတ်ထဲရောက်နေတယ်၊၊ ငရဲမီးမြင်ရင်လည်း မြင်မယ်၊၊ တောအုပ်ကြီးထဲရောက်ရင်လည်း ရောက်နေမယ်၊၊ သူ့စိတ်ထဲ အဲဒီလို တစ်ခုခုအာရုံရှိနေအောင် ကံကလမ်းခင်းပေးထားတယ်၊၊

အဲဒီ ကံလမ်းခင်းတဲ့အတိုင်း ဘယ်သူက လျှောက်သွားသလည်းဆိုရင် ပဋိသန္ဓေစိတ်ကလေးက လျှောက်သွားတာ၊ ဘွားခနဲပေါ်သွားတယ်၊၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်သွားတယ်၊၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ``ကမ္မံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ´´- ကံက အဲဒီအချိန်မှာ မြေကြီးပဲ၊၊ ဒါပြင် ဘာမှ မြေကြီးမရှိဘူး၊၊ ကံပဲရှိတယ်၊၊ ဘဝတစ်ခု စတဲ့အခါမှာ မြေကြီးပေါ်မှာ ဝိညာဏ်မျိုးစေ့လေး ကျတယ်လို့ပြောတာ၊၊ ကံဆိုတာ လယ်မြေပဲ၊ အပင်ပေါက်တဲ့မြေကို ခေတ္တလို့ ဆိုတာ၊ အပင်ပေါက်နိုင်တဲ့ ကံမြေလွှာမှာ ဝိညာဏ်ဆိုတဲ့ မျိုးစေ့ကလေး ကျရောက်ပေါက်ဖွားတာ၊၊ တဏှာဆိုတဲ့ အတွယ်အတာကလေးက ပေါက်လို့ရအောင် အစိုဓာတ် ထည့်ပေးတာ၊၊

သစ်စေ့ရဲ့သဘာဝအတိုင်း အစေ့လေးတစ်ခုက ပေါက်ဖို့ရာအတွက် ရှိရမယ်၊၊ မြေနဲ့ရေ ပေါင်းလိုက်ရင် သူပေါက်မယ်၊၊ အဲဒီလို ဝိညာဏ်မျိုးစေ့လေးဟာ ကံဆိုတဲ့ မြေလွှာပေါ်မှာ တဏှာဆိုတဲ့ရေ ဖြန်းပေးလိုက်တာနဲ့ သူပဲ အပင်လေးပေါက်သွားတယ်၊၊ သြော် ဘဝတစ်ခုစပြီး ဝိညာဏ်မျိုးစေ့ အဲဒီ ဝိညာဏ်မျိုးစေ့လေး ကျလိုက်တာနဲ့ ဝိညာဏ်မျိုးစေ့လေးနဲ့ ဆက်သွယ်ပြီးတော့ နာမရူပဆိုတဲ့ နာမ်တွေ ရုပ်တွေရလာတယ်၊၊ ကြီးထွားလာတယ်၊၊ တဖြည်းဖြည်း ကာလလ ရေကြည်ကနေစပြီး ကြီးထွားလာတယ်၊၊

ကြီးထွားလာတော့ ဘာတွေ ဆက်ဖြစ်လာသလဲဆိုရင် ပဋိစ္စသမုပ္ပာဒ်နဲ့ အကြမ်းဖျင်းပြောရအောင် ပဋိသန္ဓေစိတ်ကလေး စတည်လိုက်တာနဲ့ အဲဒီနာမ်ရုပ်အစ ဖြစ်ရာဌာနကို ကလလ ရေကြည်လို့ခေါ်တယ်၊၊ အဲဒီ ကာလလရေကြည်လေးဟာ တစ်ပတ်ကြာတဲ့အခါ အမြှုပ်လေး(အဗ္ဗုဒ) ဖြစ်လာတယ်၊၊ နောက်တစ်ပတ်ကြာတော့ သားတစ်ကလေး(ပေသိ) ဖြစ်လာတယ်၊၊ နောက်တစ်ပတ်ကျော်တဲ့အခါ မာမာအတုံးကလေး(ဃန) ဖြစ်လာတယ်၊၊ နောက် ၅ပတ်မြောက်တဲ့အခါကျတော့ ခက်မ(ပသာခ) ပေါ်လာတယ်၊၊ ဖုလေး (၅)ခုပေါ်လာတယ်၊၊ အဖုလေး တစ်ခုကခေါင်းပေါ့ အဖုလေး၂ခုကလက်၊ အောက်အဖုလေး ၂ခုက ခြေထောက်ဖြစ်ဖို့ အဖု ၅ခုပေါ်လာတယ်၊၊ ခက်မငါးဖြာ ခေါ်တယ်၊၊ အဲတာ (၅)ပတ်မြောက်ရက်ပေါင်း (၃၅)ရက်မှာ ပေါ်လာတယ်၊၊

အဲဒီက ရင့်ကျက်လာလို့ ရက်သတ္တ (၈)ပတ်မြောက်၊ (၅၆)ရက်အတွင်းရှိ သန္ဓေသားကို embryo လို့ခေါ်တယ်၊၊ နောက်ပိုင်းကျတော့ သန္ဓေသားကို fetus (foetus)လို့ ခေါ်တယ်၊၊ အဲဒီကနေပြီး ကျမ်းဂန်ထဲမှာ (၇၇)ရက်၊ သို့မဟုတ် (၁၁)ပတ်မြောက်မှာ မျက်လုံးတို့ နားတို့ တဖြည်းဖြည်းပေါ်လာတယ်၊၊ (၄၂)ပတ် (၂၄၉)ရက်ကျတော့ ဆံပင်လေးတွေ ပေါက်လာတယ်၊၊ ဒီဘဝကဟာတွေက နောက်ဘဝအတွက် ဘာမှပါမသွားဘူး၊၊ ကံမြေလွှာပေါ်မှာ ဝိညာဏ်မျိုးစေ့လေး ကျရာက အသစ်တဖန် ပြန်စရတာပါ၊၊

ဥပမာ သစ်စေ့ကလေးတစ်ခုကို စိုက်လိုက်တဲ့အခါကျတော့ ပထမ အမြစ်ကလေးဆင်းလာတယ်၊၊ အမြစ်ဆင်းတော့ အပေါ်မှာ အညှောင့်လေးတတ်လာတယ်၊၊ အဲဒီကနေပြီး ပင်စည် ဖြစ်လာတယ်၊၊ အကိုင်း အခက် ဖြစ်လာတယ်၊၊ အရွက်လေးတွေ ပါလာတယ်၊၊ အချိန်တန်တော့ အပွင့်လေးတွေနဲ့၊ နောက်တော့ အသီးသီးလေးတွေ ဖြစ်လာတယ်၊၊ လူလည်း ဒီတိုင်းပါပဲ၊၊ ဘာတွေက အကူအညီပေးလို့ ကြီးထွားလာတာလဲဆိုတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဒီအကြောင်းလေးပါးကြောင့်ပဲ လူရဲ့ရုပ်ခန္ဓာကိုယ်ဟာ ကြီးထွားလာရတယ်၊၊ ဒါကတော့ ရုပ်တရား ဖြစ်ပေါ်လာပုံ ဖြစ်ပါတယ်၊၊

(နာမ်တရား ဖြစ်ပေါ်လာပုံ ဆက်ဖော်ပြပေးပါ့မယ်၊၊ )
(ဘဒ္ဒန္တနန္ဒမာလာဘိဝံသ တရားတော်မှ ထုတ်နှုတ်ဖော်ပြသည်)

ရုပ်တရား နာမ်တရားတို့ စတင်ဖြစ်ပေါ်လာပုံ (၂)


*ရုပ်တရား နာမ်တရားတို့ စတင်ဖြစ်ပေါ်လာပုံ (၂)*

ရုပ်တရားတွေဟာ ကံ,စိတ်,ဥတု,အာဟာရ အကြောင်း (၄)ပါးကြောင့် ဖြစ်လာရတယ်၊၊ ဒီလိုဆို နာမ်တရားကရော ဘာ့ကြောင့် ဖြစ်တာတုန်းလို့မေးရင် ကံမြေလွှာမှာ ပေါက်လာရတဲ့ ပဋိသန္ဓေစိတ်ကလေးက စခဲ့တဲ့ဘဝမှာ ရုပ်အခြေခံလေးတွေပါတယ်၊၊ အဲဒီရုပ်ကလေးတွေနဲ့ ကလလရေကြည်ကို ဖွဲ့စည်းထားတယ်၊၊ အဲဒီထဲမှာ ပဋိသန္ဓေစိတ်တည်လာတယ်၊၊ တည်လာတော့ ရုပ်တွေ နာမ်တွေ ဖြစ်လာတယ်ပေါ့၊၊ သစ်ပင်တွေမှာ အမြစ်ထွက်သလို အကိုင်းထွက်သလို ထွက်လာတယ်၊၊

ထွက်လာတဲ့အခါ ဘာတွေပါလာတုံးဆိုရင် organတွေ ပါလာတယ်၊၊ အဲဒါကို သဠာယတန လို့ခေါ်တယ်၊၊ အာယတန (၆)ပါးပေါ့၊၊ လူရဲ့ခန္ဓာကိုယ်မှာ organ တွေပါလာတော့ ပြင်ပနဲ့ ဆက်သွယ်မှုတွေ လုပ်လာတယ်၊၊ ``သဠာယတနပစ္စယော ဖေဿာ´´တဲ့၊၊ ပြင်ပအာရုံတွေနဲ့ အဆက်အသွယ်တွေရသွားတယ်၊၊ မျက်စိပါလို့ မြင်တယ်၊၊ နားပါလို့ ကြားတယ်၊၊ အဆက်အသွယ်တွေရတော့ ဘာဖြစ်တုံးဆို အတွေ့အကြုံတွေ ရလာတယ်ပေါ့၊၊

အတွေ့အကြုံတွေ ရလာတဲ့အခါကျတော့ မကောင်းတာကျတော့ မကြိုက်ဘူး၊၊ ကောင်းတာကျတော့ ကြိုက်တယ်ဆိုတဲ့ ခံစားမှုဝေဒနာတွေ ဖြစ်လာတယ်၊၊ ခံစားမှုဝေဒနာ ဖြစ်လာတဲ့အခါကျတော့ ကြိုက်တယ် မကြိုက်ဘူး ကွဲလာတယ်၊၊ ကြိုက်တယ် မကြိုက်ဘူး ကွဲလာတဲ့အခါ ကြိုက်တာကိုလိုချင်တယ်၊ ``ဝေဒနာပစ္စယာ တဏှာ´´ ဖြစ်လာတယ်၊၊

တဏှာဖြစ်လို့ လိုချင်လာတဲ့အခါ လူတွေရဲ့စိတ်ထဲမှာ စွဲနေတယ်၊ ဒါလေးကိုနောက်ထပ် ရချင်တယ်၊ စိတ်ထဲမှာ စွဲလမ်းမှုတွေ ဖြစ်လာတယ်၊၊ ``တဏှာ ပစ္စယာ ဥပဒါနံ´´ပေါ့၊ စွဲလမ်းတော့ ဘာဖြစ်တုန်းဆို ဘဝဆိုတာကို ဆောက်တည်လိုက်တယ်၊၊ ဘဝတစ်ခု ဖြစ်လာတယ်၊၊ ``ဥပါဒါန ပစ္စယာ ဘဝေါ´´တဲ့၊၊ ဘဝဖြစ်လာတော့ ဘာဖြစ်တုံးဆို ဇာတိတဲ့၊၊ မွေးဖွားမှုဆိုတာ ရလာပြန်တယ်၊၊ ဒါကြောင့် ``ဘဝပစ္စယာ ဇာတိ´´လို့ ပြောတာပါ၊၊ ဇာတိဖြစ်လာတော့ ``ဇာတိပစ္စယာ ဇရာ´´တဲ့၊ အိုရပြန်တယ်၊၊ အိုတော့ဘာဖြစ်တုံးဆို သေရခြင်းမှာ ဘဝတစ်ခု အဆုံးသတ်ရတယ်၊၊ မြတ်စွာဘုရားက အကျိုးနဲ့အကြောင်းနဲ့ ဆက်စပ်ပြီး လူ့ဘဝကိုသရုပ်ဖော်ထားတာပါ၊၊

(ဘဒ္ဒန္တနန္ဒမာလာဘိဝံသ တရားတော်မှ ဖတ်ရှု့မိသောအသိအား ဝေမျှပါသည်၊၊)

ပညာရှိ နှင့် လူမိုက်

* အကြင်လူမိုက်သည် မိမိ၏ အမှားကိုမြင်သောအခါ မှားမှန်း သိ၏၊၊ ထိုသို့ သိသောကြောင့်ပင် ပညာရှိဟူ၍ ဆိုရ၏၊၊

*အကြင်လူမိုက်ကား မိမိ၏ အမှားကိုမြင်သော်လည်း အမှားမှန်း မသိ၊ အမှန်ဟူ၍ပင် သိ၏၊၊ ထိုလူမိုက်ကို ထိုသို့သိခြင်းကြောင့်ပင် လူမိုက်စစ်စစ်ဟူ၍ ဆိုရ၏၊၊

(ဓမ္မပဒဂါထာ အမှတ် ၆၃၌ မြတ်စွာဘုရားက ဤသို့ဟောကြားတော်မူထားသည်ကို တွေ့ရ၏၊၊)

ဘုရားလောင်းလျာ

ဘုရားလောင်းလျာ

ဘုရားလောင်းလျာ ပုဂ္ဂိုလ်မြတ်တို့သည်ကား...

(၁) ပညာဓိက ဘုရားလောင်း
(၂) သဒ္ဓါဓိက ဘုရားလောင်း
(၃) ဝီရိယဓိက ဘုရားလောင်း လို့ (၃)မျိုးရှိပါတယ်၊၊

ပညာဓိက ဘုရားလောင်း

ဘုရားဖြစ်ခြင်းဟူသည် အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညုတဉာဏ်တော်ကြီးကို ရခြင်းပင်ဖြစ်၏၊၊ ထိုဉာဏ်တော်ကြီးကို ရရှိဖို့ရန်မှာ ရှာမှီးသူတို့၏ စိတ်သန္တာန်တွင် ပညာဓာတ်ခံ လွန်ကဲစွာရှိမှဖြစ်၏၊၊ ထိုပညာဓာတ်ခံ လွန်ကဲစွာရှိပါမှ တစ်ဘဝထက် တစ်ဘဝ ပညာဓာတ်ခံ ရင့်သန်ကာ ပညာတကာတို့ထက် အထွတ်အထိပ်ဖြစ်သော သဗ္ဗညုတဉာဏ်တော်ကြီးသို့ ပေါက်ရောက်နိုင်၏၊၊ ပညာဓိက ဘုရားအလောင်းတော် များသည်ပါရမီ ဖြည့်ရာ၌ သဒ္ဓါ ,ဝိရိယ ရှေ့မဆောင်ဘဲ ပညာရှေ့ဆောင်ကာ ပါရမီဖြည့်သည့်အတွက် လေးအသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးလျင် ဘုရားဖြစ်တော်မူကြ၏၊၊

သဒ္ဓါဓိက ဘုရားလောင်း

သဒ္ဓါဓိက ဘုရားလောင်းတို့သည်ကား ...''ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်'' ဟူ၍ ယုံကြည်ကြ၏၊၊ ဘုရားလောင်းတော်တို့၏ စိတ်၌ ယုံကြည်မှုသဒ္ဓါတရား လွန်ကဲ၍ နေ၏၊ ပညာနှင့် ဝီရိယက ရှေ့မဆောင်ဘဲ သဒ္ဓါတရားကသာ ရှေ့ဆောင်ကာ ပါရမီဖြည့်ကျင့်ရသည့်အတွက် ရှစ်သေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မှုကြ၏၊၊

ဝီရိယာဓိက ဘုရားလောင်း

ဝီရိယာဓိက ဘုရားလောင်းတို့သည်ကား...:.''ကြိုးစားလျှင် ဘုရားဖြစ်ရမည်'' ဟူ၍ ဝီရိယကိုသာ ရှေ့ထား၍ သဒ္ဓါနှင့်ပညာကို ရှေ့မထားဘဲ ပါရမီတော်တို့ကို ဖြည့်ကျင့်သည်အတွက် တစ်ဆယ့်ခြောက် အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မှုကြ၏၊၊

ထိုသို့ ဘုရားလောင်းတော်တို့ သုံးမျိုးကွဲပြားရသည်မှာ မိမိတို့ဆန္ဒ ဆုတောင်းအလိုက် အချိန်ကာလကွဲပြားရခြင်း ဖြစ်သော်လည်း ဘုရားဖြစ်သောအခါ ဂုဏ်ကျေးဇူးကား ပိုသည်လိုသည်ဟူ၍ မရှိ၊ ထိုကာလထက် စော၍ ဘုရားအဖြစ်သို့ ရောက်တော်မမူနိုင်ကြပေ၊ ထိုမှကာလ အချိန်ကြာကြာပါရမီဖြည့်မှသာလျှင် သဗ္ဗညုတဉာဏ်တော်ကြီး ပြီးစီးအောင်မြင်အောင် ရင့်ကျက်ပြည့်စုံခြင်းသို့ ရောက်နိုင်ပေ၏၊၊

ဘုရားတစ်ဆူတစ်ဆူ ပွင့်ထွန်း ပေါ်ပေါက်တော်မူရေးသည် လွန်စွာခဲယဉ်းလှသည်၊၊ ပါရမီဖြည့်မှ သဗ္ဗညုတဉာဏ်ကို ရနိုင်သဖြင့် ဘဝများစွာ သင်္ချေ သင်္ချာများစွာ ကပ်ကမ္ဘာများစွာ လွန်လေပါမှ ဘုရားတစ်ဆူ ပွင့်တော်မူသည်ကို ဖူးတွေ့နိုင်ကြရသည်၊၊ ''ဗုဒ္ဓုပ္ပါဒ နဝမ ခဏ''ခေါ် ဘုရားရှင်တို့ ပွင့်တော်မူရာ အခါအခွင့်ကောင်းသည်ကား လွန်စွာ့ လွန်စွာ ကြုံခဲ ဆုံခဲလှသည်၊၊ ကပ်ကမ္ဘာများစွာ ဘုရားရှင်တို့ ပွင့်ပေါ်မှုမရှိသဖြင့် သုညကမ္ဘာများဟု ခေါ်ဆိုကြသည်၊၊

ဘုရားတစ်ဆူပွင့်လျှင်...သာရကမ္ဘာ
ဘုရားနှစ်ဆူပွင့်လျှင်.....မဏ္ဍကမ္ဘာ
ဘုရားသုံးဆူပွင့်လျှင်.....ဝရကမ္ဘာ
ဘုရားလေးဆူပွင့်လျှင် ...သာရမဏ္ဍကမ္ဘာ
ဘုရားငါးဆူပွင့်လျှင်......ဘဒ္ဒကမ္ဘာ မည်ပေ၏၊၊

ဆောင်ပုဒ်......တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ဝရ သုံးဆူသာ၊၊
သာရမဏ္ဍ၊ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ၊၊
တစ်ဆူသော်မှ၊ မပွင့်က၊ သုည ကပ်ကမ္ဘာ၊၊

လူမိုက်တို့ကို အခြေအနေအရ ပေါင်းသင့်/မပေါင်းသင့်


လူမိုက်တို့ကို အခြေအနေအရ ပေါင်းသင့် မပေါင်းသင့်

မြတ်စွာဘုရား၏ မင်္ဂလာတရားတော်၏ အဓိပ္ပါယ်ကိုကျယ်ကျယ်ပြန့်ပြန့် မသုံးသပ်မိသဖြင့် ဘုရားသခင်အပေါ်တစ်မျိုးမြင်သော ''မင်္ဂလာသားအဖ'' ပုံပြင်လေးတစ်ခုရှိပါတယ်၊၊

ရှေးအခါက တောရွာတစ်ရွာ၌ မင်္ဂလာတရားတော်ကို အလွန်လေးစားလိုက်နာသည့် ဦးကြီးတစ်ယောက် ရှိပါတယ် ယင်းဦးကြီး၌ သားတစ်ယောက်ရှိ၏၊၊ ထိုသားသည် မိဘစကားကို နားထောင့်လေ့မရှိ၊ နေ့ရှိသရွေ့ သူငယ်ချင်းအပေါင်းအဖော်များနှင့် ဆိုးသွမ်းပေတေနေ၏၊၊ တစ်နေ့တော့ ဦးကြီးက ''ဘုရားက အသေဝနာစ ဗာလာနံ'' လူမိုက်ကို မပေါင်းသင်းရလို့ ဟောထားတယ်၊၊ ခု သားကလည်း လူမိုက်ဖြစ်နေတယ်၊၊ သားသမီးဖြစ်ပေမယ့် မင်္ဂလာတရားတော်အရဆိုရင် မပေါင်းထိုက်ဘူးလို့ စဉ်းစားပြီး သားကို အိမ်ပေါ်က နှင်ချလိုက်၏၊၊ သားဖြစ်သူမှာ မိဘအိမ်နေခွင့်မရ၍ ဘထွေးအိမ်သို့သွား၏၊၊ ထိုအခါ ဘထွေးကသူ့ကို ''ငါ့တူ မင်းဘာဖြစ်လို့ အိမ်ကဆင်းလာခဲ့ရတာလဲ၊ တို့အစ်ကိုကြီးဟာ ပညာရှိ သူတော်ကောင်းကြီးပဲ၊ အစ်ကိုကြီးကို ပညာရှိသူတော်ကောင်းကြီးရယ်လို့ တစ်ရွာလုံးက ရိုသေလေးစားကြတာ မင်းသိတယ် မဟုတ်လား၊ ဒီတော့ မင်း အိမ်ပြန်သွား မင်းအဖေက ဘာလို့ပြန်လာသလဲလို့ မေးရင် ''ဘုရားက မင်္ဂလသုတ်တော်မှာ ပဏ္ဍိတာနဉ္စ သေဝနာ....ပညာရှိကို မှီဝဲဆည်းကပ်ရမယ်လို့ ဟောထားပါတယ်၊၊ အဖေက ပညာရှိဆိုတော့ ပညာရှိအဖေကို မှီဝဲဆည်းကပ်ရအောင် ကျွန်တော် အိမ်ပြန်လာတာပါ'' လို့ ပြောဟု သင်ကြားပြီး အိမ်သို့ပြန်လွှတ်လိုက်တယ် အိမ်ပြန်ရောက်တဲ့အခါ သူ့ဖခင်ကြီးအမေးကို သူ့ဘထွေးအကြံပေးချက်အတိုင်း ဖြေဆိုလေတော့ ဖခင်ကြီးက အေး....ဘုရားက တို့သားအဖကို မင်္ဂလာတရားနဲ့ ရန်တိုက်ပေးခဲ့တယ်၊ ပြန်သာနေပါတော့ကွာ'' တဲ့လေ...

ဤမင်္ဂလာတရားတော်၌ '' အသေဝနာ'' ဟူသော ပါဠိပုဒ်၏ အဓိပ္ပါယ်ကို မြတ်စွာဘုရား၏ အလိုတော်ကျအတိုင်း သိရှိ နားလည်ထားရန် လိုပါသည်၊၊

''အသေဝနာပုဒ်ကို ဗုဒ္ဓတညု အဋ္ဌကထာဆရာက ''မမှီဝဲရခြင်း၊ မဆည်းကပ်ရခြင်း၊ မိတ်ဆွေသူငယ်ချင်းအဖြစ် မပေါင်းသင်းရခြင်း'' ဟု ဖွင့်ဆိုထား၏၊၊ ဤ၌ မှီဝဲခြင်း၊ ဆည်းကပ်ခြင်းဆိုသည်မှာ လူမိုက်၏ အဆုံးအမကို ခံလို၍ (သို့) နည်းနာနယကို အတုခိုးလို၍ လူမိုက်ကိုဆရာအဖြစ် မှီဝဲဆည်းကပ်ခြင်းဟု အဓိပ္ပါယ်ရပေသည်၊၊ ထိုအတူ လူမိုက်နှင့်မိတ်ဆွေသူငယ်ချင်းအဖြစ် ပေါင်းသင်းခြင်းသည်လည်း သူငယ်ချင်းလူမိုက်၏ နည်းနာနယများကို အတုယူလို၍ အကြိမ်များစွာ ပေါင်းသင်းဆက်ဆံခြင်းမျိုးသည်သာ ''သေဝနာ''ဖြစ်သည်၊၊

လူမိုက်အယူကိုယူလို၍ မဟုတ်ဘဲ အခြေအနေအရ သာမန်ပေါင်းသင်းဆက်ဆံမှုမျိုးကိုကား ''သေဝနာ''ဟု မခေါ်ရချေ၊၊ သို့သော် သာမန်ပေါင်းသင်းဆက်ဆံရေးမှ ''တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး''ဆိုသကဲ့သို့ သူငယ်ချင်းလူမိုက်၏ မိုက်မဲသောအမှုအကျင့်များကို အတုယူလာခဲ့ပါလျင်မှု ထိုပေါင်းသင်းခြင်းမျိုးသည်လည်း သေဝနာခေါ်သော ပေါင်းသင်းခြင်းမျိုးပင်ဖြစ်၏၊၊ ယင်းအဓိပ္ပါယ်များကိုရည်၍ ညောင်တုန်းမြို့ ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ဘုရားကြီးက မင်္ဂလာအဖွင့် အကျယ်လက်စွဲကျမ်း စာမျက်နှာ ၁၅တွင်-

''မမှီဝဲရ၊ မဆည်းးကပ်ရ။ မှီဝဲရ၊ ဆည်းကပ်ရမည် ဟူရာ၌ ခေတ္တခဏမျှ တွေ့ဆုံခြင်းကို မှီဝဲသည် ဆည်းးကပ်သည်ဟု မဆိုရချေ၊၊ မိမိက ထိုသူတို့ကို မလို၍သော်လည်းကောင်း၊ နည်းပေးလို၍လည်းကောင်း ထိုသူနှင့် ရောနှော၍ ဆက်ဆံခြင်းကို မှီဝဲသည်၊ ဆည်းကပ်သည်ဟု မဆိုထိုက်ချေ၊၊ ကုန်ရောင်း ကုန်ဝယ်မှုစသော တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စအတွက် တွေ့ဆုံသည်ကိုလည်း မှီဝဲဆည်းကပ်သည်ဟူ၍ မဆိုရချေ၊၊ ထိုသူ၏ အဆုံးအမကို ခံယူလို၍ဖြစ်စေ ထိုသူ၏ နည်းနာနယကို အတုခိုးလို၍ဖြစ်စေ၊ ထိုသူနှင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်လို၍ဖြစ်စေ ထိုသူနှင့်တိုင်ပင်ဖော် တိုင်ပင်ဖက်အနေဖြင့်ဖြစ်စေ၊ ထိုသူနှင့်အတူတကွ အကြိမ်များစွာ ခဏခဏ ပေါင်းသင်းဆက်ဆံခြင်း၊ ဆည်းကပ်ခစားခြင်းကို မှီဝဲသည် ဆည်းကပ်သည်ဟု ဆိုရ၏၊၊ ထိုစကားကို ပါဠိဘာသာအားဖြင့် ''သေဝနာ''ဟူ၍ ခေါ်ဆိုအပ်၏ '' ဟူ၍ ဗုဒ္ဓအလိုတော်ကျအတိုင်း ရှင်းလင်းတင်ပြထားပေသည်၊၊

ဤဆိုခဲ့ပြီးသော နည်းအားဖြင့် မမှီဝဲမဆည်းကပ် မပေါင်းသင်း မဆက်ဆံခြင်းမျိုးကိုသာ ပါဠိလို ''အသေဝနာ''ဟု ခေါ်ပါသည်၊၊ သို့ဖြစ်၍ ''အသေ ဝနာစ ဗာလာနံ'' မင်္ဂလာတရားတော်၌ ''လူမိုက်တို့ကို (ဆိုခဲ့ပြီးသော နည်းမျိုးဖြင့်) အခါခပ်သိမ်း မမှီဝဲ မဆည်းကပ်ရ၊ မပေါင်းသင်းရ''ဟု ဘုရားရှင် ဟောတော်မှုလိုရင်း ဖြစ်ပါသည်၊၊

ဤသို့ဖြင့် လူမိုက်တို့ကို အခြေအနေအရ ပေါင်းသင်းဆက်ဆံရမှုမျိုး၊ ဆုံးမပြုပြင်လိုသဖြင့် ပေါင်းသင်းဆက်ဆံမှုမျိုးတို့ကို ''အသေဝနာစ ဗာလာနံ'' မင်္ဂလာတရားတော်က ခွင့်လွှတ်ထားပြီး ဖြစ်ပေရာ ဤမင်္ဂလာတရားတော်သည် လူမိုက်ကို လူ့အဖွဲ့အစည်းမှ ကြဉ်ထုတ်ထားသည့် ဒေသနာတော် မဟုတ်ကြောင်း ကောင်စွာနားလည် သဘောပေါက်သင့်ပေသည်၊၊

ယင်းသို့အခြေအနေအရ ပေါင်းသင်းဆက်ဆံမှုမျိုးကို ဤမင်္ဂလာတရားတော်က ခွင့်လွှတ်ထားသော်လည်း လူမိုက်ကိုပေါင်းသင်းရာ၌ မြွေဆိုးကို ခါးပိုက်တွင် ထည့်သူကဲ့သို့ သတိနှင့်ပညာကို ထာဝစဉ်လက်စွဲပြု ထားရပေမည်၊၊

အမှန်အားဖြင့် ဤ ''အသေဝနာစ ဗာလာနံ'' မင်္ဂလာတရားတော်သည် ''အသီးတစ်ရာ အညှာတစ်ခု'' ဆိုသကဲ့သို့ အညှာနှင့်တူသော ပဓာနအကျဆုံးသော မင်္ဂလာတရား ဖြစ်သည်၊၊ ဤမင်္ဂလာပျက်ခဲ့လျင် အခြား၃၇ဖြာသော မင်္ဂလာတရားများဖြစ်ရန် အခွင့်အလမ်းလည်း လုံးဝပိတ်သွားတော့သည်၊၊ ထို့ကြောင့် ဤမင်္ဂလာကို ထိပ်ဆုံးကတင်၍ ဘုရားရှင်ဟောတော်မှုခဲ့ခြင်း ဖြစ်သည်ကိုလည်း နားလည်သင့်ပေသည်၊၊

ထို့ကြောင့် ထိုသုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်များသည်လည်း ဗုဒ္ဓ မြတ်စွာ၏ ဒေသနာတော်များပင်ဖြစ်၍ ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ရန်မရှိသော သြဝါဒကထာများ ဖြစ်၏၊၊ ထို့ပြင် မင်္ဂလာတရားတော်များသည် ''ဧတာဒိသာ နိကတွာန၊ သဗ္ဗတ္ထ မပ္ပရာဇိတာ၊၊ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ'' ဟူသော မင်္ဂလသုတ် နိဂုံးနှင့်အညီ လောကီချမ်းသာ၊ လောကုတ္တရာ ရေးရာပိုင်း၌ဖြစ်စေ ဧကန်လိုက်နာရမည့် သြဝါဒဒေသနာတော်များ ဖြစ်ပေသည်၊၊

(ဓမ္မာစရိယ ဦးအေးနိုင် (ဓမ္မရေးရာ ပဒေသာ) စာအုပ်မှ ကိုးကားသည်၊၊)

ဘာဝနာအဓိပ္ပါယ် (၁)


* ဘာဝနာအဓိပ္ပါယ် *(၁)

ဘာဝနာဟူသည် ပါဠိဝေါဟာရဖြစ်၏၊၊ ဘာဝနာကား သမထဘာဝနာနှင့် ဝိပဿနာဘာဝနာဟူ၍ နှစ်မျိုးရှိသည်၊၊ ရှုမှတ်အားထုတ်သူအတွက် လွန်စွာကျေးဇူးများလှသဖြင့် သမထကိုဖြစ်စေ၊ ဝိပဿနာကိုဖြစ်စေ မိမိသန္တာန်၌ အကြိမ်ကြိမ်အထပ်ထပ် တိုးပွားဖြစ်လာအောင် အားထုတ်နေမှုကို ``ဘာဝိတာ၊ ဗဟုလီကထာ´´ဟူသော ဒေသနာတရားတော်နှင့်အညီ ဘဝနာ ± ပွားများခြင်းဟုခေါ်၏၊၊

သမထအဓိပ္ပါယ်

လောဘစသော အပူဓာတ်( ကိလေသာ) များကို ငြိမ်းအေးစေတတ်သောကြောင့် တည်ငြိမ်မှု (သမာဓိ)ကို သမထဟုခေါ်ပေသည်၊၊

ပုထုဇဉ်ပုဂ္ဂိုလ်သည် သမာဓိထူထောင်မှုလုပ်ငန်း (သမထကျင့်စဉ်) ကို ကျင့်သောအခါ ရှုမှတ်နေသော အာရုံအပေါ်၌ စူးစိုက်တည်ငြိမ်သော သမာဓိတရားများ .ဖြစ်ပွားလေ့ရှိ၏၊၊ ထိုအခါ လောဘ ဒေါသ စသော အပူဓာတ်(ကိလေသာ)များ.ဖြစ်ပွားခွင့်မရဘဲ စိတ်သည် ငြိမ်းအေးနေတတ်၏၊၊ ထိုသို့ ငြိမ်းအေးနေမှု သမာဓိကိုပင် သမထဟုခေါ်ပေသည်၊၊ အပူဓာတ်( ကိလေသာ)တို့ကို ငြိမ်းအေးစေတတ်သောတရားဟု အဓိပ္ပါယ်ရှိသည်၊၊

ကိလေသာကုန်ခမ်း၍ ရဟန္တာဖြစ်ပြီး လောကီဈာန်များကို အားထုတ်ရာ၌ကား အပူဓာတ်(ကိလေသာ)များကို ငြိမ်းအေးစေဖွယ်မလို ပင်ကိုကပင် ငြိမ်းအေးပြီး ဖြစ်သည်၊၊

ခြုံ၍ဆိုရလျင် လောဘစသော အပူဓာတ်(ကိလေသာ)များ မငြိမ်မသက်သော စိတ်များ၊ ရုန့်ရင်းကြမ်းတမ်းသော ဈာန်အင်္ဂါများကို ငြိမ်းအေးစေတတ်သောကြောင့် သမထ မည်၏၊၊

ဝိပဿနာ၏ အဓိပ္ပါယ်

လောကတွင် ပုဂ္ဂိုလ် သတ္တဝါအရာဝတ္ထုဟူ၍မရှိ၊ ရုပ်နှင့် နာမ်သဘာဝသာရှိသည်၊၊ ယင်း ရုပ် နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ဖြင့် ထူးထူးခြားခြား ရှုမြင်တတ်သော ဉာဏ်ပညာကို ဝိပဿနာဟု ခေါ်သည်၊၊ ဝိပဿနာဉာဏ် အမြင်မရှိသော ပုဂ္ဂိုလ်တို့ကား ရုပ်နှင့်နာမ် ပေါင်းစပ်နေသော သတ္တဝါများကို လူအ နတ် ဗြဟ္မာ ယောက်ျား မိန်းမ စသည်ဖြင့်ဖြစ်စေ၊ ရုပ်ကလာပ် အပေါင်းအစုဖြစ်သော အရာဝတ္ထုတို့ကို အိမ် ကျောင်း တော တောင် သစ်ပင် စသည်ဖြင့် ထင်မြင်တတ်ကြသည်၊၊ ထိုအရာတို့ကို မြဲ၏(နိစ္စ) , ချမ်းသာ၏(သုခ) ,ကိုယ်ပိုင်ဖြစ်၏(အတ္တ) ,ကောင်း၏(သုဘ) ဟု ထင်မြင်တတ်ကြ၏၊၊

ထိုအမြင်ကား အန္ဓပုထုဇဉ်တို့ ထင်မြင်လေ့ရှိသော သာမန်အမြင်များ ဖြစ်၏၊၊ ဝိပဿနာဉာဏ်ကား ထိုအမြင်ထက် ထူးခြားထွင်းဖောက်ပြီး သတ္တဝါနှင့်အရာဝတ္ထုတို့သည် ရုပ်နာမ်သဘာဝသာဖြစ်၏၊၊ အမြဲမရှိ (အနိစ္စ), ဆင်းရဲ၏(ဒုက္ခ), အစိုးမရ (အနတ္တ), မတင့်တယ်(အသုဘ) ဟု နက်နက်နဲနဲ သိမြင်လာသော ဉာဏ်ပညာကိုပင် ဝိပဿနာဟုခေါ်ဆိုခြင်းဖြစ်သည်၊၊

``ကမ္မဋ္ဌာန်း´´ဟူသော ဝေါဟာရသည်လည်း ပါဠိသက်ဝေါဟာရဖြစ်၏၊၊ ``ကမ္မဋ္ဌာန´´ဟူသော ပါဠိမှ ဆင်းသက်လာ၏၊၊ရှုမှတ်ဖွယ်အာရုံအမျိုးမျိုးဟု အဓိပ္ပါယ်ရှိသည်၊၊

ထိုတွင်သမ္မထကမ္မဋ္ဌာန်းကား အမျိုးအစားအားဖြင့် (၄၀)ရှိသည်၊၊ ကသိုဏ်း (၁၀)ပါး၊ အသုဘ(၁၀)ပါး၊ အနုဿတိ(၁၀)ပါး၊ ဗြဟ္မဝိဟာရ(၄)ပါး၊ အာရုပ္ပ(၄)ပါး၊ သညာ(၁)ပါး၊ ဝဝတ္ထာန်(၁)ပါး တို့ဖြစ်သည်၊၊

အဒိန္နာဒါန(အရာရာကို စဉ်းစားချင့်ချိန်ပါ)

*အဒိန္နာဒါန*(အရာရာကို စဉ်းစားချင့်ချိန်ပါ)..

လူတစ်ယောက်ဆို လိမ်တာ တော်တော်လေးပိပိရိရိလိမ်တာ။ စာထဲမှာ မှတ်တမ်းတင်ထားတယ် နည်းတော့မယူကြနဲ့၊၊

လူတစ်ယောက်က သမင်လေး ၂ကောင်ယူလာတယ်၊၊ တစ်ကောင်က အကြီး၊ တစ်ကောင်က အငယ်တဲ့၊၊ အဲဒီခေတ်က ငွေဈေးနဲ့ပြောရရင် အကြီးကောင်က ၂ကျပ်။ အကြီးကောင်လိုချင်ရင် ပိုက်ဆံ ၂ကျပ်ပေးရမယ်၊၊ အငယ်ကောင် လိုချင်ရင် ၁ကျပ်၊၊

အဲဒီတော့ အရက်သမားတစ်ယောက်နဲ့တွေ့တယ်။.တွေ့တော့ မေးတယ်၊၊
``ဈေးသွားရောင်းဖို့လား.´´
``အေး ဟုတ်တယ်၊ ရောင်းမှာ´´
`` တစ်ကောင် ဘယ်လောက်တုန်း´´ ပေါ့
`` ဒီ သမင်ကြီးက ၂ကျပ်၊ အကောင်လေးက ၁ကျပ်´´

အရက်သမားက အကြံဉာဏ်ကောင်းတယ်၊၊ သူ့အိတ်ထဲ စမ်းလိုက်တော့ ပိုက်ဆံလေး ၁ကျပ်တွေ့တယ်၊၊ ၁ကျပ်ပေးပြီး အကောင်လေး ယူသွားတယ်၊၊ အတော်လေး သွားပြီးတဲ့ အခါကျတော့ သူကပြန်ခေါ်တယ်၊၊

နေပါဦး နေပါဦးနဲ့ဆိုပြီးတော့ ခုနဟိုလူကလည်း အတ,တကိုး။ ဂဏန်းလည်း တွက်တတ်မယ် မထင်ဘူး၊၊ အဲဒီတော့ ပြန်လာပြီး ပြောတယ်၊၊

``ကျုပ်အကောင်လေး မယူတော့ဘူး၊ အကောင်ကြီးဘဲ ယူတော့မယ်´´ ဆိုတော့ ဟိုလူကပြောတယ်၊၊
``ခင်ဗျား အကောင်ကြီးယူရင် ငွေ၁ကျပ် ထပ်ပေးရမယ်´´
``ဟာ, ခင်ဗျား ဘာပြောတာတုန်း။ စဉ်းစားကြည့်လေ၊ ခင်ဗျားကို ငွေတစ်ကျပ် ပေးပြီးသားနော်´´
``ဟုတ်တယ် ပေးပြီးသား၊၊´´
``အဲဒီငွေ ၁ကျပ်ရယ်၊ ဒီကောင်လေးက ၁ကျပ်တန်တယ်၊၊ အဲဒီတော့ ၂ကျပ်ပြည့်ပြီ၊ ဟိုကောင်ကြီးပေးလိုက်´´

အဲဒီရောင်းတဲ့လူကလည်း ဘာပြန်ပြောရမှန်းမသိဘူး၊၊ အကောင်ကြီးပေးလိုက်တယ်၊၊ အဲဒီလိမ်နည်းဟာ ဘယ်လောက်ပိရိတယ်ဆိုတာ စဉ်းစားကြည့်နော်။

အော်....ဒီလိုနည်းနဲ့ လှည့်ယူသွားတာ၊၊ ဒါ အဒိန္နာဒါနပဲ။.....

ဒုက္ခ

* ဒုက္ခ *

``ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ ဇာတိပိ ဒုက္ခော၊
ဇရာပိ ဒုက္ခာ၊ ဗျာတိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တံ ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ´´လို့ မြတ်စွာဘုရားက ဒုက္ခသစ္စာကို ရှင်းပြတယ်။

``ဇာတိပိ ဒုက္ခော၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ´´ မွေးဖွားရတာလဲ ဆင်းရဲတာပဲ၊ အိုရတာ နာရတာ သေရတာလဲ ဆင်းရဲတာပဲ။ ဘယ်သူမှ မကြိုက်တဲ့ အရာတွေပဲ။ နောက်..

``အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော´´ ကိုယ်မနှစ်သက်တာတွေနဲ့ အတူတူနေနေရရင်၊ ကိုယ်နှစ်သက်တာတွေနဲ့ခွဲခွာရရင် စိတ်ဆင်းရဲတယ် ဆိုတာလည်း လူသိ သူသိ ဒုက္ခမျိုးပဲ၊၊နောက်..

``ယံပိစ္ဆံ န လဘတိ၊ တံ ပိ ဒုက္ခံ´´ လိုချင်တာမရဘူး ဆိုတာလည်းဘဲ ဆင်းရဲဒုက္ခတစ်မျိုးဆိုတာ အားလုံးသဘောပေါက်ထားကြတယ်။

သို့သော် မြတ်စွာဘုရားဟောတဲ့ ဒုက္ခကတော့ ဒီ့ထက် ပိုလေးနက်တယ်၊၊`` သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ´´ အဲဒါကတော့ ပိုလေးနက်တယ်၊၊ ဝိပဿနာဉာဏ်နဲ့ကြည့်မှ ဥပါဒါနက္ခန္ဓာကို ဒုက္ခလို့သိနိုင်တယ်ပေါ့၊၊ ဝိပဿနာဉာဏ်နဲ့ မကြည့်ရင် ဒုက္ခလို့ မသိနိုင်ကြဘူး၊၊

ဒီနေရာမှာ ဒုက္ခဆိုတဲ့ စကားလုံးကို မြန်မာလိုလည်း ဆင်းရဲလို့ပြန်တယ်။ အင်္ဂလိပ်လို ပြန်တဲ့အခါမှာလည်း Suffering လို့ပြန်တယ်၊၊ ဒုက္ခအရိယသစ္စာကို The Noble Truth Of Suffering နဲ့ပဲ ပြန်ကြတယ်ပေါ့၊၊ အဲဒီပြန်ဆိုချက်ကိုကြည့်မယ်ဆိုရင် ဒုက္ခဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မထိရောက်ဘဲဖြစ်နေတယ်ပေါ့၊၊

အဲဒီစကားလုံးရဲ့အဓိပ္ပါယ်ကို အဋ္ဌကထာကဖွင့်တယ်၊၊ Traditional Meaning၊၊ အစဉ်အလာဖွင့်ဆိုခဲ့တဲ့ အဓိပ္ပါယ်နဲ့ မကိုက်ညီဘူးတဲ့၊၊ ``ဒု ´ ဆိုတာ ဘာလဲလို့ဆိုရင် ရွံ့မုန်းစရာကောင်းတယ်၊၊ ကျေနပ်စရာမကောင်းဘူးလို့ အဓိပ္ပါယ်ရတယ်။ ``ခ´´ ဆိုတာကတော့ ကိုယ်ထင်တဲ့အရာတစ်ခုမှမရှိလို့ Emptiness ``ဘာမှမရှိတဲ့အရာ''၊ ကိုယ်က မြဲတယ်ထင်ပေမယ့် မမြဲဘူး၊၊ ချမ်းသာတယ်ထင်ပေမယ့်လို့ မချမ်းသာဘူး၊၊ ကိုယ်ပိုင်တယ် ထင်ပေမယ်လို့ တကယ်ပိုင်တာ မဟုတ်ဘူး၊၊

အဲတော့ ကိုယ့်ရဲ့ အထင်အမြင်ယူဆချက်တွေဟာ တစ်ခုမှမရှိလို့ ``ခ´´ရဲ့ အဓိပ္ပါယ်ရင်းက ကောင်းကင်၊ ကောင်းကင်ဆိုတာ လေဟာပြင်ကိုပြောတာ။ လေဟာပြင်ဆိုတာ ဘာမှမရှိတဲ့ နေရာကိုပြောတာလေ၊၊ ``ဒု´´ ဆိုတာ ပြဿနာအားလုံးရဲ့ စုဝေးရာဖြစ်သောကြောင့် ရွံ့မုန်းစရာကောင်းတယ်၊၊ စက်ဆုပ်စရာကောင်းတယ်၊၊

ကြည့်လေ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေပေါ်မှာ ပြဿနာတွေ အိုရတယ်,နာရတယ်,သေရတယ်ဆိုတဲ့ ဒီပြဿနာတွေ၊ အဲဒါတွေအားလုံးစုပြီး နေသည့်အတွက်ကြောင့် ကျေနပ်စရာမကောင်းဘူး၊ နှစ်သက်စရာမကောင်းဘူး၊၊ ရွံ့မုန်းစရာကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ``ဒု ´၊၊ ဒါကြောင့် `ဒု´ ဆိုတဲ့ စကားလုံးက ကုစ္ဆိတ၊ စက်ဆုပ်စရာ ကောင်းတယ်၊ ရွံ့မုန်းစရာကောင်းတယ်၊၊ ``ခ´´ဆိုတာ ကောင်းကင် ဘာမှမရှိဘူး၊၊ လဟာပြင်၊ ဘာမရှိတာတုန်းဆို ကိုယ့်ရဲ့ထင်မြင်ယူဆထားတဲ့ အရာတွေ တစ်ခုမှမရှိဘူးလို့ ဒီလိုပြောတာ၊၊

အဲတော့ ဒီအဓိပ္ပါယ်ကို ကြည့်မယ်ဆိုလို့ရှိရင် ဒုက္ခဆိုတဲ့ ပထမအရိယသစ္စာ ``သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ´´ ဆိုတဲ့ အားလုံးခြုံငုံပြီးတော့ ဟောလိုက်တဲ့ အင်မတန်လေးနက်တဲ့ ဒုက္ခဆိုတာ ဒီအဓိပ္ပါယ်နဲ့မှ ပိုပြီးတော့ ဆီလျော်တယ်ပေါ့၊၊ ခန္ဓာ ၅ပါးမှာ ချမ်းသာတယ်လို့ထင်တယ်၊၊ တင့်တယ်တဲ့သဘော ခန္ဓာမှာမရှိဘူး၊၊ အတ္တ ကိုယ့်အလိုကျ ဖြစ်တယ်လို့ လူတွေက ထင်နေကြတယ်၊၊ အဲဒီခန္ဓာကိုယ်မှာ အတ္တဆိုတဲ့ သျဘာလည်း မရှိဘူးလို့ဆိုတာ ဘာမှမရှိဘူးလို့ အဓိပ္ပါယ်ကပြောတာနော်၊၊

ဒါကြောင့်မို့လို့ 'ဒု'ဆိုတာ အင်္ဂလိပ်လိုကျတော့ Disgusted ရွံ့စရာကောင်းတယ်၊၊ `ခ´ဆိုတာ Disgusted and Emptiness ဒီလို ဆိုလိုတဲ့အဓိပ္ပါယ်ကို ဝိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားတယ်၊၊ အဲဒါကြောင့်မို့လို့ `` ဒု ခ´´ ဆိုတဲ့ နံမည်ကို ပေးထားတယ်၊၊ စကားလုံးလေး (၂)လုံးဟာ တစ်လုံးစီ အဓိပ္ပါယ်ရှိတယ်လို့ ဒီလိုမှတ်ရမယ်၊၊ `ဒု´ဆိုတာ ကုစ္ဆိတ၊ `ခ´ဆိုတာ တု စ္ဆ ဘာမှာမရှိဘူး အချည်းနှီး ဒီလိုပြောလိုတာ၊၊ သင်္ခါရတရားတွေပေါ်မှာ ဒီလိုရှု့ရမယ်လို့ မြတ်စွာဘုရားက ဒုက္ခသစ္စာကို ရှင်းပြခဲ့ပါတယ်၊၊

( အရှင်နန္ဒမာလာဘိဝံသ တရားတော်မှ ဖတ်မိသော အသိအားဝေမျှပါသည်၊၊)

သတ္တသင်္ဂဟနှင့် လောကသင်္ဂဟ


*သတ္တသင်္ဂဟနှင့် လောကသင်္ဂဟ*

မမြင့်မြတ်သူတို့သည် သူတစ်ပါးက မိမိထက် သာသွားမှာကိုစိုးရိမ်၏။ ပူပန်၏။ မနာလို၏။ ဝန်တို၏။

မြင့်မြတ်သူတို့ကား သူတစ်ပါးရှိရင်းစွဲ အခြေအနေမှ ရွေ့လျောနိမ့်ကျသွားမှာကို စိုးရိမ်၏။ ပူပန်၏။ မိမိထက် သာသွားသည်ကို ကြည်နှုး၏။ ဝမ်းမြောက်၏။ ချီးကျူး၏။ အားတတ်၏။ ဤသည်မှာ မြင့်မြတ်သူများနှင့် မမြင့်မြတ်သူများ အနေဖြင့်ဘဝခရီးကို လျှောက်ကြရာ၌ မျက်နှာမှုရာ တူရူချင်း ခြားနားပုံ ဖြစ်၏။

အမှန်အားဖြင့် လူသာမက သတ္တဝါအားလုံးသည် ဤတူရူနှစ်ဖက်အနက် တစ်ဖက်ဖက်သို့ ခဏတိုင်းခဏတိုင်း လျှောက်နေကြသည် ဖြစ်ပါ၏။ ထိုသို့ လျှောက်နေကြသော်လည်း မိမိတို့အနေဖြင့် မည်သည့်တူရူအတိုင်း လျှောက်နေကြသည်ကို အမှန်အတိုင်း မသိကြ။ အမှန်အတိုင်း မသိကြသောကြောင့်သာ မိမိတို့လျှောက်နေကြသော တူရူကို မှန်သောတူရူဟူ၍ ထင်မှတ်နေကြခြင်းဖြစ်၏။ ထိုသို့ ထင်မှတ်နေသောကြောင့်သာ မမြင့်မြတ်သူများသည် မိမိတို့အနေဖြင့် သတ္တသင်္ဂဟတူရူအတိုင်း လျှောက်နေခြင်းဖြစ်ပါလျက် မိမိတို့သည် လောကသင်္ဂဟ တူရူအတိုင်း လျှောက်နေကြခြင်း ဖြစ်သည်ဟု ကြွေးကြော်ကြ၏။

မိမိတို့သည် ကိုယ်ကျိုးကို ပဓာနထားကာ အများအကျိုးတည်းဟူသော မျက်နှာဖုံးဖြင့် လုပ်နေခြင်း ဖြစ်ပါလျက် အများကောင်းစားရေးအတွက် လုပ်နေကြခြင်းဖြစ်၏ ဟူ၍ လည်းကောင်း၊ ၂၄နာရီလုံးလုံး မအိပ်မနေလုပ်နေကြခြင်း ဖြစ်၏ ဟူ၍ လည်းကောင်း ကြွေးကြော်ကြ၏။ ဤကြွေးကြော်ချက်မျိုးကို ``ပပဉ္စ´´သိဖြင့် ကြွေးကြော်ခြင်းဟုဆိုရ၏။ အဂတိလေးပါးဖြင့် ကြွေးကြော်ခြင်း ဟူ၍လည်း ဆိုရ၏။ ``ပပဉ္စ´´သိ ဟူသည်မှာ ``အတ္တဒိဠိ´´ဖြစ်၏၊၊ ဒေသနာတော်၌ ဤသို့ ကြွေးကြော်ခြင်းကို ဤသို့ ဆို၏။

အနယော နယရူပေန ဗုဒ္ဓိမက္ကမ္မ တိဋ္ဌတိ
``မှားသော နည်းသည် မိမိ၏ အသိဉာဏ်ကို ကျော်လွှား၍ မှန်သောနည်း အသွင်ဖြင့် ရပ်တည်တတ်၏။´´

အမှန်အားဖြင့် မမြင့်မြတ်သော လူများသည် အတ္တသိအားကြီးလာသောအခါ အမှားကို အမှန်ထင်တတ်ကြ၏၊ မကောင်းကို အကောင်းထင်တတ်ကြ၏၊ မိတ်ဆွေကို ရန်သူ ထင်တတ်ကြ၏၊၊ ဤသို့ ထင်ခြင်းသည် မိမိတို့ ပျက်စီးခြင်း၏ သင်္ကေတဖြစ်၏၊၊ မိမိတို့ ပျက်စီးခြင်း၏ အရိပ်နိမိတ် ဖြစ်၏၊၊

ထိုသို့ဖြစ်သော်လည်း ``ငါမှန်တယ်´´ ဟူ၍သာ ဇွတ်အတင်း မိမိ၏အယူအဆကို ဖက်တွယ်ထားတတ်၏၊၊ ဤသဘောကို ``အာဓာနဂ္ဂါဟီ´´ ဟူ၍ ဆို၏၊၊ အကယ်၍ မှားမှန်းသိနေသည့်တိုင်အောင် ``မထူးတော့ပါဘူးကွာ´´ ဟူသော ခံယူချက်ဖြင့် မိမိ၏ အယူကို မစွန့်ဘဲ ဇွတ်အတင်း ဆက်လုပ်တတ်၏၊၊ ဤသဘောကို ``ဒုပ္ပဋ္ဋိနိဿဂ္ဂိ´´ ဟူ၍ ဆိုရာ၏၊၊ ဤသည်မှာ မမြင့်မြတ်သူတို့၏ လက္ခဏာဖြစ်၏၊၊ ဤသို့သော သူများကို ကျမ်းဂန်များ၌ ``ဒုဗ္ဗစ´´ ဟူ၍ ဆို၏၊၊ ဒုဗ္ဗစ ဟူသော ပါဠိဝေါဟာရ၏ အနက်မှာ ``ပြောရဆိုရခက်သူ´´ ဟူ၍ ဖြစ်၏။ ထို့ကြောင့် ပြောရဆိုရခက်သူ ဟူသမျှသည် မမြင့်မြတ်သူတို့ ဖြစ်၏၊၊

(ဆရာ ဦးရွှေအောင်စာအုပ်မှ ထုတ်နှုတ်ဖော်ပြသည်၊၊)

ဥပါသကာ၊ ဥပါသိကာမအကြောင်း


*ဥပါသကာ ဥပါသိကာအကြောင်း*

ဥပါသကာ ဥပါသိကာဟူသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဒကာ ဒကာမများကိုပင် ခေါ်ဆိုသော ဝေါဟာရဖြစ်ပေသည်၊၊ သရဏဂုံ တည်နေသူ ကြီးကြီးငယ်ငယ် အမျိုးသားဖြစ်လျှင် ဥပါသကာ,အမျိုးသမီးဖြစ်လျှင် ဥပါသိကာဟုခေါ်ပေသည်၊၊

သာသနာတော် တည်တန့်ပြန့်ပွားရေးအတွက် ဥပါသကာ ဥပါသိကာတို့၏ အခန်းကဏ္ဍတာဝန်လည်း အရေးပါလှ၏၊၊ သံဃာတော်ရှင်သူမြတ်များနှင့် ဓမ္မာနုဂ္ဂဟ, ပစ္စယာနုဂ္ဂဟအားဖြင့် အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သူ့တာဝန် ကိုယ့်တာဝန် ကျေပွန်အောင် လက်တွဲထမ်းဆောင်ကြရ၏၊၊ သံဃာတော်များနှင့် အေးအတူပူအမျှ(သမာနသုခဒုက္ခ) စိတ်ထားရသူများဖြစ်သည်။ ပစ္စည်းလေးပါးတာဝန် ထမ်းဆောင်ရသူများဖြစ်၍ မိမိပိုင်ပစ္စည်းဥစ္စာကို ရဟန်းသံဃာများနှင့် မခွဲခြားမကန့်သတ်ဘဲသာတူညီမျှ အတူတကွ သုံးစွဲနိုင်ရသူများလည်းဖြစ်၏ (အပ္ပဋိဝိဘတ္တဘောဂီ)၊ သံဃာတော်များအတွက် အမြဲတမ်းပေးလှူရဲသူဖြစ်ရ၏၊ ရေတွင်းသဖွယ် ဖြစ်ရ၏၊၊

ဥပါသကာမည်သည် သာသနာဆုတ်ယုတ်မည့် အရေးကိစ္စပေါ်လျှင်လည်း ကြောင့်ကြမဲ့ မနေ၊ သံဃာတော်များနှင့်အတူလက်တွဲ၍ ဆောင်ရွက်ရ၏၊၊ ယုတ်စွအဆုံး သံဃာတော်အချင်းချင်း မသင့်မမြတ်ဖြစ်သည်ကိုတွေ့လျှင်ပင် ညီညွှတ်အောင် ဆောင်ရွက်ပေးရသည်၊၊ ကောသမ္ဗီမြို့တွင် ပစ္စည်းလေးပါးဖြင့် အကြပ်ကိုင်ကာ ညီညွတ်စေခဲ့ဖူး၏၊၊

ဘုရားရှင်လက်ထက်တော်က စိတ္တသူကြွယ် ဟတ္တကအာဠဝကဥဂ္ဂတ စသော ဧတဒဂ်ဝင် စံတင်ထားရသော သာသနာပြု ဥပါသကာများ၊ ဝိသာခါ, ခုဇ္ဇုတ္တရာ,နန္ဒမာတာ စသော ဥပါသိကာမများ ရှိခဲ့ကြ၏၊၊

မြတ်စွာဘုရားရှင်သည် အနာဂတ်သာသနာအတွက် ရဟန်းသံဃာတော်နှင့် ရဟန်းမများနည်းတူ ဥပါသကာနှင့် ဥပါသိကာမတို့အားလည်း အားထားမျှော်လင့်တော်မူ၏၊၊ တာဝန်လည်း ပေးအပ်တော်မူခဲ့၏၊၊ သာသနာ့ကျက်သရေဆောင် သာသနာ့ဝန်ဆောင် လေးဦးဟု ခေါ်သည်၊ ရဟန်းတော်များနည်းတူ တာဝန်ရှိသူများ ဖြစ်သည်ကိုမမေ့သင့်ကြ၊၊

သာသနာပြုရာတွင် ဝိနည်းသိက္ခာပုဒ်များကြောင့် ရဟန်းသံဃာတော်များ မဝင်ဆံ့၊ မဆောင်ရွက်နိုင်သော ကိစ္စများရှိတတ်၏။ ထိုကိစ္စမျိုးကို လူဒကာ ဒကာမတို့က ဆောင်ရွက်မှသာ ရနိုင်၏။ ဥပါသကာ ဥပါသိကာမတို့သည် ရဟန်းတော်များနည်းတူ သာသနာ့တာဝန်များ ရှိကြသည့်အားလျှော်စွာ ဥပါသကာ ဥပါသိကာမတို့၌ ရှိသင့်ရှိထိုက်သော ကိုယ်ကျင့်တရား၊ ဂုဏ်အရည်အသွေးများ အပြည့်ရှိအောင်လည်း ကြိုးစားကြရာ၏၊၊

ဥပါသကာ၏ ကိုယ်ကျင့်သီလ

ရှင်သာမဏေမှာ ရှင်သာမဏေ၏ သီလရှိ၏။ ရဟန်းမှာ ရဟန်း၏ သီလရှိ၏။ ဥပါသကာမှာလည်း ဥပါသကာသီလရှိ၏။ မြတ်စွာဘုရားလက်ထက်က မဟာနာမ်သာကီဝင်မင်းသည် ဥပါသကာတို့ ကျင့်သုံးရမည့်သီလကို မြတ်စွာဘုရားအား မေးလျှောက်ခဲ့ဖူး၏။ မြတ်စွာဘုရားက-

``ဥပါသကာဟူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှု၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်မှု၊ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်မှု၊ လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်မှု၊ သေရည်သေရက်တို့ကို သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်မှုဟူသော ငါးပါးသီလနှင့် ပြည့်စုံရမည်´´ဟု မဟာနာမ်သာကီဝင်မင်းအား မိန့်ကြားတော်မှုခဲ့သည်။

ဤဒေသနာအရ ငါးပါးသီလသည် ဥပါသကာတို့၏ သီလဖြစ်သည်။ ငါးပါးသီလမလုံလျှင် အကျင့်သီလရှိသော ဥပါသကာမမည်။ အကျင့်သီလရှိသော ဥပါသကာဖြစ်စေရန် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းကြရမည် ဖြစ်သည်။

ဥပါသကာ၏ အသက်မွေးမှု

ဥပါသကာသည် အကျင့်သီလ ပြည့်စုံရုံမျှဖြင့်လည်း မပြီးသေး၊ အပြစ်ကင်းသော အသက်မွေးမှုလုပ်ငန်းမျိုးကို လုပ်ကိုင်အသက်မွေးရန် လိုပေသေးသည်၊၊ ဥပါသကာတို့ ရှောင်ကြဉ်ရမည့် အသက်မွေးမှုလုပ်ငန်း (၅)မျိုးရှိကြောင်း မြတ်စွာဘုရား ဟောကြားခဲ့၏၊၊ ထို(၅)မျိုးတို့မှာ-
(၁) လက်နက်ကုန် ရောင်းဝယ်ခြင်း၊
(၂) လူကုန် ရောင်းဝယ်ခြင်း၊
(၃) အသားကုန် ရောင်းဝယ်ခြင်း၊
(၄) သေရည်အရက် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊
(၅) အဆိပ်ကုန် ရောင်းဝယ်ခြင်း တို့ဖြစ်သည်။
ထို(၅)မျိုးတို့မှာ မိမိသူတပါး ထိခိုက်ပျက်စီးစေတတ်၍ မတရားသော၊ အပြစ်မကင်းသော ရောင်းဝယ်မှုဟုခေါ်၏၊၊

ဥပါသကာ အယုတ် အမြတ်

ဥပါသကာ၌ အောက်ပါအခြေခံအကြောင်း (၅)မျိုးရှိနေလျှင် ဖောက်ပြန်ပျက်စီးတတ်သည်။ အခြေခံအကြောင်း(၅)မျိုးကား-
*(၁) သဒ္ဓါတရားမရှိခြင်း၊
*(၂) သီလပျက်ခြင်း၊
*(၃) ကောတုဟလ မင်္ဂလာခေါ် အထူးအဆန်းများကို
ကြီးပွားကြောင်း မင်္ဂလာဟု ယုံကြည်ခြင်း
(ကောင်းသောအရာကို မြင်ရ, ကြားရ, နံ, စား,
တွေ့ထိရလျှင် မင်္ဂလာဟု ယုံကြည်ခြင်း)
*(၄) လောကီမင်္ဂလာခေါ် အထူးအဆန်းကိုသာ ယုံ၍ ကံကို
မယုံကြည်ခြင်း၊
*(၅) မြတ်စွာဘုရားသာသနာမှ အပြင်ပ၌ အလှူခံပုဂ္ဂိုလ်ကို
ရှာ၍ ဦးစွာ ထိုပုဂ္ဂိုအား လှူဒါန်းခြင်း၊ မြတ်နိုးခြင်း
(သာသနာအပြင်ဘက်မှ သီလမရှိသူကို
တကယ့်အလှူခံပုဂ္ဂိုလ်ဟု ထင်မှတ်၍ ထိုပုဂ္ဂိုလ်ကိုသာ
ပေးလှူမှု မြတ်နိုးမှု ဦးစွာပြု၍ သာသနာကိုမှုနောက်မှ
ပြုခြင်း) တို့ဖြစ်သည်။

ထိုအကြောင်းတရား(၅)မျိုးတို့ကို အခြေခံ၍ ငါးပါးသီလ မလုံခြုံသူနှင့် အသက်မွေးဝမ်းကျောင်းမှု မစင်ကြယ်သောသူကို ပျက်စီးသော ဥပါသကာ (ဥပါသကာပျက်)ဟု ခေါ်ဆိုသည်။ ဥပါသကာဒွန်းစဏ္ဍား (ဥပါသကာစဏ္ဍာလ)၊ ဥပါသကာ အညစ်အကြေး (ဥပါသကမလ)၊ ဥပါသကာ အညံ့စား (ဥပါသကာပတိကိဋ္ဌ) ဟုခေါ်သည်။

ဖော်ပြပါ အကြောင်းတရား(၅)မျိုးတို့ကို အပြန်နည်းအားဖြင့်(ပြောင်းပြန်)ယူ၍ ငါးပါးသီလနှင့် အသက်မွေးဝမ်းကျောင်းမှု စင်ကြယ်လျှင် ပြည့်စုံသော ဥပါသကာ(ဥပါသကာကောင်း)ဟု ခေါ်သည်။ ဥပါသကာရတနာ (ဥပါသကရတန)၊ ဥပါသကာပဒုမာ(ဥပါသကပဒုမ)၊ ဥပါသကာ ပုဏ္ဍရိက်(ဥပါသကပုဏ္ဍရိက)ဟု ခေါ်သည်။

ဥပါသကာ ဆုတ်ယုတ်ကြောင်း (၇)မျိုး

အဂုင်္တ္တိုရ်ပါဠိတော်လာ ဥပါသကာ အရည်အချင်း ညံ့ဖျင်းယုတ်လျော့စေတတ်သော အကြောင်းအင်္ဂါ(၇)မျိုးကား-
(၁) ရဟန်းသံဃာတော်များအား တွေ့ဆုံဖူးမြော်မှု
ယုတ်လျော့ခြင်း၊
(၂) တရားနာယူမှု၌ မေ့လျော့ခြင်း၊
(၃) ကိုယ်ကျင့်သီလ လုံခြုံအောင် မစောင့်ထိန်းခြင်း၊
(၄) ရဟန်းသံဃာတော်များအပေါ်၌
ကြည်ညိုမှုအားနည်းခြင်း၊
(၅) ခြုတ်ခြယ်စောင်းမြောင်းသော အပြစ်ရှာလိုသော
စိတ်ဖြင့် တရားနာယူခြင်း၊
(၆) သာသနာအပြင်ဘက်၌ မြတ်သောအလှူခံပုဂ္ဂိုလ် ရှိနိုး
မြော်ကိုးရှာမှီးခြင်း၊
(၇) ကုသိုလ်ကောင်းမှု ပြုလုပ်သောအခါလည်း
သာသနာတော်အပြင်ဘက်၌သာ ဦးစားပေး ရှေးဦးစွာ
ပြုလုပ်ပြီး သာသနာတော်၌ နောက်မှ
ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း တို့ဖြစ်သည်။

ဥပါသကာပြည့်စုံကြောင်း ဥပါသကာအရည်အချင်းကောင်း (၇)မျိုးကိုလည်း အပြန်နည်းအားဖြင့် မှတ်ယူရာ၏။

ဥပါသကာ ဂုဏ်ရည်(၁၀)မျိုး

မိလိန္ဒမင်းကြီးမေးလျှောက်သော အရှင်နာဂသေနရဟန္တာ အရှင်မြတ်ကြီး မိန့်ကြားတော်မှုခဲ့သော ဥပါသကာကောင်းတို့၌ ရှိရမည့်ဂုဏ်ရည် (၁၀)ပါးကိုလည်း မှတ်သားသင့်သည်။
(၁) သံဃာတော်များနှင့် ချမ်းသာမကွဲ ဆင်းရဲအတူ ရှိရခြင်း၊
(၂) မြတ်စွာဘုရား၏ တရားတော်များကိုသာ
အကြီးအမှုးထားခြင်း အလေးဂရုပြုခြင်း၊
(၃) မိမိ၏ စီးပွားဥစ္စာအင်အားအလျောက် ခွဲဝေလှူဒါန်းခြင်း
(၄) မြတ်စွာဘုရားသာသနာ ဆုတ်ယုတ်ပျက်ပြားသည်ကို
မြင်လျှင် ကြားလျှင် တည်တံ့ပြန့်ပွားအောင်
ကြိုးစားအားထုတ်ခြင်း၊
(၅) ဖြောင့်မှန်သော အယူရှိခြင်း
(၆) ကောတုဟလကို မင်္ဂလာဟု မယုံကြည်ခြင်း
(၇) အသက်ဟူသော အကြောင်းကြောင့်ပင်လျှင်
သာသနာပြင်ပပုဂ္ဂိုလ်ကို ကိုးကွယ်ရာ ဆရာအဖြစ်
မထားခြင်း၊ မညွှန်ပြခြင်း၊
(၈) ကာယကံ ဝစီကံကို စောင့်ထိန်းခြင်း
(၉) အချင်းချင်း ညီညွှတ်စွာ နေထိုင်၍ ဝန်တိုမှု
ငြူစူစောင်းမြောင်းမှုမရှိခြင်း၊ ကောက်ကျစ်စဉ်းလဲမှု၊
ဝါကြွားပလွှားမှု ကင်းခြင်း၊
(၁၀) ဘုရား တရား သံဃာကို ကိုးကွယ်ဆည်းကပ်ခြင်း
တို့ဖြစ်သည်၊၊

ပြဆိုခဲ့သော ကိုယ်ကျင့်သီလ,အသက်မွေးမှု, ဂုဏ်အရည်အချင်းကောင်းများနှင့် ပြည့်စုံ၍ အနာဂါတ်သာသနာအတွက် မြတ်စွာဘုရားရှင် လိုလားတော်မှုသော ဥပါသကာကောင်း ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားကြရာ၏၊၊

ဆုတောင်း ဆုပေး


ရှေးရိုးအစဉ်အလာ

ကောင်းမှုကုသိုလ်များ ပြုလုပ်သည့်အခါ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ ရှေးရိုးအစဉ်အလာ ဘာသာရေးတစ်ခုဖြစ်ပါသည်။ ဘုရားရှိခိုးသည့်အခါ၌ပင် သြကာသ ဘုရားရှိခိုးတွင်ပါသည့်အတိုင်း အပ္ပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး စသည်တို့မှ ကင်းလွတ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာများကိုရလိုကြောင်း ဗုဒ္ဓဘာသာဝင် ကလေးလူကြီးတိုင်း ဆုတောင်းလေ့ရှိကြသည်၊၊ ရဟန်းသံဃာများအား ပစ္စည်းလေးပါး.လှူဒါန်းသည့်အခါ၌မှု သံဃာတော်များက ``ဘန္တေ အရှင်ဘုရား၊ မယံ -တပည့်တော်တို့သည်´´စသည်ဖြင့် အလှူရှင်များကိုယ်စား ဆုတောင်းပေးလေ့ရှိကြသည်။

ဆုတောင်းနေစရာမလို

သို့သော် အချို့သော လောကုတ္တရာပညာရှင်ကြီးများက ဆုတောင်းခြင်းအလေ့ကို နှစ်သက်တော်မမူကြချေ၊၊ ထိုပညာရှင်ကြီးများက ဌက်ပျောပင်စိုက်လျင် ဌက်ပျောသီးသီးလာမည်၊၊ သရက်ပင်ကိုစိုက်လျင် သရက်သီးသီးလာမည်၊၊ ကောင်းမှုကုသိုလ်ပြုက ကောင်းကျိုးခံစားရမည်၊၊အကုသိုလ်ကိုပြုက မကောင်းကျိုးကိုခံစားကြရမည်၊၊ ငရဲကို ကျရောက်နေသူ နွား၊ခွေး တိရစ္ဆာန်များ ဖြစ်နေသူတို့သည်လည်း လွန်ခဲ့သောဘဝက ငရဲရောက်ရပါလို၏ဟု ဆုတောင်းခဲ့ကြသူများမဟုတ်ကြချေ။ သူတို့ပြုခဲ့သော အကြောင်းအကုသိုလ်ကံက စီမံသည့်အတိုင်း ငရဲဘုံသို့လည်းကောင်း တိရစ္ဆာန်ဘုံသို့လည်းကောင်း ရောက်ကြရသည်၊၊ ထို့ကြောင့် ကုသိုလ်ကောင်းမှုပြုသည့်အခါ၌လည်း ဆုတောင်းနေစရာမလို ရေစက်ချနေစရာမလို အကြောင်းကုသိုလ်ကံ စီမံသည့်အတိုင်းထိုက်သင့်သည့် ကောင်းကျိုးကို ခံစားရမှာမုချ ဖြစ်သည်ဟု ပြောကြပေသည်၊၊

ဆုတောင်းမှ လိုရာအကျိုးရနိုင်

မှန်ပါသည်၊၊ ဗုဒ္ဓမြတ်စွာသည် နေတ္တိပါဠိတော်၊ ဇာတကပါဠိတော် သဂါထာဝရတော်နှင့် သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်(သတ္တသံယုတ်၊သမုဒ္ဒကသုတ်)တို့တွင်-
``အကြင်သို့ သဘောရှိသော မျိုးစေ့ကိုစိုက်ပျိုး၏၊၊ ထိုမျိုးစေ့နှင့် တူသောအကျိုးကိုဆောင်၏၊၊ ကောင်းမှုပြုလေ့ရှိသူသည် ကောင်းကျိုးကိုခံစားရ၏၊၊ မကောင်းမှုပြုလေ့ရှိသူသည် မကောင်းကျိုးကိုခံစားရ၏၊၊´´ ဟုဟောတော်မှုထား၏၊၊ယင်းဒေသနာတော်သည် ထိုပညာရှင်ကြီးများ၏ ဟောပြောချက်နှင့် ကိုက်ညီသော်လည်း ဒေသနာတော်တွင် ကုသိုလ်ပြုလျင် ဆုမတောင်းရဟု တားမြစ်တော်မှုချက်မပါပေ၊၊ တရားငါးပါးနှင့် စုံညီသူဖြစ်ပါက ဆုတောင်းခဲ့သော်ရနိုင်ကြောင်း ဟောထားတော်မှုသည်ကို မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော် သင်္ခါရုပတ္တိသုတ်၌ တွေ့ရပါသည်၊၊

ထိုသုတ်တွင် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဟူသော တရားငါးမျိုးနှင့် ပြည့်စုံသူကို ဆုတောင်းပါက(ဝါ) ဤဘဝမှ စုတေခဲ့သော် လူစည်းစိမ် သို့ နတ်စည်းစိမ် တို့ကိုရပါစေဟု စိတ်ကိုဆောက်တည်ပွားများစေကာမှု ဆုတောင်းသည့်အတိုင်း (ဝါ) မိမိဦးတည်ချက်ထားသည့်အတိုင်း ရနိုင်၏၊၊ ယင်းတရားငါးပါးရှိသူသည် ဆုတောင်းခဲ့သော် လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်အပြင် နိဗ္ဗာန်ကိုပင် ရနိုင်ပေသည်ဟု ကျယ်ဝန်းစွာ ဟောတော်မှုထား၏၊၊

ယင်းဒေသနာတော်၌ ဘုရားရှင်ဟောတော်မှုလိုရင်းကား လူစည်းစိမ်နှင့် နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ်နှင့် နိဗ္ဗာန် စသည်တို့တွင် လိုရာအကျိုးအမျိုးမျိုးကို ရခြင်း၏ အကြောင်းတရားများမှာ သဒ္ဓါစသော တရားငါးမျိုးနှင့်ပြည့်စုံရခြင်း၊ ဆုတောင်းရခြင်း ဟူသောအကြောင်းနှစ်ပါးတို့ ဖြစ်သည်၊၊ ယင်းအကြောင်းနှစ်မျိုးစုံညီမှ မိမိလိုရာအကျိုးကိုရနိုင်၏၊၊ တရားငါးပါးနှင့် ပြည့်စုံသောငြားလည်း ဆုမတောင်းပါက မိမိလိုရာအကျိုးမရနိုင်ပေ၊၊ ထို့အတူ တရားငါးပါးကင်းမဲ့သူ ဖြစ်ပါကလည်း ဆုတောင်းတိုင်းမရနိုင်ပေ။

ဥပမားအားဖြင့် ဆုမတောင်းသော ဒါနကုသိုလ်သည် ကောင်းကင်သို့ ပစ်တင်လိုက်သည့် တုတ်နှင့်တူ၏၊ ကောင်းကင်သို့ ပစ်တင်လိုက်သည့်တုတ်သည် မြေပေါ်သို့ပြန်ကျသည့်အခါ အဖျားဖြင့်ကျမည်၊ အလယ်ဖြင့်ကျမည် အရင်းဖြင့်ကျမည်ဟု သတ်မှတ်၍ မရနိုင်သကဲ့သို့ ဦးတည်ချက်မထားသော (ဝါ) ဆုမတောင်းသော ဒါနကုသိုလ်ရှင်မှာလည်း မည်သည့်ဘဝရောက်မည်ဟု သတ်မှတ်၍ မရနိုင်ပေ။ ထို့ကြောင့် ကုသိုလ်ကောင်းမှုပြုသည့်အခါ မိမိနှစ်သက်ရာဆုတစ်ခုခုကို တောင်းသင့်သည်ဟု အဋ္ဌကထာဆရာက ဗုဒ္ဓအလိုနော်ကျ ရှင်းလင်းထားသည်ကို သင်္ခါရုပတ္တိသုတ်အဖွင့်၌ တွေ့ရပေသည်၊၊

ထို့ပြင် မှုလပဏ္ဏာသ ပါဠိတော်လာ ထေယျကသုတ်၌ -
``သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည့် သုစရိုက်ဆယ်ပါး သီလတရားနှင့် ပြည့်စုံသူဖြစ်ပါကလည်း ဆုတောင်းခဲ့သော် ဆုတောင်းတိုင်း ရနိုင်သည်။´´ဟုလည်းကောင်း အဋ္ဌဂုင်္တ္တရ ပါဠိတော် ဒါနပပတ္တိသုတ်၊ သုတ်ပါထေယျပါဠိတော် သိင်္ဂီတိသုတ်နှင့် အဠာယတန ဝဂ္ဂသံယုတ် ပါဠိတော် ဂီလာနဒဿနသုတ်တို့၌ -

``ရဟန်းတို့..၊ဆွမ်းစသော အလှူဒါနကိုပြုလုပ်သော ပုဂ္ဂိုလ်တို့သည် လူ့စည်းစိမ် နတ်စည်းစိမ်တို့ကို တောင့်တခဲ့သော် သီလရှိသူဖြစ်ပါက စင်ကြယ်သန့်ရှင်းသောကြောင့် စိတ်တောင့်တသည့်အတိုင်း ပြည့်စုံ၏၊၊ (ဣဇ္ဈတိ ဘိက္ခဝေ သီလဝ တောစေတောပနိဓိ ဝိသုဒ္ဓတ္တာ)ဟု လည်းကောင်း ဗုဒ္ဓမြတ်စွာ ဟောတော်မူခဲ့ပေသေးသည်၊၊

နိဒါနဝဂ္ဂသံယုတ် အဠကထာ ပဋိပဒါသုတ်အဖွင့်၌လည်း ``ဣဒံ မေ ဒါနံ အာသဝက္ခယာ ဝဟံ ဟောတု´´ဟု ဘဝသံသရာဖြစ်ရန် (ဝါ) ဝဋ်ကင်းရန် တောင့်တမျှော်မှန်း၍ လှူဒါန်းခဲ့ပါသော် ထိုအလှူဒါနကုသိုလ်သည် ဘုရားပစ္စေကဗုဒ္ဓါရဟန္တာအဖြစ်ကိုပင် ပေးနိုင်သည်ဟု ဖွင့်ဆိုထားပေသည်၊၊

ဤတွင် ကုသိုလ်ကောင်းမှုပြုပါက ကောင်းကျိုးကို ခံစားရမည်ဟူသော အချို့လောကုတ္တရာပညာရှင်တို့၏ ဟောပြောချက်သည် ``ကလျာဏကာရီစ ကလျာဏံ´´ ဟူသော ဘုရားဟောဒေသနာတော်နှင့်ကား ညီညွတ်ပါသည်၊၊ သို့ရာတွင် ခံစားရမည့် အကျိုးများမှာ အမျိုးမျိုးရှိလေရာ ထိုအကျိုးများတွင် မိမိတို့ ၅လိုလား အနှစ်သက်ဆုံးဖြစ်သည့် ကောင်းကျိုးကိုမှုဆုတောင်းရမည်၊ တောင့်တရမည်၊ စိတ်၌ဦးတည်ချက်ထားရမည်မှာ အထက်ပါ ဘုရားဟော ဒေသနာတော်များအရ အလွန်ထင်ရှားပါသည်၊၊

ထို့ပြင် ``လောက၏ အိုခြင်း ,နာခြင်း,သေခြင်း,ကုန်ခမ်းခြင်း,ပျက်စီးခြင်း သဘာဝတရားငါးမျိုးကိုကား မဖြစ်ပေါ်ရန် တောင့်တ၍မရနိုင်၊၊ အခြားအရာများကိုမှု တောင့်တ၍ ရနိုင်သည်´´ဟူသော ပဉ္စဂုင်္တ္တရပါဠိတော် အလဗ္ဘနိယဌာနသုတ် ဘုရားဟောဒေသနာတော်ကို ထောက်ပါကလည်း ကုသိုလ်ပြုသည့်အခါ ဆုတောင်းရမည်မှာ သိသာပါသည်၊၊

ဆုတောင်းရမည့်ပုဂ္ဂိုလ်

အရိယာပုဂ္ဂိုလ်တို့တွင် အနိမ့်ဆုံးအဆင့်ဖြစ်သော သောတပန်ပုဂ္ဂိုလ်တို့သည်ပင် အပယ်လေးဘုံမှ လုံးဝလွတ်မြောက်သွားပြီဖြစ်၍ သုဂတိဘဝမြဲနေသည့် ဂတိနိဗဒ္ဓ ပုဂ္ဂိုလ်မျိုးဖြစ်ရကား အရိယာပုဂ္ဂိုလ်တို့မှာ ဆုတောင်းနေစရာမလိုတော့ချေ၊၊ ဘဝမမြဲသေးသော ပုထုဇဉ်ပုဂ္ဂိုလ်များမှာမှု သုံးဆယ့်တစ်ဘုံတွင် ကျင်လည်နေကြရဦးမည့် လူတန်းစားများဖြစ်၍ သုဂတိဘဝသို့ရောက်အောင် ဆုတောင်းရမည်, စိတ်ကိုဆောက်တည်ထားရမည်,ဦးတည်ချက်ပြုထားရမည်၊၊

ဤလောက လူ့ဘောင်တွင် ဦးတည်ချက်သည် ပဲ့သမားပမာ အရေးပါလှသည်၊၊ ပဲ့သမားမပါသောလှေသည် လိုရာခရီးသို့ ဖြောင့်မတ်စွာ မသွားရောက်နိုင်သကဲ့သို့ လောကီရေး လောကုတ္တရာရေးတို့၌ ဦးတည်ချက်ကင်းမဲ့သူသည်လည်း လိုရာအခြေအနေသို့မရောက်နိုင်ဘဲ မရေရာသောဘဝသို့ ရောက်၍ မရေရာသောဘဝဖြင့်သာ နိဂုံးချုပ်ရန်ရှိပေသည်၊၊

ထို့ကြောင့် ဘုရားပစ္စေကဗုဒ္ဓါ စသည့်ပုဂ္ဂိုလ်မွန်တို့၏ အပဒါန်(အတ္ထုပ္ပတ္တိ)ကိုကြည့်လျှင် ကမ္ဘာပေါင်းအသင်္ချေက သမ္မာ သမ္မောဓိဆု၊ ပစ္စေကဗောဓိဆု၊ သာဝကဗောဓိဆုကြီးတို့ကို အသီးသီးတောင်းခဲ့ကြသည်ကို တွေ့ရ၏၊၊ အထူးသဖြင့် ဧတဒဂ်ဘွဲ့ထူး (အထူးချွန်ဆုံးဆု) ကိုရခဲ့ကြသည့် ပုဂ္ဂိုလ်ထူးကြီးများပင် ဆိုင်ရာဧတဒဂ်ဆုများကို ပန်ဆင်ခဲ့ကြသူများသာ ဖြစ်ပေသည်၊၊

မြန်မာ့သာသနာဝင်တွင် မန်လည်ဆရာတော်၊ လယ်တီဆရာတော် ဘုရားကြီးများနှင့် ခေတ်ပြိုင်ထင်ရှားတော်မှုခဲ့သည့် မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးသည်လည်း ပရမတ္တသရုပတေဒနီကျမ်းကြီး၏ နိဂုံးတွင် ဆုတောင်းဂါထာ ခုနှစ်ဂါထာတို့ဖြင့် ဆုတောင်းထားသည့်ပြင် ဘဝတိုင်း ဘဝတိုင်း ဤဆုတောင်း ခုနှစ်ဂါထာတို့သည် အလိုအလျောက်နှုတ်၌တက်ကာ ဤဂါထာတို့ဖြင့်သာ ဆုတောင်းရပါလို၏ဟု ထပ်ဆင့်ဆုတောင်းထားသည်ကို ထူးဆန်းစွာ တွေ့ရပါသည်၊၊

ကျင့်လည်းကျင့် ဆုလည်းတောင်း

ပဉ္စဂုင်္တ္တရ ပါဠိတော် ဣဋ္ဌသုတ်၌ ``အသက်ရှည်ခြင်း,အဆင်းလှခြင်း,ချမ်းသာခြင်း,နတ်ပြည်သို့ရောက်ခြင်း, အခြံအရံ အကျော်အစောများခြင်းတို့ကို ဆုတောင်းရုံ တောင့်တရုံမျှဖြင့် မရနိုင်၊ ရရာရကြောင်း ထိုက်သင့်သည့် အကျင့်ကောင်း ၊ အလုပ်ကောင်းတို့ကို ကြိုးစားပြုလုပ်မှသာ ရမည်ဖြစ်ကြောင်း ``ဘုရားရှင် ဟောတောမှုထားသည်ကို လှည်း သတိပြုအပ်လှပေသည်၊၊ သို့ဖြစ်၍ ဘုရားဆု,ပစ္စေကဗုဒ္ဓဆု စသည့်ဆုကြီးများကို ပန်ဆင်တော်မှုခဲ့ကြသည့် ပုဂ္ဂိုလ်ထူးများသည်လည်း ဆုနှင့်လျော်ညီစွာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ၊ တစ်သေင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ကောင်းမှုပါရမီတို့ကို ဖြည့်ကျင့် ဆည်းပူးခဲ့ကြရသည် မဟုတ်ပါလော၊၊

ထို့ကြောင့် ဖော်ပြပါ ဘုရားဟောဒေသနာတော်များအရ ကုသိုလ်ဒါနပြုလျင် လိုသောဆုကိုတောင်းရမည်ဟု သံသယကင်းစွာ မှတ်ယူရပါမည်၊၊

ဓမ္မာစရိယဦးအေးနိုင် စာအုပ်မှ ထုတ်နှုတ်ဖော်ပြသည်၊၊

သရဏဂုံဆောက်တည်ပုံ (၄)မျိုး

ယခုအခါတွင် ရှင်သာမဏေများခံယူသော သရဏဂုံကိုနည်းယူ၍ 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ'စသည်ဖြင့် သုံးကြိမ်ရွတ်ဆို ခံယူကြသော်လည်း ဘုရားလက်ထက်တော်က သရဏဂုံခံယူပုံ၊ ဗုဒ္ဓဘာသာအဖြစ်ခံယူပုံ လေးမျိုးရှိသည်၊၊

(၁)'ယနေ့မှစ၍ အကျွန်ုပ်၏ ခန္ဓာကိုယ်ကို ဘုရား တရား သံဃာအား အပ်နှင်းပါ၏၊၊' ဟု နှုတ်မြွက်၍လည်း ဆောက်တည်နိုင်သည်၊၊(အတ္တသန္နိယျာတနသရဏဂုံ)ဟု ခေါ်သည်၊၊

(၂)'ယနေ့မှစ၍ အကျွန်ုပ်အား ဘုရား တရား သံဃာကိုသာလျှင် ကိုးကွယ်အားထားရာရှိသူဟု မှတ်ယူတော်မူပါ' ဟု နှုတ်မြွက်၍လည်း ဆောက်တည်နိုင်၏၊၊ (တပ္ပရာယဏသရဏဂုံ)ဟု ခေါ်သည်၊၊
'ငါ့ကိုးကွယ်ရာဟာ ဒါမှ ဒါဘဲ' ဟု ရတနာသုံးပါးကိုသာ အမြဲဦးတိုက်၍ သတိရ၍ နေသော အာဠဝကဘီလူး၊ ဟေမဝတ၊ သာတာဂိရနတ်စစ်သူကြီးများ ခံယူထားသကဲ့သို့ ဖြစ်သည်၊၊

(၃)'ယနေ့မှစ၍ ဘုရား တရား သံဃာ၏ အတွင်းနေတပည့်ဟု မှတ်ယူတော်မူပါ' ဟု နှုတ်မြွက်၍ တပည့်ခံသောအားဖြင့်လည်း ဆောက်တည်နိုင်၏၊၊ (သိဿဘာဝူပဂမန သရဏဂုံ) ဟု ခေါ်သည်၊၊
အရှင်မဟာကဿပလောင်းလျာ ပိပ္ပလိလုလင် တပည့်ခံယူသကဲ့သို့ ဖြစ်သည်၊၊

(၄)`ယနေ့မှစ၍ ဘုရား တရား သံဃာကိုသာ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီမိုးခြင်း၊ အရိုအသေပေးခြင်းပြုသူဟု မှတ်ယူတော်မူပါ' ဟု နှုတ်မြွတ်၍လည်း ဆောက်တည်နိုင်၏၊၊ (ပဏိပါတသရဏဂုံ) ဟု ခေါ်သည်၊၊
ဗြဟ္မာဟု ပုဏ္ဏားကြီးကဲ့သို့ လွန်လွန်ကဲကဲ လေးလေးမြတ်မြတ် တုပ်ဝပ်ကြည်ညိုသဖြင့် ဆည်းကပ်ခြင်းမျိုး ဖြစ်သည်၊၊

*သရဏဂုံ တည်,မတည်၊ ပျက်,မပျက်*

ပြောဆိုပုံ၊ ပြုမူပုံကိုလိုက်၍ သရဏဂုံဆောက်တည်နည်း လေးမျိုးရှိရာတွင် အရိုအသေပြုခြင်း ရှိခိုးခြင်းဖြင့်လည်း သရဏဂုံတည်သဖြင့် 'အရိုအသေပြုတိုင်း ရှိခိုးတိုင်း သရဏဂုံတည်သလော၊ ရတနာသုံးပါးမှ တပါးသော သာသနာပပုဂ္ဂိုလ်များကို အရိုအသေပြုလျှင် ရှိခိုးလျှင်လည်း သရဏဂုံပျက်သလော'ဟု စဉ်းစားစရာရှိသည်၊၊

သို့ရာတွင် ဆွေမျိုးတော်စပ်၍ ရှိခိုးခြင်း၊ ကြောက်ရ၍ ရှိခိုးခြင်း၊ ပညာသင်ပေးသော ဆရာအဖြစ်ဖြင့်ရှိခိုးခြင်း၊ အရိုအသေပြုခြင်းများသည် သရဏဂုံမမြောက်၊ သရဏဂုံတည်သော ရှိခိုးခြင်းမဟုတ်၊ လောကဝတ်အရ ရိုသေလေးစားသမူုပြုခြင်းမျှသာဖြစ်သည်၊၊

ဤ၌ ကြောက်ရ၍ မင်းစိုးရာဇာများကိုရှိခိုးခြင်းနှင့် ဖမ်းစားမည်စိုး၍ နတ်များကို ရိုသေရှိခိုးခြင်း၊ ပသခြင်း၊ မိမိနှင့်ဘာသာအယူဝါဒမတူသော်လည်း ပညာသင်ပေးသောဆရာဖြစ်၍ အရိုအသေပေးခြင်း ရှိခိုးခြင်းမျိုးသည် သရဏဂုံသဘောမသက်ရောက် နတ်ကိုရှိခိုး၍ သရဏဂုံ မပျက်ပေ၊၊

ရိုသေသမူ ရှိခိုးနှင့်စပ်၍ သရဏဂုံတည်ခြင်း ပျက်ခြင်းနှစ်မျိုး
တွင် အချုပ်မှတ်သားရန်မှာ မြတ်သောအလှူခံပုဂ္ဂိုလ် (ဒက္ခိဏေယျ)အဖြစ် အထွတ်အမြတ်အဖြစ် သဘောထား၍ ရိုသေသမှု ရှိခိုးမှု ပြုမှ သရဏဂုံတည်၍ ထိုအထွတ်အမြတ်အဖြစ် သဘောထားမှုမပါလျှင် သရဏဂုံမတည်၊၊ ထို့ကြောင့် နတ်စသည်ကိုးကွယ်ရာ၌ ရတနာသုံးပါးထက် မြတ်သည်ဟု သဘောထား၍ ကိုးကွယ်လျှင် သရဏဂုံပျက်သည်ဟု မှတ်သင့်သည်၊၊

ထို့ကြောင့်သရဏဂုံတည်ခြင်း ပျက်ခြင်း ပဓာနအကြောင်းရင်းမှာ ပြုလုပ်ကိုးကွယ်သူ၏ စိတ်၌ အထွတ်အမြတ်သဘောထားမှု မထားမှုနှင့် တိုင်းတာရသည်၊၊




သရဏဂုံ ညစ်နွမ်းခြင်း

ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးများကိုမသိခြင်း၊ ရတနာသုံးပါးအပေါ်၌ယုံမှား သံသယဖြစ်ခြင်း၊ ရတနာသုံးပါး၏ဂုဏ်ကျေးဇူးကို အလွဲလွဲအမှားမှား သိမြင်ထင်မှတ်ခြင်း၊ အမှားသိခြင်း သုံးမျိုးသည် သရဏဂုံ ညစ်နွမ်းစေတတ်သည့် အကြောင်းများဖြစ်သည်၊၊

စေတီ ရုပ်ပွား ဘုရားကျောင်းကန်နှင့် စပ်၍သော်လည်းကောင်း၊ တရားစာအုပ်ကိုင်တွယ် ကြည့်ရှုထားသိုမှု၊ တရားနာယူမှုနှင့် စပ်၍သော်လည်းကောင်း၊ ရဟန်းသံဃာများနှင့် ဆက်ဆံရာ၌ သော်လည်းကောင်း ရိုသေလေးမြတ်မှုမရှိခြင်း၊ စေတီရုပ်ပွားအနီးအနား၌ မရိုမသေနေထိုင်ခြင်း ရိုင်းပြဆူညံစွာပြောဆိုခြင်း စသောမတန်မရာ ပြောဆိုပြုမူမှု အဂါရဝမှုအားလုံးသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မသိရာရောက်သဖြင့် သရဏဂုံညစ်နွမ်းကြောင်းချည်းများသာ ဖြစ်သည်၊၊

သရဏဂုံ ပျက်ခြင်း

တစ်ကြိမ်တစ်ခါ ဆောက်တည်ထားသော သရဏဂုံသည် ဘာသာအယူဝါဒကူးပြောင်းလျင်သော်လည်းကောင်း၊ သေလျင်သော်လည်းကောင်း သရဏဂုံ ပျက်ပြယ်သွားပြီဟု ဆိုရ၏၊၊ သေ၍ ပျက်ပြယ်သည်မှာအပြစ်မရှိ၊ အယူဝါဒကူးပြောင်း၍ ပျက်ပြယ်သည်မှာ အပြစ်များစွာဖြစ်ပွားနိုင်၍ အပြစ်ရှိသော ပျက်ပျယ်ခြင်းဟုခေါ်သည်၊၊

အရိယာပုဂ္ဂိုလ်များ၏ သရဏဂုံမှာ ဘဝပြောင်းသော်လည်း မပျက်ပြယ်၊ ဘဝခြားစေကာမှု ဆရာမပြောင်း၊ အယူမပြောင်းတော့ချေ၊၊ အမြဲတည်တံ့သော သရဏဂုံ ဖြစ်၏၊၊



အသုဘ၌ သရဏဂုံတင်ခြင်း

သရဏဂုံနှင့်စပ်၍ သိမှတ်ဖွယ်တစ်ခုမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ကွယ်လွန်လျှင် ကျန်ရစ်သူဆွေမျိုးများက ကွယ်လွန်သူ၏ အလောင်းအနီး၌ သရဏဂုံသီလဆောက်တည်ပြီး ကုသိုလ်ပြု အမျှအတန်းပေးဝေလေ့ရှိကြ၏၊ 'သရဏဂုံတင်သည်'ဟု.ခေါ်တွင်သည်၊၊

ထိုအခမ်းအနား၏ လိုရင်းရည်ရွယ်ချက်မှာ ကွယ်လွန်သူအား အမျှအတန်းပေးဝေခြင်းသာဖြစ်၏၊၊ သေသွားသူအားသရဏဂုံတင်ခြင်းမဟုတ်၊ သရဏဂုံလည်း မယူနိုင်တော့ချေ၊၊ အမျှအတန်းပေးဝေရာ၌ ပို၍ထိရောက်စေရန် ကျန်ရစ်သူများက ထပ်မံ၍ သရဏဂုံသီလ ဆောက်တည်ခြင်းသာ ဖြစ်သည်၊၊

ကွယ်လွန်သွားသူမှာ အကယ်၍ ပေတဂတိသို့ ရောက်နေခဲ့လျှင် သာဓုခေါ်နိုင်ရုံမျှမက သရဏဂုံသီလ ဆောက်တည်ခွင့်ပင် ရရှိသွားနိုင်၏၊၊ သံသရာက တော်စပ်ခဲ့သော ဆွေမျိုးပြိတ္တာများလည်း အလားတူရရှိနိုင်ကြသည်ပင် ဖြစ်၏၊၊ ထို့ကြောင့် အသုဘကိစ္စ၌ သရဏဂုံတည်ခြင်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နောက်ဆုံးခရီးအတွက် အကောင်းဆုံးသော နောက်ဆုံး အကူအညီပေးမှုဖြစ်၍ အစဉ်အလာကောင်းတစ်ခုပင်ဖြစ်ပေသည်၊၊

လူတစ်ဦးကွယ်လွန်သွားသောအခါ ခေါင်းထဲ၌ ကူးတို့ခနှင့်အသားအသောက်၊ အဆောင်အယောင်များကို ထည့်ပေးသောမိရိုးဖလာ ရိုးရာအယူအစွဲများ၊ သေသွားသူကောင်းရာဘဝရောက်စေရန် ဝိုင်း၍ဆုတောင်းပေးသော သာသနာပလုပ်ထုံးများ၏ အကျိုးမရှိပုံကို ကောင်းစွာနားလည်ထားသော ကျန်ရစ်သူသားသမီးဆွေမျိုးတို့၏ သရဏဂုံတင် အမျှပေးဝေခြင်းသည် သွားလေသူဗုဒ္ဓဘာသာဝင်တစ်ဦး၏ နောက်ဆုံးခရီးအတွက် နောက်ဆုံးကောင်းခြင်းပင်ဖြစ်၏၊၊

*ဗောဓိမင်းသား၏ မယ်တော်ကဲ့သို့ ဝမ်းတွင်းရှိ သားတော်ငယ်အတွက် ဘုရားအမှူးရှိသော သံဃာများထံ သရဏဂုံခံယူပေးခြင်း၊
*ဒီဃာဝုသတို့သား မိဘတို့ကဲ့သို့ သားသမီးငယ်များအတွက် အလှူလုပ်ပေးခြင်း၊ 'ဦးတော်'လုပ်ခိုင်းခြင်း၊
*ဒုဋ္ဌဂါမဏိ,သဒ္ဓါတိဿတို့၏ ဖခင် ကာလဝဏ္ဏာတိဿမင်းကြီးကဲ့သို့ ရတနာသုံးပါးဦးတိုက်၍ ထမင်းခွံ့မင်္ဂလာစသည်လုပ်ပေးခြင်း၊
*အနာထပိဏ်သူဌေးကြီး သားဖြစ်သူ ကာဠအား ပိုက်ဆံပေး၍ ဥပုသ်စောင့်ခိုင်းသကဲ့သို့ သားသမီးတို့အား ဘာသာရေးအသိသွင်းပေးခြင်း၊

တို့သည် မိဘတို့ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ကနဦးဘဝအစ၏ကောင်းခြင်းကို ရခဲ့ကြသည်၊၊ တာဝန်သိသော သားသမီးတို့၏ ကျေးဇူးကြောင့် ဘဝနိဂုံးနောက်ဆုံးကောင်းခြင်းကိုလည်း ရနိုင်ကြပေ၏၊၊

ကောင်းခြင်းသုံးဖြာနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်တို့၏ ဘဝသည် အရတော်ပေစွ။

သရဏ

*သရဏ*

ကိုးကွယ်မှုနှင့်စပ်လျဉ်း၍ ''သရဏ''ကို ဦးစွာနားလည်ရန် လိုသည်။ သရဏဟူသည် ''ကိုးကွယ်ရာ''ပင်ဖြစ်၏။ သို့သော် ''သရဏကို ကိုးကွယ်ရာ''ဟု ဘာသာပြန်ခြင်းမှာ နားလည်လွယ်အောင် ဘာသာပြန်ခြင်းဖြစ်၏၊ သရဏ၏ မူလဆိုလိုရင်းမှာ ''သတ်ဖြတ်ခြင်း ပယ်ဖျောက်ခြင်း ဖယ်ရှားခြင်း'' ပင်ဖြစ်သည်၊၊

ဘေးရန်အန္တရာယ်အမျိုးမျိုး၊ ကြောက်ရွှံ့ထိတ်လန့်ဖွယ်အမျိုးမျိုး၊ ကိုယ် စိတ် ဆင်းရဲမှုအမျိုးမျိုး၊ (ဒုစရိုက်တရားပြုမိမှား၍ ) လားရောက် ကျခံရမည့် အပါယ်ဒုဂ္ဂတိဘေးအမျိုးမျိုး အချုပ်အားဖြင့် သံသရာတခွင်လုံး မဆုံးနိုင်အောင် ကျင်လည်ခံစားရမည့် ဘေးဒုက္ခအမျိုးမျိုးတို့ကို သတ်ဖြတ် ပယ်ဖျောက်၊ ဖယ်ရှား ပေးတတ်သည်ကို ''သရဏ''ဟု ခေါ်သည်၊၊

ဘေးရန်အန္တရာယ်များကို ဖယ်ရှားပေးခြင်းဖြင့် ကောင်းကျိုးချမ်းသာကို ပေးသည်ဟု အဓိပ္ပာယ်သက်ရောက်လာ၏၊၊ ဤအဓိပ္ပာယိကို ခြုံငုံ၍ ''စောင့်ရှောက်တတ်သောအရာ''ဟု လည်းကောင်း၊ ''ကိုးကွယ်ရာ''ဟု လည်းကောင်း ဘာသာပြန်ကြခြင်းဖြစ်၏၊၊ ထို့ကြောင့် _

``သရဏ_ ဘေးရန်ဖယ်ရှား ကောင်းကျိုးများအောင်၊ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာ´´ ဟူ၍ သရဏဂုံ အနက်များကို ကဗျာလင်္ကာဖြင့် ပြည့်ပြည့်စုံစုံ ဂုဏ်ရသမြောက်အောင် ရေးသားကြခြင်း ဖြစ်ပေသည်၊၊

ဗုဒ္ဓ ဓမ္မ သံဃဟူသော ရတနာမြတ်သုံးပါးတို့ အသီးသီး သရဏဖြစ်ပုံ(ဘေးရန် ပယ်ဖျောက်နိုင်ပုံ)ကိုလည်း မှတ်သားသင့်၏၊၊

{မြတ်စွာဘုရား}သည် သတ္တဝါတို့အား မကောင်းမှုဒုစရိုက်များကို ရှောင်ရှား၍ ကောင်းမှုသုစရိုက်တို့ကို ဆောင်ထားရန် ကြောင်းကျိုးပြ၍ ဆုံးမသွန်သင်ပေးခြင်း၊ သံသရာ လည်ကြောင်း ပြတ်ကြောင်းကို လမ်းညွှန်ပြခြင်းဖြင့် ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရန်အန္တရာယ်များကို ဖယ်ရှားတတ်၏။ ကောင်းကျိုးချမ်းသာများကို ဖြစ်ပွားစေတတ်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် စစ်မှန် မြင့်မြတ်သော ကိုးကွယ်ရာ (သရဏ) ဖြစ်သည်။

{တရားတော်}သည် ငါးပါးသီလမှစ၍ တရားတော်အတိုင်း လိုက်နာကျင့်သုံးလျင် သံသရာကျင်လည်ရစေကာမှု ဘေးအန္တရာယ်ကင်းကွာ၍ သက်တောင့်သက်သာ ချမ်းသာမှုရှိအောင် ဆောင်ရွက်ပေးတတ်၏။ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်လိုလျင်လည်း လွတ်မြောက်သည်အထိ ပို့ဆောင်ပေးနိုင်၏။ ထိုသို့ သာယာမှုပေးတတ် လွတ်မြောက်စေတတ်၍ တရားတော်သည် စစ်မှန်မြင့်မြတ်သော ကိုးကွယ်ရာ (သရဏ)ဖြစ်သည်၊၊

{သံဃာတော်}သည် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို ဆောင်၍ သတ္တဝါတို့အား (မြတ်စွာဘုရားရှင် ကိုယ်စား) ဟောကြားညွှန်ပြ၏၊၊ ကိုယ်တိုင်လည်း မြတ်သောအလှူခံပုဂ္ဂိုလ် ဖြစ်သည်အထိ ကျင့်ကြံ၍ ပူဇော်လှူဒါန်းသူများ အကျိုး စီးပွား များအောင်၊ ဘေးရန်ကင်းအောင် ဆောင်ရွက်တော်မူတတ်၏၊၊ ထို့ကြောင့် သံဃာတော်သည် စစ်မှန်မြင့်မြတ်သော ကိုးကွယ်ရာ(သရဏ) ဖြစ်သည်၊၊

ဤ ဘုရား တရား သံဃာ ရတနာတော်မြတ်သုံးပါးကဲ့သို့ သတ္တဝါတို့အား ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်ကယ်မနိုင်သော ပုဂ္ဂိုလ် ဓမ္မမျိုးသည် ဘယ်မှာမှမရှိနိုင်ပေ၊၊ ထို့ကြောင့် ရတနာမြတ်သုံးပါးသည်သာ သတ္တဝါတို့၏ အကောင်းဆုံး အမြတ်ဆုံး အစစ်မှန်ဆုံးသော ကိုးကွယ်အားထားရာ ဖြစ်တော်မူ၏။

*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၉)*

*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၉)*

*ပဋိသန္ဓေ*

စုတိစိတ်ချုပ်သည်နှင့်တပြိုင်နက် ဘဝသစ်အတွက် ပဋိသန္ဓေစိတ် ဖြစ်ပေါ်လာ၏၊၊ ထိုစိတ်အစဉ်ကို ရှေးဘဝနှင့်နောက်ဘဝ၊ ဘဝဟောင်းနှင့်ဘဝသစ်ကို ဆက်စပ်ပေးသောစိတ်ဖြစ်၍ ပဋိသန္ဓေစိတ်ဟု ခေါ်၏၊၊ ပဋိသန္ဓေစိတ်ဖြစ်သည်နှင့် တပြိုင်နက် ဘဝသစ် စတင်သည်၊၊ အချိန်ကာလခြားမှု မရှိပေ။ တဆက်တစပ်တည်း ဖြစ်ပေါ်သည်။ ပဋိသန္ဓေစိတ်သည် ကံကြောင့် မိမိနှင့်တပြိုင်နက် ဖြစ်ပေါ်လာသော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်၏။

ပဋိသန္ဓေစိတ်ချုပ်ပြီးနောက် ထိုပဋိသန္ဓေစိတ်သည်ပင် ဘဝင်အမည်ဖြင့် (၁၆)ကြိမ်ဖြစ်၏။ ပဝတ္တိအခါ၌လည်း ထိုပဋိသန္ဓေစိတ်သည်ပင် ဘဝင်အမည်ဖြင့် ဆက်၍ဖြစ်ရာ ဘဝအဆက်မပြတ်အောင် ပြုတတ်သောကြောင့် ဘဝင်(ဘဝ+အင်္ဂ)ဟု ခေါ်သည်။

မရဏာသန္နေဇောယူခဲ့သည့် ကံ,ကမ္မနိမိတ်,ဂတိနိမိတ် အာရုံတစ်ပါးပါးကိုပင် ပဋိသန္ဓေစိတ်က ဆက်လက်အာရုံပြုသည်။ သတ္တဝါတို့အတွက် ပဋိသန္ဓေစိတ်သည် အလိုအလျောက် ပေါ်ပေါက်လာသည်မဟုတ်၊ ဖန်ဆင်းရှင်များ၏ ဖန်ဆင်းမှုကြောင့်လဲမဟုတ်၊ ရှေးက မိမိပြုခဲ့သော ကုသိုလ်ကံ, အကုသိုလ်ကံဟူသော သင်္ခါရကြောင့် ဖြစ်လာသော အကျိုးဝိပါက်ဖြစ်သည်။ သတ္တဝါတို့သည် အဝိဇ္ဇာခြံရံပြီး တဏှာအရင်းခံလျက် ကုသိုလ်,အကုသိုလ်ကံတို့ကို ပြုလုပ်ကြသည်။

ထို့ကြောင့်ဘဝသစ် (ပဋိသန္ဓေစိတ်)ဖြစ်ပေါ်လာရာ၌ အဝိဇ္ဇာ တဏှာနှင့် ကုသိုလ် အကုသိုလ်သင်္ခါရတို့သည် အကြောင်းရင်းများ ဖြစ်ကြ၏။ ကံ,ကမ္မနိမိတ်,ဂတိနိမိတ် အာရုံတစ်ပါးပါး ထင်လာသောအခါ အဝိဇ္ဇာက ထိုအာရုံ၏အပြစ်ကို မမြင်အောင်ဖုံးကွယ်ပေး၏။ တဏှာက ထိုအာရုံကို မိမိကိုယ်တိုင်နှစ်သက် လက်ခံပြီးလျင် ပဋိသန္ဓေစိတ် အာရုံပြုရန်လည်း ညွှတ်ကိုင်းပေးသဖြင့် ဘဝသစ်တစ်ခုဖြစ်ပေါ်လာသည်။

သတ္တဝါတို့သည် သံသရာတလျောက် စုတိစိတ်,ပဋိသန္ဓေစိတ်တို့ အဆက်မပြတ်ဖြစ်နေသည်။ အာရုံအမျိုးမျိုးတို့တွေ့ကြုံလာလျင် ဝီထိစိတ်တို့ဖြစ်ပေါ်လာပြီး ဝီထိစိတ်တို့ ပြီးဆုံးသွားလျင် ဘဝင်စိတ်သည် အဆက်မပြတ် ဖြစ်ပေါ်နေသည်။

ဖြစ်ပေါ်လာရာ၌ ဘဝဟောင်းက ရုပ်နာမ်တရားများ ဘဝသစ်သို့ ပြောင်းရွှေ့လာသည်မဟုတ်၊ ဘဝသစ်၌ ရုပ်နာမ်အသစ် ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ သို့သော် ထိုရုပ်နာမ်သစ်များသည် ဘဝဟောင်းက ကံအကြောင်းများနှင့် မကင်းကြပေ။ ဘဝဟောင်းက အဝိဇ္ဇာ တဏှာအကြောင်းများကြောင့် ဖြစ်ပေါ်လာရသည်။ ပဲ့တင်သံ၊ ဆီမီးထွန်းမှု၊ တံဆိပ်တုံးရိုက်မှု စသည်တို့နှင့်တူသည်။ တောတောင် အနီးအပါးတွင် အော်ဟစ်လိုက်ပါက ပဲ့တင်သံပြန်လာသည်။ ထိုပဲ့တင်သံသည် မူလအော်ဟစ်သော အသံမဟုတ်ပေ။ ထို့အတူပင် ဆီးမီးထွန်းညှိရာ၌လည်း ပထမဆီမီးတိုင်မှ ဒုတိယ တတိယစသည့် မီးတောက်မီးလျှံတို့သည် ပထမဆီမီးတိုင်၏ မီးတောက်မီးလျှံတို့ မဟုတ်ပေ။ ပထမမီးတောက်မီးလျှံလျော့မသွားပေ။ သို့သော်လည်း ဒုတိယ တတိယ မီးတောက်မီးလျှံတို့သည် ပထမမီးတောက်မီးလျှံနှင့် ကင်းကွာ၍လည်း ဖြစ်ပေါ်မလာနိုင်ပေ။

ထို့အတူပင် တံဆိပ်တုံးများ၊ ဘလောက်တုံးများကို ထုရိုက်လိုက်ပါက တံဆိပ်များ၊ စာများသည် စာရွက်ပေါ်တွင် ထင်လာသည်။ စာရွက်ပေါ်ထင်လာသော ထိုစာများ၊ တံဆိပ်များသည် မူလတံဆိပ်တုံး ဘလောက်တုံးရှိ စာများမဟုတ်ပေ။ သို့သော်လည်း ထိုတံဆိပ်တုံးရှိ စာများ၊ တံဆိပ်များနှင့် ကင်းကွာ၍လည်း စာရွက်ပေါ်တွင် ထင်မလာနိုင်ပေ။

ထိုနည်းတူပင် ဘဝဟောင်းက ရုပ်နာမ်တစုံတရာမျှ ဤဘဝသို့ လိုက်လာသည် မဟုတ်ပေ။ သို့သော်လည်း ဘဝဟောင်းက အဝိဇ္ဇာ တဏှာ သင်္ခါရ ကံအကြောင်းတရားတို့နှင့် ကင်းကွာ၍လည်း ဤဘဝ ဤခန္ဓာများ ဖြစ်မလာနိုင်ပေ။ ဤသို့လျှင် ဘဝဟောင်း ဘဝသစ် စုတိ ပဋိသန္ဓေတို့သည် အဝိဇ္ဇာ တဏှာ သင်္ခါရကံတရားတို့၏ အစွမ်းသတ္တိထူးဖြင့် သံသရာဆုံးသည့်တိုင် ဖြစ်ပျက်လျက် နေကြလေသည်။

ပဋိသန္ဓေ(သတ္တဝါဖြစ်ပေါ်လာပုံ)လေးမျိုး

ပဋိသန္ဓေသည် သံသေဒဇ, အဏ္ဍဇ, ဇလာဗုဇ, ဩပပါတိက ဟူ၍ သတ္တဝါအလိုက် ကွဲပြားသည်။ စိုစွတ်သောနေရာ၊ ရေစပ် အညှီအဟောက် နေရာများ၌ စတင်ဖြစ်ပေါ်သော သတ္တဝါများ၏ ပဋိသန္ဓေသည် သံသေဒဇဖြစ်၏၊ ပိုးမွှားကောင်များ၊ ပဒုမဝတီမိဖုရားစသော အချို့သောလူးသားများ ဖြစ်ကြသည်၊၊

ဥဖြင့် သန္ဓေတည် မွေးဖွားသော သတ္တဝါသည် ကဏ္ဍဇ ဖြစ်၏၊၊ ငှက်များ၊ ငါးများစသည်တို့ ဖြစ်ကြသည်။ သားအိမ်၌ သန္ဓေတည် မွေးဖွားသော သတ္တဝါသည် ဇလာဗုဇမည်၏၊၊ လူ,ခွေး,နွား စသည်တို့ ဖြစ်ကြသည်၊၊ ဘဝဟောင်းမှ စုတေ၍ ဘဝသစ်တွင် အရွယ်ရောက်ပြီးသော ကိုယ်ခန္ဓာဖြင့် ရုတ်တရက်ဖြစ်ပေါ်လာသော သတ္တဝါသည် ဩပပါတိက(ဥပပတ်ပဋိသန္ဓေ)ဖြစ်၏။ နတ်, ဗြဟ္မာ, ငရဲသား စသည်တို့ ဖြစ်ကြသည်။

(ကံနှင့်ကံ၏ အကျိုးတရားများ အားလုံးကို ဖတ်သိရှိ၍ သံသရာခရီးအတွက် ဒိဋ္ဌိဇုကမ္မခေါ် အယူဖြောင့်မှန်မှုသည် အရေးကြီးလှပေသည်။ အယူဖြောင့်မှန်သူသည် ကံတရား၏ အကျိုးပေးမှုကို သိမြင်နားလည်လာသဖြင့် မိမိအတွက် သံသရာတလျှောက် ကောင်းကျိုးဝေဖြာ ဘဝသမ္ပတ္တိပြည့်စုံလာရေးအတွက် ကောင်းသော ကာယကံ ဝစီကံ မနောကံ တို့ကိုသာပြုလုပ်တော့မည်ဖြစ်သည်။ သို့ဖြစ်၍ ကုသလကမ္မပထတရား၏ စွမ်းအားကြောင့် လူ့ပြည် နတ်ပြည် သာယာသုခ ချမ်းသာသော ဘဝတို့ကို ရရှိကြရမည်မှာ သေချာလှပါသည်။

မြတ်စွာဘုရားဟောကြားတော်မူသော ဒေသနာတော်နှင့်အညီ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်အမြင်မှန်ဖြင့် ကံကိုအရင်းမူလ ပဓာနအဖြစ်ထားပြီး ဉာဏ်နှင့် ဝီရိယထောက်ကူမှု အပြည့်အဝဖြင့် ကြိုးစားအားထုတ်သူသည်သာလျှင် လူ့လောကတွင် လူချွန်လူမွန်တစ်ယောက် ဖြစ်နိုင်ပေလိမ့်မည်၊၊ အချိန်ကောင်း အခြေအနေကောင်း တွေ့ကြုံလာပါမှု ဘုန်းရှင်ကံရှင် သမ္ဘာရှင် ပါရမီရှင်တစ်ဦးအဖြစ် ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း မန်လည်ဆရာတော်ဘုရားကြီးက_

``ကံရင်းမူလ ဝီရိယနှင့် ဉာဏထောက်ကူ ရှိသည့်သူမှ လူတွင်လူမွန် လွှားတံခွန်သို့ လူချွန်တစ်ယောက် တစ်ခေါ်လောက်အောင် ခါရောက်ချိန်ဆုံး တုမဲ့နှုန်း၍ ရွှေဘုန်း မော်ရမည်ကိုသော်'' သူ အားပေးတော်မူခဲ့လေသည်။

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၈)

*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၈)*

ုစုတေခြင်း(သေပုံသေနည်း)တွင် တစ်ပါးပါးကြောင့် စုတေရသူတို့အား စုတေခါနီးသေငယ်ဇောနှင့် မြောနေသောအခါ၌ ကံ,ကမ္မနိမိတ်,ဂတိနိမိတ် အာရုံသုံးပါးတွင် အာရုံတစ်ပါးပါး ထင်မြင်လာတတ်သည်၊၊ သတ္တဝါတို့သန္တာန်၌ ကံအများအပြားရှိနေရကား ရောက်ရမည့်နောက်ဘဝသစ်၌ ပဋိသန္ဓေကိုဖြစ်စေနိုင်သော ပဋိသန္ဓေကျိုး ပေးဖို့ရာအခွင့်သာသော ကုသိုလ်(သို့မဟုတ်) အကုသိုလ်ကံတစ်ပါးပါးသည် ကံအများထဲမှ ရှေးရှု၍ စိတ်ထဲ၌ ပေါ်လာတတ်သည်၊၊ ဤသို့ဖြစ်သည်ကိုပင် ကံနိမိတ်ထင်သည်ဟု ခေါ်၏၊၊

ထိုကံကို ပြုလုပ်နေစဉ်တုန်းက တွေ့ကြုံရသမျှ ရူပ,သဒ္ဒ,ဂန္ဓ,ရသ,ဖောဋ္ဌဗ္ဗ, ဓမ္မဟူသော အာရုံခြောက်ပါးတို့တွင် တစ်ပါးပါးသည် ကံမ္မနိမိတ်ဖြစ်သည်၊၊ ကုသိုလ် အကုသိုလ်ကံကို ပြုလုပ်စဉ်အခါက ပြုလုပ်ရသော အာရုံများဖြစ်သည့် ဘုရားကျောင်းကန် စေတီပုထိုး၊ ပန်း၊ ဆီမီး၊ သားငါး၊ ကြက်ဝက်၊ ဓားလှံလက်နက် စသော ထိုအာရုံများကို ကမ္မနိမိတ်ဟုခေါ်သည်၊၊ ထိုအာရုံတို့ စိတ်ထဲ၌ ထင်လာသည်ကို ကမ္မနိမိတ်ထင်လာသည်ဟု ခေါ်၏၊၊

မိမိလားရောက်ရတော့မည့် ဘုံဘဝ ဂတိ၌ တွေ့ကြုံရလတ္တံ့သော အာရုံများကို ဂတိနိမိတ်ဟု ခေါ်သည်၊၊ သေငယ်ဇောနှင့် မြောနေသူအား မိမိလားရောက်ရတော့မည့် ဘဝသစ်နှင့် တိုက်ရိုက်ပတ်သက်သော အာရုံများ၊ ထိုဘဝ၌ တွေ့ကြုံရမည့် အသုံးအဆောင် အခြွေအရံဟူသော အာရုံများ၊ ထင်မြင်လာတတ်သည်၊၊ လူ့ဘုံသွားရမည့်သူဖြစ်လျင် အမိဝမ်းရေ၊ ငရဲသွားမည့်သူဖြစ်လျင် ငရဲအိုး၊ ငရဲမီးလျှံ၊ ငရဲထိန်း၊ လင်းတ၊ ခွေး၊ ကျီးစသည်များ၊ ပြိတ္တာဘုံသွားမည့်သူဖြစ်လျှင် နတ်ဗိမာန်၊ နတ်သမီး၊ နတ်သား၊ နတ်ရထား၊ ဥယျာဉ်ပဒေသာပင် စသည်တို့ ထင်မြင်လာတတ်ကြသည်၊၊ ဤသို့ ထင်မြင်လာသည်ကို ဂတိနိမိတ်ထင်သည်ဟု ခေါ်၏၊၊

ဤသို့ မိမိပြုခဲ့သော ကုသိုလ် အကုသိုလ် ကံအားလျော်စွာ ကံ,ကံမ္မနိမိတ်,ဂတိနိမိတ်သည် သေခါနီးကာလတွင် ထင်မြင်လာမြဲဖြစ်သည်၊၊ ကုသိုလ်ကံက အကျိုးပေးတော့မည်ဖြစ်လျှင် ကောင်းသောအာရုံများထင်လာသောကြောင့် ထိုအာရုံကို အာရုံပြုလျှက် ဖြူစင်ကြည်လင်သော ကုသိုလ်စိတ်အစဉ် ဖြစ်နေသည်၊၊ အကုသိုလ်ကံက အကျိုးပေးတော့မည်ဖြစ်လျင် မကောင်းသောအာရုံဆိုးများ ထင်လာသောကြောင့် ထိုအာရုံဆိုးကို အာရုံပြုလျက် ညစ်နွမ်းသော မကြည်လင်သော အကုသိုလ်စိတ်အစဉ် ဖြစ်နေသည်၊၊ ထို့ကြောင့်ကျွမ်းကျင်သော သူနာစောင့်များသည် လူနာမျက်နှာကိုကြည့်၍ ရောက်ရမည့်ဂတိကို သိနိုင်ကြသည်၊၊

ထိုသို့ နိမိတ်ထင်လာမှုသည် ကံစွမ်းကြောင့် ထင်မှုရှိသကဲ့သို့ပင် ဆွေမျိုးမိတ်ဆွေတို့ ကြိုးစားဆောင်ရွက်မှုကြောင့်လည်း ထင်တတ်သည်၊၊ ဒုဋ္ဌဂါမဏိမင်းကြီးကဲ့သို့ မိမိနေ့စဉ်ပြုလုပ်သော ကုသိုလ်များကို စာအုပ်တွင်ရေးမှတ်၍ အနားအပါးရှိသူများက ဖတ်ကြားပေးသင့်သည်၊၊ မိမိနေ့စဉ်အားထုတ်ခဲ့သော အာစိဏ္ဏကံကုသိုလ်မှုများကို သတိရအောက်မေ့နေရမည်၊၊သမထဝိပဿနာ ဘာဝနာပွားများမှုများကို သတိထားရှု့မှတ်နေရမည်၊၊ အနီးအပါးရှိသူများကလည်း ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ တရားဓမ္မရွတ်ဖတ်၊ ကြေးစည်ထု၊ ဆီမီးပန်းစသည့် ကုသိုလ်မှုများကို သေခါနီးသောသူ ကြားအောင်မြင်အောင် သတိရအောင် ပြောဆို ပြုလုပ်ပေးနေရမည်၊၊ ငိုယိုမှု၊ အကျိုးမဲ့စကားများ ပြောနေမှု၊ ဆဲဆိုရန်ဖြစ်မှု၊ စသည့် အကုသိုလ်ဘက် စိတ်ညွှတ်စေမည့် လုပ်ငန်းများကို လုံးဝရှောင်ကြဉ်ရမည်၊၊

သေခါနီးသူ၏ စိတ်တို့သည် ထိုသို့ထင်လာသော အာရုံ၌သာ တစ်ရစ်ဝဲဝဲ ညွှတ်ကိုင်းနေတတ်၏၊၊ ဖော်ပြပြီးခဲ့သည့်အတိုင်း သုဂတိဘုံသို့ သွားလတ္တံ့သောသူအား ကုသိုလ်နှင့်ဆိုင်သော ကောင့်းမတ်သော နိမိတ်အာရုံတို့ ထင်လာတတ်သည်၊၊ ထိုအခါမျက်နှာအမှုအရာ ရွှင်ပြကြည်လင်နေတတ်သည်၊၊ ဒုဂ္ဂတိဘုံသို့ သွားလတ္တံ့သူအား အကုသိုလ်နှင့်ဆိုင်သော နိမိတ်ဆိုးအာရုံဆိုးတို့ ထင်လာတတ်သည်၊၊ထိုအခါ မျက်နှာအမှုအယာသည် ကြောက်ရွံ့ထိတ်လန့် နေတတ်သည်၊၊ တခါတရံ ပါးစပ်ကပင် အလန့်တကြား အော်ဟစ်တတ်သည်၊၊ ဤအချိန်သည် မိတ်ဆွေကောင်းရှိရန် အလိုအပ်ဆုံးအချိန်ဖြစ်သည်၊၊ ဘဝကူကောင်းရေးအတွက် အထူးဆောင်ရွက်ပေးရမည်၊၊

မရဏာသန္နေဇောနှင့် မြောနေသူသည် မိမိအာရုံတွင် ထင်မြင်လာသမျှကို အာရုံဖမ်းယူနေချိန်ဖြစ်သည်၊၊ ပေါ်လာသမျှအာရုံများကို ဆွဲယူနေချိန်ဖြစ်သည်၊၊ ဘဝသစ်၌ စိတ်အစဉ် ညွှတ်ကိုင်းနေသည်၊၊ ခရီးသွားမည့်သူသည် သွားရမည့်အရပ်သို့ စိတ်အစဉ် ညွှတ်နေသကဲ့သို့တည်း၊၊ ဘဝသစ်၌ ပဋိသန္ဓေကျိုးကို ပေးမည့်ကံတရားသည် ရှေးဘဝပေါင်းများစွာက ပြုခဲ့သော ကံဟောင်းဖြစ်စေကာမှု ယခုပင်ပြုလုပ်နေရသလို စိတ်ထဲ၌ ထင်ယောင်မြင်ယောင်လာသည်၊၊ ထိုသို့ထင်လာခြင်းမှာ မည်သူ၏ ဖန်တီးမှုကြောင့်မျှမဟုတ်ပေ၊၊ မိမိပြုခဲ့သော ကံအစွမ်းကြောင့် ထင်လာခြင်းပင်ဖြစ်ပေသည်၊၊

သတ္တဝါတစ်ဦးသည် စုတေရန် အလွန့်အလွန် နီးကပ်နေသော(သေခါနီး)ကာလ၌ စိတ်အစဉ်ဝယ် မရဏသန္နေဇောစိတ် ငါးကြိမ်ဖြစ်၏၊၊ ပဉ္စမဇောဖြစ်ပြီးနောက်တွင် စုတိစိတ်ဖြစ်၏၊၊ ထိုစုတိစိတ်သည် ဤဘဝ ပဋိသန္ဓေတည်ကာစ ပါရှိလာသော ကမ္မဇရုပ်များနှင့် ပြိုင်တူချုပ်သည်၊၊ ထိုစုတိစိတ်နှင့် ကမ္မဇရုပ် ချုပ်သည်နှင့်တပြိုင်နက် ပစ္စုပ္ပန်ဘဝ ကုန်ဆုံးသွားသည်၊၊ ထိုအချိန်ကိုစုတေသည်ဟု ဆိုကြသည်၊၊ စိတ္တဇရုပ်, အာဟာရဇရုပ်တို့သည်လည်း မရှေးမနှောင်းပင် ချုပ်ကြ၏၊၊ ဘဝတစ်ခုချုပ်ဆုံးလေတော့သည်၊

(ပဋိသန္ဓေအကြောင်း ဖော်ပြပါမည်၊၊)

လောကရှိ လူသားတိုင်းနှင့် ပတ်သက်သော ကံနှင့် ကံ၏အကျိုးများ (၁၇)

*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၇)*

*စုတေခြင်း (သေပုံသေနည်း)*

သတ္တဝါတို့ စုတေသေဆုံးကြရာ၌ သေခြင်းအမျိုးအစားလေးပါးတို့တွင် တစ်ပါးပါးဖြင့် သေဆုံးကြရ၏၊၊

အသက်တမ်းကုန်၍ သေခြင်း (အာယုက္ခယ)၊

ကံ၏ အစွမ်းကုန်၍ သေခြင်း (ကမ္မက္ခယ)၊

အသက်တမ်း ကံစွမ်းနှစ်ပါးစုံကုန်၍ သေခြင်း(ဥဘယက္ခယ)

ကြားဝင်ဖြတ်တောက်တတ်သော ကံတမျိုး (ဥပဃာတကကံ)ကြောင့် ရုတ်တရက် သေခြင်း (ဥပစ္ဆေဒက)တို့ ဖြစ်ကြသည်၊၊

ကံစွမ်းမကုန်သေးခင်မှာပင် သတ္တဝါတို့သည် အချိန်ကာလပိုင်းခြားသတ်မှတ်ထားသော သက်တမ်း၏ ကုန်ဆုံးလေသဖြင့် သေရခြင်းသည် အာယုက္ခယမရဏမည်၏၊၊ မီးစာကုန်သဖြင့် မီးငြိမ်းရသည်နှင့်တူ၏၊၊

အားနည်းသောကံကြောင့် ဖြစ်လာရသော သတ္တဝါတို့သည် သက်တမ်းမကုန်ဆုံးသေးဘဲလျက် ကံကုန်၍ သေရခြင်းမျိုးသည် ကမ္မက္ခယမရဏမည်၏၊၊ ဆီခန်း၍ မီးငြိမ်းရသည်နှင့်တူ၏၊၊

အသက်တမ်းလည်းကုန် ကံစွမ်းလည်းကုန်၍ သေရခြင်းသည် ဥဘယက္ခယမရဏမည်၏၊၊ မီးစာကုန်ဆီခန်း၍ မီးငြိမ်းရခြင်းမျိုးနှင့်တူ၏၊၊

အသက်တမ်းလည်းရှိ၊ ကံစွမ်းလည်းရှိသေးလျက်နှင့်ပင် ရှေးရှေးဘဝတို့၌ ပြုလုပ်ခဲ့သော ဥပဃာတကကံကြောင့်လည်းကောင်း၊ ဤဘဝ၌ ပြုလုပ်သော ဥပဃာတက ကံကြောင့်လည်းကောင်း၊ အနာဆိုးရောဂါဆိုး ရရှိတွေ့ကြုံရ၍ သေရခြင်း၊ ကားတိုက် မိုးကြိုးထိ လူသတ်ခံရ၍ သေရခြင်း၊ မီးဘေး၊ ရေဘေး လက်နက်ဘေးတို့ကြောင့် သေရခြင်း စသည်များသည် ဥပစ္ဆေဒကမရဏမည်၏၊၊ ဥပစ္ဆေဒကကံကြောင့် သေရခြင်းဟုလည်း ခေါ်ဆိုကြသည်၊၊ မီးစာလည်းရှိ ဆီလည်းရှိသေးလျက် လေပြင်းတိုက်၍ တမင်ငြိမ်းသတ်၍ ဆီမီးတောက် ငြိမ်းသည်နှင့် တူသည်၊၊

(စုတေခါနီး အာရုံနိမိတ်ထင်ပုံအား ဆက်လက်ဖော်ပြပါမည်၊၊)

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၁၆)

*(၃၁)ဘုံအတွင်း ကံ၏ စီမံခန့်ခွဲမှု*

ကံတရားသည် အကျိုးပေးရာ ဘုံဘဝဌာနကိုလိုက်၍ လေးမျိုးရှိသည်၊၊ ထိုလေးမျိုးတို့မှာ_
(၁) အကုသိုလ်ကံ၊
(၂) ကာမာဝစရ ကုသိုလ်ကံ၊
(၃) ရူပါဝစရ ကုသိုလ်ကံ၊
(၄) အရူပါဝစရ ကုသိုလ်ကံ တို့ဖြစ်ကြသည်၊၊

အကုသိုလ်ကံသည် (ပဋိသန္ဓေအခါ၌ ဥဒ္ဓစ္စသဟဂုတ်မှတစ်ပါး အကုသိုလ်ကံ ၁၁ပါးသည်) အပ္ပါယ်ဘုံ၌ ပဋိသန္ဓေအကျိုးကိုပေးသည်၊၊ ပဝတ္တိအခါ၌ ကာမ(၁၁)ဘုံနှင့် အသညသတ်မှတစ်ပါး ရူပ(၁၅)ဘုံ၌ ဖြစ်စေနိုင်၏၊၊

ကာမာဝစရ ကုသိုလ်ကံသည် ကာမသုဂတိ(၇)ဘုံ၌ ပဋိသန္ဓေကျိုးကို ပေး၏၊၊ ပဝတ္တိအခါ၌ ကာမ(၁၁)ဘုံနှင့် အသညသတ်မှတစ်ပါး ရူပ(၁၅)ဘုံ၌ ဖြစ်စေနိုင်၏၊၊ ရူပါဝစရကုသိုလ်ကံသည် ရူပဗြဟ္မာဘုံတို့၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊၊ ပဝတ္တိအခါ၌လည်း ရူပဗြဟ္မာဘုံတို့၌ ဖြစ်စေနိုင်၏၊၊

အရူပါဝစရကုသိုလ်ကံသည် အရူပဗြဟ္မာဘုံတို့၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊၊ ပဝတ္တိအခါ၌လည်း အရူပဗြဟ္မာဘုံတို့၌ ဖြစ်စေနိုင်၏၊၊

ကာမာဝစရ ကုသိုလ်ကံသည် ကိလေသာတရားတို့ကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတ်သည်၊၊ ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ် ကံသည် နိဝရဏတရားတို့ကို ဝိက္ခ မ္ဘနပဟာန်အားဖြင့် ပယ်သတ်သည်၊၊

ထိုကုသိုလ်ကံတို့မှတစ်ပါး လောကုတ္တရာကုသိုလ်ကံဖြစ်သော မဂ်ကုသိုလ်များသည် ကိလေသာတရားတို့ကို သမုစ္ဆေဒပဟာန်အားဖြင့် အပြီးတိုင်ပယ်သတ်သည်၊၊ လောကုတ္တရာဖိုလ်အကျိုးကို ပေးသည်၊၊

၎င်းကံကို အကျိုးပေးရာဘုံဌာနတို့မှာ_ အပါယ်ဘုံ၊ ကာမသုဂတိဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံတို့ ဖြစ်ကြသည်၊၊

(စုတိပဋိသန္ဓေအကြောင်း ဆက်လက်ဖော်ပြပါမည်)

တောင်ဖီလာဆရာတော်၏ ဆုံးမစာများ

*ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်၊၊

* သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ၊ ပညာရှိလည်း၊ ကြီးဘိအမျက်၊ ဒေါသဖျက်သည်၊၊

*မင်းကောင်းပါလျက်၊ မင်းမြှောင်ဖျက်သည်၊၊

*သူကောင်းဖြစ်ငြား၊ မူထားကောင်းလျက်၊ အပေါင်းဖျက်သည်၊

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ [ ၁ ]

*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ [ ၁ ] *

*ကံ၏ အနက်အဓိပ္ပါယ်*

ကံဆိုသည်မှာ ပါဋ္ဌိဘာသာ 'ကမ္မ' မှ ဖြစ်လာသော မြန်မာဝေါဟာရ ဖြစ်သည်၊၊ ပြုလုပ်မှုဟု အဓိပ္ပာယ်ရပါသည်၊၊
ထိုပြုလုပ်မှုဟူသော ကံသည်_
(က) ကိုယ်ဖြင့် ပြုလုပ်မှု (ကာယကံ)၊
(ခ ) နှုတ်ဖြင့် ပြုလုပ်မှု (ဝစီကံ)၊
(ဂ ) စိတ်ဖြင့် ကြံစည်မှု (မနောကံ)လို့ (၃)မျိုးရှိပါတယ်၊၊

ကံဖြစ်ပေါ်လာရန် စေတနာသည် အရင်းခံဖြစ်သည်၊၊ စေတနာ ဟူသော စကားလုံးသည် ဗုဒ္ဓဘာသာ၏ မူပိုင်စကားလုံး ဖြစ်သည်၊၊ စေတနာဟူသော စကားလုံး၏ တိကျသော အဓိပ္ပာယ်ကို အခြား မည်သည့်ဘာသာကမျှ ပြန်ဆိုဖော်ပြနိုင်စွမ်းမရှိ၊၊

စေတနာသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကိုယ်မှု နှုတ်မှု စိတ်မှု တို့ကိုပြုလုပ်ရာ၌ လိုရင်းပဓာန အချက်အချာကျသော အကြောင်းတရား ဖြစ်သည်၊၊ မည်သည့် ပြုလုပ်မှုကိစ္စမဆို စေတနာမပါလျှင် မထမြောက် မအောင်မြင်နိုင်၊၊ စေတနာပါရှိမှသာ ထမြောက် အောင်မြင်နိုင်သည်၊၊

စေတနာသည် စိတ်ကို လှုံ့ဆော် စေ့ဆော် နှိုးဆော်ပေးတတ်၏၊၊ စေတနာ နှိုးဆော်မှု အင်အားအလိုက် ပြုလုပ်မှု ကံတရားတို့ ဖြစ်ပေါ်လာရ၏၊၊ စေတနာအားကောင်းလေလေ ကံတရားတို့ အားကောင်း ထက်သန်လေလေဖြစ်၏၊၊ စေတနာသည် လွန်စွာ နူးညံ့သိမ်မွေ့သော တရားဖြစ်သဖြင့် သဘောပေါက်ရန် မလွယ်ပေ၊၊ သို့သော် စိတ်ကို တွန်းအားပေးသူမှာ ထိုနူးညံ့သိမ်မွေ့သော စေတနာပင်ဖြစ်သည်၊၊ စေတနာက နိုးဆော်တိုက်တွန်း၍ ကိုယ်နှုတ်တို့က ပြုလုပ်ပြောဆို ကြံစည်ကြသဖြင့် စေတနာရှေ့သွားရှိသော ကိုယ်မှု နှုတ်မှု ကြံစည်မှု ကံဟူသမျှသည် စေတနာသဘောရှိသောကြောင့် လည်းကောင်း၊ စေတနာနှိုးဆော်တိုက်တွန်း၍ ကိုယ်နှုတ်တို့ လှုပ်ရှားမှုအမူအယာ၊ စိတ်ဖြင့် ကြံစည်မှု အမှုအရာကိုပြုလုပ် ပြီးစီးတတ်သောကြောင့် လည်းကောင်း စေတနာကို 'ကံ'ဟုခေါ်ဆိုရသည်၊၊

ကံဟူသော အမည်သည် ကိုယ်မှု နှုတ်မှု စိတ်မှု တို့၏ အမည်ရင်းသာဖြစ်၏၊၊ ထို့ကြောင့် ကံတရားတို့ ဖြစ်ပေါ်လာရေးအတွက် စေတနာသည်အကြောင်းခံ ဖြစ်သည်၊၊ ''စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ_ချစ်သားတို့ စေတနာကို ကံဟု ငါဘုရားဟောတော်မူသည်''သူ မြတ်စွာဘုရား မိန့်တော်မူထားသည်၊၊ ကံတရားတို့၏ အပြင်းအပျော့ အားကောင်း မကောင်းသည် လှုံ့ဆော်ပေးတတ်သော စေတနာအင်အားပေါ် မူတည်သည်၊၊

ထိုစေတနာသည် ပုဗ္ဗ စေတနာ၊ မုဉ္စ စေတနာ၊ အပရ စေတနာဟူ၍ သုံးမျိုးရှိ၏၊၊ ကံတရားတစ်ခု ဖြစ်ပေါ်လာစေရန် လှုံ့ဆော်မှု စေတနာ တွန်းအားသည်လည်း သုံးမျိုးရှိသည်၊၊
စေတနာသည် ကံတစ်ခုမဖြစ်မီ ကြိုတင်၍ တွန်းအားပေးသည်၊၊
ကံကို ပြုဆဲခဏ၌လည်း တွန်းအားပေးနေသည်၊၊
ကံကို ပြုပြီးချိန်၌လည်း အဆက်မပြက် တွန်းအားပေးပြန်သည်၊၊ ထို့ကြောင့် စေတနာ တွန်းအားသည် သုံးမျိုး ဖြစ်လာသည်၊၊

စေတနာသုံးချက် ညီညွှတ်စွာ ပြုလုပ်မှသာ အလုပ်တစ်ခု ကံတစ်ခု၏ အကျိုးပေးမှုမှာ ပြည့်စုံအားကောင်းသည်၊၊ စေတနာ တစ်ချက်ချက် ပျက်ကွက်အားလျော့နေလျင်၊ ချို့တဲ့နေလျင် ကံတရားတို့ ဖြစ်ပေါ်မှု အားလျော့ကာ အကျိုးပေးမှု ချို့ယွင်းတတ်လေသည်၊၊

ဤလောက၌ ကံ၊ ဉာဏ်၊ ဝီရိယဟူ၍ သုံးမျိုးရှိသည်၊၊ ဉာဏ်နှင့် ဝီရိယတို့မှာ ပေါ်လွင်ကြသဖြင့် အငြင်းမပွားကြသော်လည်း ကံနှင့်စပ်၍ ယုံသူ၊ မယုံသူ ရှိလာသည်၊၊ ကံမယုံသူတို့သည် မိမိတို့ မယုံပါဆိုသည့် ကံကိုပင် နေ့စဉ်ပြုလုပ်နေကြသောကြောင့် မိမိကိုယ်ကို မိမိပင် ဆန့်ကျင်နေကြပြန်သည်၊၊

လောကလူသားတို့ကို ကြည့်လျင် လူတိုင်းသည် အချိန်တိုင်း အလုပ်လုပ်နေကြသည်၊၊ အလုပ်လုပ်သဖြင့် လုပ်အားတန်ဖိုးကို ရရှိကြသည်၊၊ ထိုအလုပ်သည် ကောင်းသောအလုပ်၊ မကောင်းသော အလုပ်ဟူ၍ နှစ်မျိုးရှိသည်၊၊ မကောင်းသောအလုပ်ကို ပြုလုပ်ကြသဖြင့် လောကဥပဒေများအရ ငွေဒဏ်၊ ထောင်ဒဏ်၊ သေဒဏ်များ ခံကြရသည်၊၊ ကောင်းသောအလုပ်များကို ပြုလုပ်ကြသဖြင့် ငွေကြေး၊ ဥစ္စာ၊ ဆုလာဘ်၊ ရာထူးအာဏာတို့ တိုးပွားရရှိကြသည်၊၊ ဤသို့လျင် ကံဟုခေါ်သော အလုပ်များကို နေ့စဉ် နေ့တိုင်း အချိန်ရှိတိုင်း လူတိုင်း ပြုလုပ်နေကြသဖြင့် ကံအကျိုးတရားများကို ရရှိခြင်း ဖြစ်သည်၊၊

သို့ဖြစ်၍ ကံသည် ဧကန်ပင်ရှိသော သဘောသဘာဝဖြစ်သည်၊၊ ကံရှိနေ၍ ကံ၏ကောင်းကျိုး၊ ဆိုးပြစ်တို့ကို ခံစားနေကြသည်၊၊ကံကို ငြင်းဆန်ကန့်ကွက်ရန် အကြောင်းမရှိပေ၊၊

(ကံအမျိုးမျိုးကို ဆက်လက်ဖော်ပြပါမည်၊၊)

လောကရှိလူသားတိုင်းနှင့် ပတ်သတ်သော ကံနှင့်ကံ၏ အကျိုးများ (၂)

*လောကရှိလူသားတိုင်းနှင့် ပတ်သတ်သော ကံနှင့်ကံ၏ အကျိုးများ (၂)*

*အားကြီး၍ ကြာရှည်ခံသော ကမ္မသတိ (နာနာက္ခဏိက ကံ)*

ကံ၏ သဘောကား သိမ်မွေ့၏၊ အင်အားသတ္တိလည်း ကြီးမားလှသည်၊၊ မည်သည့် သက်ရှိသတ္တဝါမဆို ကြံစည် ၊ ပြောဆို၊ ပြုလုပ်သမျှ ကြံပြီး၊ ပြောပြီး၊ လုပ်ပြီးလျှင် ပျောက်ပျက်သွားပြီဟု ထင်ရ၏၊၊ ထို့သို့ကားမဟုတ် ကြံစည်မှု၊ ပြောမှု၊ လုပ်မူများ ပြီးဆုံးသွားသော်လည်း ထိုကြံစဉ် ပြောစဉ် လုပ်စဉ်က စေတနာ အင်အားသတ္တိများကား ပျောက်ပျက်မသွား၊ ဆက်လက်၍ အလုပ်လုပ်နေခဲ့သည်၊၊

ရေကန်တွင်းသို့ ခဲတစ်လုံးပစ်ချသော အချိန်သည် တစ်ခဏမျှသာ ဖြစ်သော်လည်း ခဲကျသော အရှိန်အင်အားအလိုက် ဆက်လက် ရိုက်ခတ်မှု ဂယက်များကား ကြာမြင့်စွာ ရိုက်ခတ်လျှက်နေ၏၊၊

မိုးရွာသွန်းမှုသည် နာရီပိုင်းအတွင်း ရက်စဲသွား၏၊၊ သို့သော် တော၊ တောင်၊ ရေမြေ၌ စိမ့်ဝင်ခဲ့သော မိုးရေ၏ အအေးဓာတ်အင်အား သတ္တိများကား ရုတ်တရက် ပျက်ပြယ်မသွား၊ တဖန် မိုးကာလ၌ ပေါက်လာသော မြက်သစ်ပင်များ နွေအခါတွင် ကွယ်ပျောက်သွားကြ၏၊၊ မမြင်ရ၍ မရှိဟု ထင်ရသော်လည်း မိုးတွင်းရောက်လာပြန်လျှင် မြက်သစ်ပင်များ ပြန်၍ ပေါ်ပေါက်လာကြသည်၊၊ မျိုးစေ့ မျိုးစေ့သတ္တိကား ကျန်ခဲ့သောကြောင့် မြက်ပင်သံသရာလည်တော့၏၊၊

ကံမျိုးစေ့ ကမ္မသတ္တိကား ထို့ထက် အဆပေါင်းများစွာ သိမ်မွေ့၏၊၊ ကမ္ဘာပေါင်းများစွာ ကြာသော်လည်း ဆွေးမြေ့ ပျောက်ပျက်သွားသည်ဟူ၍ မရှိ၊ ကြာရှည်လည်း ခံ၏၊၊ ကမ္ဘာပေါင်းများစွာ ခြားကွာသော်လည်း အကြောင်းတိုက်ဆိုင်လာသောအခါ ထိုကံမျိုးစေ့မှ အပင်ပေါက်လာတတ်၏၊၊အဘိဓမ္မာပဋ္ဌာန်း ဒေသနာ၌ ('နာနာက္ခဏိက ကံ')ဟုခေါ်သည်၊၊

သတ္တဝါတို့မည်သည် အနမတဂ္ဂ(အစ,မထင်သော) သံသရာမှ မိမိတို့ ပြုလုပ်ခဲ့သမျှ ကောင်းဆိုး ကမ္မသတ္တိများကို အရိယမဂ်နှင့် အပြတ်မပယ် သတ်နိုင်သေးသမျှ ဆက်လက်အမွေခံနေကြရ၏၊၊(ကမ္မဝဋ် ) ဟုခေါ်သည်၊၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် မကောင်းသောအကြံ၊ မမှန်သောအပြော၊ မတရားသော အလုပ်မှန်သမျှ အသေးအဖွဲလေးကအစ ဆင်ခြင်ကြရလေသည်၊၊
(ဆက်လက် ဖော်ပြပါမည်၊၊)

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၃)

*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၃)

*အတိတ်ကံ*
ဘဝသံသရာသည် လွန်စွာနှစ်ပရိစ္ဆေဒများရှည်လျားလွန်းသဖြင့် သံသရာ၏ အစကို မသိမြင်နိုင်ပေ၊၊ ထိုရှည်လျားလှသော သံသရာကြီးဝယ် သတ္တဝါတိုင်းသည် ဘဝမျိုးစုံတို့၌ ကံအမျိုးမျိုးကို ပြုလုပ်နေကြသည်၊၊ ပြုလုပ်ခဲ့ကြသည်၊၊ ထိုထိုအတိတ် ဘဝများကပြုလုပ်ခဲ့ကြသော ကံများသည် အတိတ်ကံများဖြစ်ကြသည်၊၊

ကံအမျိုးအစားများလိုက် တစ်ဘဝထဲ၌ အကျိုးအကုန်ပေးနိုင်သော ကံကနည်းပါး၍ သံသရာတစ်လျောက် ရေရှည်တုံ့ပြန်ကျိုးပေးသော ကံမျိုးက ပိုများပြားကြသည်၊၊ သို့ဖြစ်၍ အတိတ်ဘဝများက ပြုလုပ်ခဲ့သော ကံများသည် ယခုဘဝ၌ အတိက်ကံ အကျိုးတရားများ အဖြစ် အကျိုးပေးကြသည်၊၊ အတိတ်ကံကြောင့် ယခုဘဝတွင် ကောင်းကျိုးဆိုးပြစ်များကို ခံရစံရခြင်းဖြစ်၏၊၊

'' ဣဿရနိမ္မာနဝါဒခေါ် ဖန်ဆင်းရှင် တန်ခိုးရှင်ကြောင့် မိမိတို့ဘဝ ပြည့်စုံမှု မပြည့်စုံမှုတို့ ဖြစ်ပေါ်နေရသည်'' ဟူသော အယူဝါဒကို ယုံကြည်သူတို့သည် အတိတ်ကံကို လက်မခံကြပေ၊၊ ယခု ပစ္စုပ္ပန်ဘဝတွင် ကောင်းကျိုးဆိုးပြစ် ဖြစ်ဖြစ်သမျှသည် ဖန်ဆင်းရှင်တို့၏ ချီးမြှောက် မစမှုအပေါ်၌သာ တည်နေသည်ဟု ယုံကြည်စွဲလမ်းနေကြသည်၊၊

အတိတ်ကံကို မယုံသူများရှိသကဲ့သို့ အတိတ်ကံကို တစ်ဖက်သက် ယုံကြည်သူများလည်း ရှိကြသေးသည်၊၊ ထိုသူများကို ''ပုဗ္ဗေကတဟေတုဒိဋ္ဌိ အယူရှိသူများ'' ဟုခေါ်၏၊၊ ဖြစ်ပေါ်နေသမျှ ပစ္စုပ္ပန်ကောင်းကျိုး ဆိုးပြစ် ဟူသမျှသည် အတိတ်ဘဝက ပြုလုပ်ခဲ့သော ကံကြောင့်သာ ဖြစ်ပေါ်နေကြရသည်၊၊ ယခုဘဝတွင် မည်မျှပင် ကြိုးစားအားထုတ်သော်လည်း တိုးတတ်မြင့်မားမည့်ဘဝမျိုးကို ရနိုင်မည် မဟုတ်ဟု အတိတ်ကံကိုသာလုံးဝမှီခိုပုံယုံနေကြသည်၊၊

ဤသို့ အတိတ်ကံနှင့်ပတ်သတ်၍ အဖြေရှာနေကြစဉ် ဘဝသံသရာလည်းမရှိ၊ အတိတ်ဘဝလည်းမရှိ၊ အနာဂတ်ဘဝလည်းမရှိ၊ မည်သည့်ကုသိုလ် အကုသိုလ်ပြုပြု ခံရစံရခြင်းမရှိ၊ သူဖြစ်ချင်သလိုဖြစ်နေကြသည်၊ ဖန်ဆင်းသူလည်းမရှိ၊ အတိတ်ကံတရားလည်းမရှိ၊ အလိုလိုဖြစ်၍ အလိုလိုပျက်ကြသည်၊၊ ဤဘဝကုန်ဆုံးလျင် နောက်ထပ်ဘဝ မရှိတော့ဟူသော ကျိုးကြောင်းမဲ့ဝါဒများလည်း ပေါ်ပေါက်လာပြန်သည်၊၊

ထို့ထက် လေးနက်စွာတွေးကြည့်လျင် ကြက်ငှက်စသော သူတစ်ပါးအသက်ကို သတ်ရခြင်းသည် ဖန်ဆင်းပေး၍ သတ်ရသည်၊၊ အတိတ်ကံကြောင့်သတ်နေရသည်၊၊ အကြောင်းမဲ့သတ်ဖြတ်နေရသည်၊၊ သူတစ်ပါးသားမယား ကျူးလွန်မှုစသည့် မကောင်းမှုများကို ပြုလုပ်နေရသည်မှာလည်း အထက်ပါအကြောင်းပြ ခံယူချက်တို့ကြောင့် ပြုလုပ်နေရ၏၊၊ မိမိကိုယ်တိုင်က စေတနာ ဝါသနာပါ၍ နှစ်သက်ခုံမင်၍ ပြုလုပ်နေရသည်မဟုတ်ဟူသော မှားယွင်းလွဲချော်သောအယူအဆတို့ ပေါ်ထွက်လာသည်၊၊ လက်တွေ့ဘဝဖြင့်ချိန်ထိုးကြည့်သောအခါ အထက်ပါ အယူအဆသုံးရပ်မှာ သဘာဝမကျ ယုတ္တိမရှိဘဲ မှားယွင်းနေကြောင်း တွေ့ရှိရသည်၊၊

အမှန်မှာမှု သတ္တဝါတို့ခံစားစံစားနေကြရသော ကောင်းကျိုးဆိုးပြစ်တို့မှာ မိမိတို့ ပြုလုပ်ခဲ့သော အတိတ်ကံ၊ ပစ္စုပ္ပန်ကံနှစ်မျိုး ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်၏၊၊

*အတိတ်ပစ္စုပ္ပန် ကံနှစ်တန်*

ဗုဒ္ဓဘာသာဝင်တို့သည် ကံ,ကံအကျိုးကို ယုံကြည်ကြသည်၊၊ အတိတ်ကံကြောင့် ရခဲသောလူ့ဘဝကို ရခဲ့ကြသည်၊၊ ရုပ်ရေ အင်္ဂါလက္ခဏာတို့ ပြည့်စုံရသည်၊၊ အကယ်၍ အတိတ်ကံသည် မကောင်းခဲ့ပါမှု လူ့ဘဝကောင်းကို ရလာကြမည်မဟုတ်ပေ၊၊ ငရဲဘဝ တရိစ္ဆာန်ဘဝ စသည်တို့ကို ရကြပေမည်၊၊

အတိတ်ကံကြောင့် သုဂတိဘဝ လူဖြစ်လာကြပြီး ကြီးပွားတိုးတတ်ရန်မှာမှု ပစ္စုပ္ပန်ခေါ်သော ကံ ဉာဏ် ဝီရိယတို့ကိုအသုံးပြုရပေမည်၊၊ အတိတ်ကံကိုသာအားကိုးပြီး ပစ္စုပ္ပန်ကံ ဉာဏ် ဝီရိယတို့ကို လွှာ၍မသုံးပါမှု အောင်မြင်မှု မရနိုင်ပေ၊၊ လူ့ဘုံသည် အပ္ပါယ်လေးဘုံ နတ်ဘုံတို့ကဲ့သို့သော ကံကျိုးသက်သက်ကိုသာ ခံရစံရသော ဘုံမဟုတ်ပေ၊၊ ကံ ဉာဏ် ဝီရိယ မျှတညီညွှတ်စွာ ကြိုးပမ်းအားထုတ်ရသော ဘုံဖြစ်သည်၊၊

ပစ္စုပ္ပန်ကံ ဟူသည်မှာ ယခုဘဝ ယခုကာလတွင် ဉာဏ်ပညာဖြင့် ချင့်ချိန်တွေးခေါ်မြော်မြင်၍ ဝီရိယဖြင့် ကြိုးစားမှုမှန်သမျှပင်ဖြစ်၏၊၊ အတိတ်ကံကောင်း ထောက်မသော်လည်း သမ္ပတ္တိစက်ခေါ် အချိန်အခါကောင်း အခွင့်ကောင်းတို့ တွေ့ကြုံရန်လည်း လိုအပ်သေးသည်၊၊ ဂတိသမ္ပတ္တိမှာမှု သုဂတိဘဝ လူအဖြစ်ကိုရကြပြီ ဖြစ်၍ ပြည့်စုံနေပါသည်၊၊

ကာလသမ္ပတ္တိခေါ် လုပ်ငန်းလုပ်ဆောင်ရန်အတွက် အဆင်ပြေသော အချိန်ဖြစ်ရမည်၊၊ ဥပဓိသမ္ပတ္တိခေါ် ရုပ်ရေလက္ခဏာကျန်းမာရေး ဥပဓိနှင့် ပြည့်စုံရန်လည်း လိုအပ်သည်၊၊ ထိုသို့ သမ္ပတ္တိသုံးပါးတို့နှင့် ပြည့်စုံသော်လည်း ပယောဂသမ္ပတ္တိ ခေါ်ကြိုးစားအားထုတ်မှုရှိရန် လိုအပ်သေးသည်၊၊ ကံကိုသာ အားကိုးနေပြီး ဉာဏ် ဝီရိယတို့ဖြင့် ကြိုးစားမှု (ပယောဂသမ္ပတ္တိ ) မရှိပါမှု အောင်မြင်မှုကို မရနိုင်ပေ၊၊ ပယောဂစက် ပျက်သည့်သူအား ဘုရားသော်မှ ကယ်မ၍ မရနိုင်ပေ၊၊

သို့ဖြစ်၍ ယခုဘဝတွင် ဉာဏ်ဝီရိယကြိုးစားအားထုတ်မှုများကို ပစ္စုပ္ပန် ကံဟုခေါ်သည်၊၊ အမှန်တကယ် ကြီးပွားအောင်မြင်ရန်မှာမှု အတိတ်ကံတရားသည် အရင်းခံဖြစ်သည်၊၊အတိတ်ကံ မပါကလည်း ကံမရှိ ဉာဏ်ရှိတိုင်း မွဲတတ်ပြန်သည်၊၊

'' ကံဟုမူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်၊ ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ထံ၌ ဉာဏ် ဝီရိယ ပယောဂတည့်'' ဟူ၍ မန်လည်ဆရာတော် ဘုရားကြီးက ကံသဘောကို ရှင်းလင်း ဖွင့်ဆိုထားခဲ့ပေသည်၊၊

(ဆက်လက် ဖော်ပြပါမည်)

လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၄)


*လောကရှိလူသားတိုင်းနှင့် ပတ်သက်သော ကံနှင့်ကံ၏ အကျိုးများ (၄)

*ကံ အမျိုးအစား*

အတိတ်ကံသည် အလွန်အားကောင်းသောကံ၊ အလယ်အလတ် အားကောင်းသောကံ၊ နုံချာသောကံ ဟူ၍ သုံးမျိုးရှိပါသည်၊၊ ထို့အတူပင် ပစ္စုပ္ပန်ကံသည်လည်း ကံ ဉာဏ် ဝီရိယ မျှတစွာ သုံး၍ လက်ရှိအခြေအနေထက် တိုးတတ်အောင် ကြိုးစားခြင်း၊ တည်တံ့ရုံသာ ကြိုးစားခြင်း၊ တည်တံ့လောက်အောင်ကိုပင် အားမထုတ်ခြင်း ဟူ၍ သုံးမျိုးရှိသည်၊၊

အလွန်အားကောင်းသော အတိတ်ကံကြောင့် မိကောင်း ဖကောင်း အထက်တန်းစား ဆရာသမား မိဘကောင်းတို့ထံတွင် လူဖြစ်လာရသည်၊၊ ထိုသူသည် အရွယ်ရောက်လာသောအခါ ကံ ဉာဏ် ဝီရိယသုံးပါး ညီညွှတ်စွာ ပစ္စုပ္ပန်ကောင်းအောင် ကြိုးစားက လူ့ဘဝတွင် အထွတ်အထိပ် မင်းစိုးရာဇာ သူဌေးသူကြွယ် ပညာရှင်ကြီး ဖြစ်နိုင်သည်၊၊

အတိတ်ကံ အလွန်အားကောင်း၍ မိကောင်းဘကောင်းထံတွင် လူဖြစ်လာရသော်လည်း ပစ္စုပ္ပန်အားထုတ်မှုမှာ အလယ်အလတ်တည်တံ့ရုံသာ ကြိုးစားလျင် အလယ်အလတ်တန်းစား ဘဝသာ ရောက်ရှိမည်၊၊ ထိုသူသည်ပင် ပစ္စုပ္ပန်အကျိုးမရှိ၊ တည်တံ့ရုံပင် ကြိုးစားမှုမပြုပါလျှင် နိမ့်ကျဆင်းရဲမွဲတေသူ ဘဝသို့ရောက်သွားရသည်၊၊

ပစ္စုပ္ပန်၏ အင်အားအပေါ်ကိုလိုက်၍
မိဘတို့ထက်ပိုတိုးတတ်သူ- အတိဇာတသား
မိဘခြေရာနင်း၍ မိဘတို့အဆင့်ကိုမှီသူ- အနုဇာတသား
မိဘတို့အဆင့်မမီဘဲ ယုတ်ညံ့နိုမ့်ကျသွားသူ- အဝဇာတသား ဟူ၍ သားသုံးမျိုးပေါ်ထွက်လာသည်၊၊ အတိတ်ကံမှာ မိကောင်းဖကောင်းသား ဖြစ်အောင် ပို့ပေးရုံသာပေးခဲ့သည်၊၊

အတိတ်ကံအလတ်တန်းစားကြောင့် သာမန်မိဘတို့ဝမ်း၌ လူဖြစ်ရသော်လည်း ပစ္စပ္ပန်ကြိုးစားအားထုတ်မှုများပြားလျှင် အထက်တန်းအဆင့်သို့ ရောက်ကြရသည်၊၊ မင်းစိုးရာဇာ သူဌေးသူကြွယ် ပညာရှင်ကြီးဖြစ်ကြရသည်၊၊ ထိုသူသည်ပင် အလတ်အလတ်တည်တံ့ရုံသာ ကြိုးစားလျှင် အလတ်တန်းစားထဲက အလတ်တန်းစားသာဖြစ်ရသည် ထိုသူသည်ပင် ပျင်းရိပြီး ကြိုးစားမှုမရှိ ပစ္စုပ္ပန်ကံမွဲလျှင် ဆင်းရဲသူဘဝရောက်ရသည်၊၊

ထို့အတူပင် အတတ်ကံအားနည်း၍ ဆင်းရဲသူမိဘများ ဝမ်း၌ဖြစ်ရသော်လည်း ပစ္စုပ္ပန်ဘဝအားထုတ်မှု များပြားလျှင် ကြီးပွားသူဘဝ ရောက်ရသည်၊၊ အလတ်တန်းစား တည်တံ့ရုံသာ ကြိုးစားလျှင် သာမန်ဆင်းရဲသား ဘဝသာရရှိမည်၊၊ ပစ္စုပ္ပန်ကြိုးစားမှုမပြုလျှင်မူ လွန်စွာနို်မ့်ကျ ဖုန်းတောင်းယာစကာဘဝသို့ ရောက်ရသည်၊၊

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မှုစဉ် တနေ့တွင် ရှင်အာနန္ဒာအား ဤသို့မိန့်တော်မူ၏_
''အာနန္ဒာ _ ခွက်လက်စွဲကာ တောင်းစားနေကြသည့် ဤသူတောင်းစား လင်မယားကိုကြည့်လော့၊ ထိုသူတို့သည် ဤသာဝတ္ထိမြို့၌ ချမ်းသာကြွယ်ဝသော သူဌေးကြီးတို့၏ သားနှင့်သမီးများဖြစ်ကြသည်၊၊ သူတို့သည် ငယ်စဉ်က ပညာမသင်ကြဘဲ အိမ်ထောင်ပြုကြပြီး မိဘပစ္စည်းများကို ဖြုန်းသုံးနေခဲ့ကြသည်၊၊ မိဘတို့ ကွယ်လွန်ကြသောအခါ ကံ ဉာဏ် ဝီရိယတို့ကို အသုံးမချ၊ စီးပွားဥစ္စာတိုးတတ်အောင် မကြိုးစား၊ ရှိပစ္စည်းကို ဖြုန်းခဲ့သုံးစွဲခဲ့ရာ နောက်ဆုံးတွင် ဥစ္စာကုန်ဆုံး၊ လူလုံးမလှ ခွက်လက်စွဲကာ တောင်းစားရသည့် ဖုန်းတောင်းယာစကာဘဝသို့ ရောက်ကြရသည်၊၊

ထိုလင်မယားနှစ်ယောက်တို့သည် အကယ်၍ ပထမအရွယ်တွင် စီးပွားဥစ္စာ ကြိုးစားရှာဖွေပါက ဤမြို့တွင် ပထမတန်းစား သူဌေးကြီးဘဝရောက်နိုင်ကြသည်၊၊ ရဟန်းပြုကာ ရဟန်းတရားအားထုတ်ပါမှု အထက်မဂ်ဖိုလ်တို့ကို ရရှိနိုင်ကြသည်၊၊ ဒုတိယအရွယ်တွင် သတိရပြီးကြိုးစားပါက အလတ်တန်းစား သူဌေးဘဝသို့ ရောက်နိုင်ကြသည်၊ ရဟန်းတရား အားထုတ်ပါက အောက်မဂ်အောက်ဖိုလ်များကို ရနိုင်ကြသည်၊ တတိယအရွယ်မှ သတိရပြီး ကြိုးစားပါက လူတန်းစေ့ ဘဝမျိုးရနိုင်ကြသည်၊၊ ရဟန်းပြုပါက အကျင့်မြတ်နှင့် ပြည့်စုံသူရဟန်းကောင်းများ ဖြစ်နိုင်ကြသည်၊၊ ယခုမှု လုံ့လကြိုးကုတ် အားထုတ်မှု မပြုခဲ့ကြသဖြင့် ယခုမြင်တွေ့နေရသည့် သူတောင်းစား ဘဝအဆင့်သို့ ရောက်သွားကြလေသည်'' ဟုမိန့်တော်မူလေသည်၊၊

အတိတ်ကံကောင်း၍ အလွန်ရခဲလှသည့် ဒုလ္လဘငါးဖြာအပါအဝင် လူအဖြစ်ကို ရခဲ့ကြပြီဖြစ်သည်၊၊ လူ့ဘဝ လူဖြစ်နေရခြင်းသည် အလွန်ကြီးကျယ်လှသော အခွင့်အရေးကြီးဖြစ်သည်၊၊ ဒုဂ္ဂတိဘဝများတွင်သာ သတ္တဝါတို့ အမြဲထာဝရ နေအိမ်ဖြစ်နေကြရသည်၊၊ ဒုစရိုက်တရားတို့ကိုသာ ထပ်ကာတလဲလဲ လုပ်ဆောင်နေကြသဖြင့် ဒုဂ္ဂတိဘဝများသာ အဆက်မပြတ် ဖြစ်ပေါ်နေကြသည်၊၊ ကြုံခဲလှသည့် ဘုရားသာသနာနှင့် ကြုံတွေ့လာသည့်အခိုက် ကမ္မဿကတာသမ္မာဒိဠိအမြင်မှန်ဖြင့် ပစ္စုပ္ပန်ကံကောင်းများ အမြဲဖြစ်ပွားနေရေး၊ သုစရိုက်တရားများ တိုးပွားနေရေးအတွက် အလေးထားလုပ်ဆောင်ရပေမည်၊၊

(ဆက်လက်ဖော်ပြပါမည်၊၊)