Thursday, April 7, 2016

ဥပုသ်သည်တွေ ည(၁၂)နာရီကျော်လျှင် ထမင်းစားကောင်းလား

ဥပုသ်သည်တွေ ည (၁၂)နာရီကျော်ရင် ထမင်းစားကောင်းလား..

ဥပုသ်သည်တွေ ည(၁၂) နာရီကျော်ရင် ထမင်းစားကောင်းလားဆိုတော့ မစားကောင်းပါဘူး အရုဏ်တတ်မှ စားကောင်းပါတယ်၊၊

အရုဏ်တတ်မှဆို အရုဏ်က ဘယ်အချိန်တွေတတ်တာလဲ ဆိုတော့:..

အရုဏ်တတ်တယ်ဆိုတာ တစ်လနဲ့ တစ်လတော့မတူဘူး၊၊ အဲဒါနဲ့ ပတ်သက်ပြီး ကမာရွတ် ရွာမဆရာတော်ကြီးက အရုဏ်တတ်ပုံနှင့် နေဝင်ပုံကို ဇယားဆွဲ လင်္ကာစီထားတယ်၊၊ အဲဒီဇယားကြည့်လိုက်ရင် တစ်ခါတည်း ရှင်းသွားလိမ့်မယ်၊၊

စဉ် လအမည် အရုဏ်တတ် နေထွက် နေဝင်
၁၊၊ တန်ခူး ၅း၀၀. ၆း၀၀. ၆း၀၀
၂၊၊ ကဆုန် ၄း၅၀. ၅း၅၀. ၆း၁၀
၃၊၊ နယုန် ၄း၄၀. ၅း၄၀. ၆း၂၀
၎၊၊ ဝါဆို ၄း၃၀. ၅း၃၀. ၆း၃၀
၅၊၊ ဝါခေါင် ၄း၄၀. ၅း၄၀. ၆း၂၀
၆၊၊ တော်သလင်း ၄း၅၀. ၅း၅၀. ၆း၁၀
၇၊၊ သီတင်းကျွတ် ၅း၀၀. ၆း၀၀. ၆း၀၀
၈၊၊ တန်ဆောင်းမုန်း ၅း၁၀. ၆း၁၀. ၅း၅၀
၉၊၊ နတ်တော် ၅း၂၀. ၆း၂၀. ၅း၄၀
၁၀၊၊ ပြာသို ၅း၃၀. ၆း၃၀. ၅း၃၀
၁၁၊၊ တပို့တွဲ ၅း၂၀. ၆း၂၀. ၅း၄၀
၁၂၊၊ တပေါင်း ၅း၁၀. ၆း၁၀. ၅း၅၀

ကူးကျွတ်နှစ်လီ၊ ခြောက်နာရီမှန်၊ ကြွင်းကျန်မာသ၊ ငါးလစီထား၊ ရှေ့ငါးနောက်ဆဋ္ဌ်၊ နာရီမှတ်၍၊ ပဏ္ဏာသ်စတ္တာ၊ တိံသာစတ်ပဏ်၊ ငါးတန်မိနစ်၊ ရှေ့ငါးဖြစ်၏၊ ကျန်လစ်နောက်ငါး၊ ခြောက်ဆယ်ထား၍၊ ရှေ့ငါးနှုတ်ပယ်၊ ကြွင်းဝယ်စန်မှန်၊ နောက်ငါးတန်တည့်၊ ဝင်ဟန်သိလို၊ မပိုဒွါဒသ်၊ နာရီမြတ်တွင်၊ ထွက်မှတ်ပယ်ဖြတ်၊ အာရုံတတ်မှာ၊ နေထွက်စက်ဆုတ်၊ နာရီနုတ်က၊ မှန်ဟုတ်မပျက်၊ ထွက်ဝင်တတ်သည်၊ မှတ်ကျက်လွယ်ကူ စာကြောင်းတည်း၊၊

လင်္ကာလေးတပုဒ်ရှိသေးတယ်၊၊ သူကပို၍ မှတ်ရလွယ်မယ် ထင်တာပဲ၊ ဘယ်သူရေးတယ်တော့ မသိဘူး၊၊

၁၊၊ ဝါဆိုလေးနာရီခွဲ ပြာသို ငါးနာရီခွဲ
မှတ်မြဲ အရုဏ်တက်၊
၂၊၊ ဝါခေါင်မှ နတ်တော် တစ်လလျှင်
ဆယ်မိနစ်တိုး၍ဖော်၊
၃၊၊ တပို့တွဲမှ နယုန် တစ်လလျှင် ဆယ်မိနစ်
ဆုတ်၍ပုံ၊ မှတ်တုံ အရုဏ်တတ်တဲ့၊၊

အရုဏ်တတ်ပုံနှင့် ပတ်သက်လို့ မှတ်ရလွယ်ကူဆုံး လင်္ကာလေးပဲ..

လောကီနည်းမှာတော့ ည(၁၂)နာရီကျော်ရင် တစ်နေ့ကူးတယ်လို့ သတ်မှတ်ကြတယ်၊၊ နာမည်ပေးတာကိုပဲ ကြည့်လေ၊ ည(၁၂) နာရီ ဟိုဘက် မွေးတဲ့ကလေးဆိုရင် ဟိုဘက်နေ့နံအရပဲ နာမည်ပေးကြတယ်၊ ဗုဒ္ဓဘာသာ သာသနာနည်းကတော့ အရုဏ်တတ်မှပဲ တစ်နေ့ကူးတယ်လို့ သတ်မှတ်ထားတယ်၊၊

နောက်တစ်ဆင့်တတ်ပြီး စဉ်းစားရင် သီလဆိုတာ အသက်ထက်ဆုံး စောင့်ထိန်းရတဲ့သီလ၊ မိမိစွမ်းနိုင်သလောက် ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းလို့ရတဲ့ သီလဆိုပြီး သီလ နှစ်မျိုးရှိတယ်၊၊

အသက်ထက်ဆုံး စောင့်ထိန်းရတဲ့ သီလကတော့ ငါးပါးသီလမျိုးပေါ့၊ မိမိစွမ်းနိုင်သလောက် ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းရတဲ့ သီလကတော့ ရှစ်ပါးသီလတို့ ဆယ်ပါးသီလတို့ပေါ့၊၊

ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းတယ်ဆိုတာက ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ့်ရဲ့လုပ်ငန်း အခြေအနေကြည့်ပြီး တရားနာယူခိုက် တစ်ထိုင်ပဲ စောင့်ထိန်းမယ်၊ ဒါမှမဟုတ် တစ်နာရီဖြစ်စေ၊ နာရီဝက်ဖြစ်စေ၊ တစ်ပတ်ဖြစ်စေ စောင့်ထိန်းမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ကာလပိုင်းဖြတ်တာ၊ တစ်နည်းပြောရရင် အဓိဋ္ဌာန်တာပေါ့၊
ဝိကာလဘောဇနာ သိက္ခာပုဒ်က ကိုယ်စွမ်းနိုင်သလောက် ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းလို့ရတဲ့ သီလထဲမှာပါတယ်၊၊

ဒီတော့ စောင့်ထိန်းတဲ့သူအပေါ်မှာပဲ မူတည်တယ်၊၊ ကိုယ်ကတစ်ရက် စောင့်ထိန်းမယ်ဆိုရင်တော့ သီလယူပြီးချိန်ကနေ နောက်တစ်နေ့ အရုဏ်တတ်ချိန်အထိ အကျုံးဝင်တယ်၊ အရုဏ်မတတ်ခင်အတွင်း ဘာသိက္ခာပုဒ်မှ မပျက်စီးစေရဘူး..

ဒီနေရာမှာ သိက္ခာပုဒ်တစ်ပါးပျက်ရင် ကျန်တဲ့သိက္ခာပုဒ်တွေပါ ပျက်ရောလားဆိုရင်..

သီလယူတဲ့နေရာမှာ တစ်ပေါင်းတည်းယူနည်း၊ တစ်ပါးချင်းယူနည်းဆိုပြီး ရှိပြန်တယ်၊ အဲဒီမှာ တစ်ပေါင်းတည်း ယူခဲ့ရင် တစ်ပါးပျက်ရင် အကုန်ပျက်ပါတယ်၊ တစ်ပါးစီယူခဲ့ရင်တော့ တစ်ပါးပျက်ပေမယ့် ကျန်တဲ့အပါးတွေ မပျက်ပါဘူး..

တစ်ပေါင်းတည်း ယူပုံက..
အ၀ါ ဘန္တေ တိ သရဏေနသဟ ပဉ္စသီလံ သမာဓိ ယာမိ အဋ္ဌ ဥပေါသထင်္ဂါနိ သမာဓိ ယာမိ (လယ်တီ)
ပဉ္စင်္ဂ သမန္နာဂတံ သီလံ သမာဓိယာမိ (ဦးဗုဓ်)

ဒီပုံစံက ခုခေတ် ယူခဲကြပါတယ်၊၊ အချိန်မရတဲ့ တရားပွဲအခါမျိုးတွေမှာ တရားဟောဆရာတော်က အချိန်မကုန်အောင် အထက်ကတစ်ပေါင်းတည်း ယူနည်းနဲ့ပဲ ဆိုပေးလိုက်တယ်လေ၊ တချို့တရားပွဲတွေမှာတော့ ရှိတတ်ပါတယ်၊၊

ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ အဲဒီလိုယူတာက တစ်ပါးချင်းယူနည်းပါ၊ ဒါကတော့ တစ်ပါးပျက်ပေမယ့် ကျန်တဲ့အပါးတွေ မပျက်တော့ဘူးပေါ့၊၊

နောက်ပြီး တစ်ချို့ မွန်းလွဲ(၁၂)နာရီ နောက်ပိုင်းမှာ ဘုရားကို သစ်သီးဆွမ်းတွေ ဘာတွေ ကပ်နေကြတယ်၊၊ မြတ်စွာဘုရားက အရုဏ်တတ်ချိန်ကနေ မွန်းလွဲ(၁၂) နာရီအတွင်းပဲ ဘုဉ်းပေးသုံးဆောင်တယ်၊၊ အဲဒီကကျော်ရင် ဖျော်ရည်လောက်သာ ကပ်ကောင်းပါတယ်၊၊

ဒီခေတ်မှာ အိမ်တိုင်းလိုလိုကပ်နေကြတာပဲနော်၊၊ မြတ်စွာဘုရားက ဝိကာလဘောဇနာ သိက္ခာပုဒ်ကို အနော်မာမြစ်ကမ်းမှာ ရဟန်းပြုချိန်ကစပြီး ရှောင်ကြဉ်ခဲ့တာပါ..

ရဝေနွယ်(အင်းမ) ဘာသာရေး လမ်းညွန်မှ..

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ရည်စူး၍ လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍


ပုဂ္ဂိုလ်တစ်ဦးကို လှူဖို့ရည်စူးပြီးရင် တခြားပုဂ္ဂိုလ်တစ်ဦးကို ပြောင်းပြီး မလှူကောင်းဘူးတဲ့...

စေတီတစ်ဆူကို ရည်စူးပြီး နောက်စေတီတစ်ဆူကို ပြောင်းပြီးတော့လည်း မလှူကောင်းပါဘူးတဲ့..

ဒီနေရာမှာ စေတီကွဲပေမယ့် ဘုရားတစ်ဆူတည်းရဲ့ ဓာတ်တော်တွေပဲ မဟုတ်လားလို့ မေးစရာရှိပါတယ်..

မှန်ပါတယ်၊၊ ပရိဝါအဋ္ဌကထာမှာ မတရားသဖြင့် လှူအပ်တဲ့ အလှူကိုးမျိုးကို ပြထားတယ်၊၊ အဲဒီကိုးမျိုးက....

သံဃာအား ရည်မှတ်ညွတ်ပြတ်လေပြီးသော လာဘ်ကို တစ်ပါးသော သံဃာအားလည်းကောင်း၊
စေတီအား လည်းကောင်း၊
ပုဂ္ဂိုလ်အားလည်းကောင်း လှူဒါန်းခြင်း၊ ဒါက သုံးမျိုးပါ၊၊

နောက် စေတီတစ်ဆူအား ညွတ်လေပြီးသော လာဘ်ကို တစ်ပါးသော စေတီအားလည်းကောင်း၊
သံဃာအားလည်းကောင်း၊
ပုဂ္ဂိုလ်အားလည်းကောင်း လှူဒါန်းခြင်း၊

ပုဂ္ဂိုလ်အား ညွတ်လေပြီးသော လာဘ်ကို
တစ်ပါးသော ပုဂ္ဂိုလ်အားလည်းကောင်း၊
သံဃာအားလည်းကောင်း၊
စေတီအားလည်းကောင်း လှူဒါန်းခြင်း၊ အားလုံးပေါင်း ကိုးမျိုးပေါ့..

အဲဒီကိုးမျိုးထဲမှာ စေတီတစ်ဆူကို ရည်စူးပြီးရင် နောက်တစ်ဆူကို ပြောင်းပြီး မလှူကောင်းပါဘူး၊ စေတီကွဲပေမယ့် ဘုရားတစ်ဆူတည်းရဲ့ ဓာတ်တော်တွေလို့ ပြောလို့ရပေမယ့် သာသနာမှာ သက်တော်ရှည်တဲ့ ဘုရားနဲ့ သက်တော်တိုတဲ့ ဘုရားဆိုပြီး နှစ်ဆူရှိတယ်၊ သက်တော်ရှည်တဲ့ ဘုရားရှင်တွေရဲ့ ဓာတ်တော်တွေဟာ တစ်လုံးတစ်ခဲတည်းနဲ့ တစ်ဆူတည်းသာ ကြွင်းကျန်ရစ်အောင် အဓိဋ္ဌာန်ခဲ့တယ်၊၊

ဂေါတမဘုရားရှင်ကျတော့ သက်တော်တိုတဲ့အတွက် အဆူများစွာ ကြွင်းကျန်ရစ်အောင် အဓိဋ္ဌာန်ခဲ့တယ်၊၊ ဒါကြောင့် ဓာတ်တော်တွေက တစ်နေရာထဲမှာ စုမနေဘဲ ပျံ့နေတယ်၊ ပြီးတော့ အဆူဆူသော ဓာတ်တော်တွေဟာ အဆူဆူသော ဘုရားတွေနဲ့ တူပါတယ်၊၊ ဒါကြောင့် ဘုရားတစ်ဆူတည်း ဆိုပေမယ့် ဓာတ်တော်အဆူဆူ ကွဲနေတဲ့အတွက် ဘုရားအဆူဆူ တည်ရှိနေတယ်လို့ သတ်မှတ်ရပါမယ်၊၊

စာထဲမှာ ပြထားတာတော့ ..
အယုတ်ဆုံးအားဖြင့် ခွေးတစ်ကောင်ကို ရည်စူးပြီးတဲ့အစာကို တခြားခွေး တစ်ကောင်ကိုတောင် ပြောင်းပြီး မကျွေးကောင်းပါဘူးတဲ့..

(ရဝေနွယ် (အင်းမ) ) ဘာသာရေးလမ်းညွှန် ဓမ္မစာစုများမှ..

အဖြေမှန်ထွက်တိုင်း မှန်မနေပြန်ဘူး

အဖြေမှန်ထွက်တိုင်း မှန်မနေပြန်ဘူး...

ပုံပြင်လေးတစ်ပုဒ်..

စိတ်ရောဂါအထူးကုဆေးရုံတွင် လူနာသုံးဦးအား ခြောက်လဆေးကျွေး၍ ကုပြီးသောအခါ သူတို့၏ ဉာဏ်ရည်ကို တိုးတတ်မှုရှိမရှိ စမ်းသပ်ပါတယ်။ ပထမလူနာကို ၃×၃ ဘယ်လောက်လဲလို့ မေးပါတယ်၊၊ လူနာက ၁၈၀ လို့ဖြေပါတယ်၊၊ ထိုလူနာကို တိုးတတ်မှုမရှိ လို့ မှတ်ချက်ချပါတယ်၊၊

ဒုတိယလူနာကိုလည်း ၃×၃ ဘယ်လောက်လဲဟုပင် မေးပြန်ပါတယ်၊၊ လူနာက ကြာသပတေးဟု ဖြေပါတယ်၊၊ ထိုလူနာလည်း တိုးတတ်မှုမရှိဟု မှတ်ချက်ချပါတယ်၊၊ တတိယလူနာကိုလည်း ၃×၃ ဘယ်လောက်လဲဟုပင် မေးပါတယ်၊၊ လူနာက ၉ ဟု ဖြေပါတယ်၊၊

တတိယလူနာကို တိုးတတ်မှုရှိပြီဟု မှတ်ချက်ချ၍ တွက်နည်းကို မေးပါတယ်၊၊ လူနာက 'လွယ်ပါတယ် ဆရာရယ်၊ ပထမလူ ၁၈၀ထဲက ဒုတိယလူ ကြာသပတေးကို နှုတ်လိုက်ရင် ၉ ရတာပဲလေ' တဲ့၊၊ ကဲ.. အဖြေမှန်တိုင်း စိတ်မချရသေးပြန်ဘူး၊၊

ကျွနှ်ပ်တို့သည်လည်း ပြုမှု ပြောမှု သိမှုတို့ကို မိမိတို့ကိုယ်ကိုယ် မညှာတာတမ်း စစ်ဆေးသင့်ပါတယ်၊၊

ဒီစာအုပ်လေးဝယ်မိတယ် (အရှင်ပညာသီရိ၏ အခြေခံဝိပဿနာ )


'ဒီစာအုပ်လေး ဝယ်မိတယ်'.

စာအုပ်ဆိုင်မှာထိုင် အမြည်းအစမ်းလေးဖတ်ပြီး စာအုပ်ဝယ်ရတာကို နှစ်သက်မိတာ ကျွန်မရဲ့ဝါသနာ ...

ပြီးခဲ့တဲ့ရက် စာအုပ်ဆိုင်ရောက်ခဲ့တယ်၊၊ (အရှင်ပညာသီရိ ရမ္မာကျွန်း)ဆိုတော့ fb မှာဖတ်ဖူးတဲ့ ဆရာတော်တရားတွေကို သတိရလို့ စာမြည်းလေး ဖွင့်ဖတ်မိတယ်...

စာအုပ်အစ ရှေးဦးစကားဆိုတာလေး...

အရက်သမားတစ်ယောက်ရှိပါသည်၊၊ အရက်ကို မကောင်းမှန်းသိ၍ ဖြတ်ချင်နေပါသည်၊၊ အိမ်ထဲမှာ ကြိတ်မှိတ်သည်းခံနေ၍ အတော်အသင့်ရနေပါတယ်၊၊ အရက်ဆိုသော အသံ၊ အရက်အနံ့မရသေး၍ ငြိမ်နေပါသည်၊၊

သူ အိမ်၌ အမြဲတစေမနေနိုင်ပါ၊၊ စားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်ရပါသည်၊၊ အပြင်သို့ သွားလျှင် အရက်ဆိုင်ရှေ့မှ ဖြတ်သွားရပါသည်၊၊

သူ အိမ်က ထွက်လာပါသည်၊၊ အရက်ဆိုင်ရှေ့နား ရောက်သောအခါ ရင်တွေ ခုန်လာပါသည်၊၊ စိတ်ကိုတင်း၍ ဆက်လျှောက်ပါသည်၊၊ ပုလင်းသံ၊ ခွက်သံများ ကြားနေရ၍ သွေးများရုန်းကြွစ ပြုလာပါသည်၊၊

စိတ်ကို ပျော့ချင်လာသော်လည်း မာန်ကိုတင်း၍ ဆိုင်ရှေ့မှ အမြန်ဖြတ်လျှောက်ပါသည်၊၊ ဆိုင်ကို ကျော်သွားသောအခါမှ သက်ပြင်းချ၍ သူ့ကိုသူ ကျေနပ်သွားပါသည်၊၊ 'ငါကျော်နိုင်သွားပြီကွ' ဟု ကြုံးဝါးပါသည်၊၊

'ငါ့ကိုငါ ဂုဏ်ပြုရမည်' ဟုဆိုကာ နောက်လှည့် ဆိုင်ထဲ ပြန်ဝင်ပြီး တစ်ခွက်ချပါလေတော့သည်၊၊

ဖတ်ခဲ့ဖူးသော ကာတွန်းကလေး ဖြစ်ပါသည်၊၊ စိတ်စွဲလမ်းမှုသည် ဖြတ်ရန် ခဲယဉ်းလှပါသည်၊၊ ကျွနှ်ပ်တို့သည် အာရုံနှင့်မဆုံသေး၍ ကိလေသာငြိမ်နေသည်ကို အဟုတ်ထင်နေတတ်ပါသည်၊၊

မဟာစည်ဆရာတော်ဘုရားကြီး မိန့်သကဲ့သို့ မမြင်ရရာ ကိလေသာ သူ့ဟာသူ ငြိမ်နေခြင်းသာ ဖြစ်ပါသည်၊၊

တရားသမားအမည်ခံ၍ တရားအားထုတ်ပါသည်၊၊ ကိလေသာဖြစ်ဖွယ် အာရုံနှင့် ယာယီလွတ်ကင်းနေပါသည်၊၊ ငါကွဟု ကြုံးဝါးပါသည်၊၊ ရိပ်သာမှ ထွက်သည်နှင့် တစ်ခွက်ပြန်သောက်၍ ဂုဏ်ပြုလိုက်ပါတော့သည်၊၊

တစ်ခွက်မှသည် ဆက်သွား၍ ဒုံရင်းဘဝသို့ ပြန်ကျရောက်တတ်ပါသည်၊၊ သို့ဖြစ်၍ အနိမ့်ဆုံးအဖြစ် သောတာပတ္တိမဂ် မရသေးသမျှ ကာလပတ်လုံး ဂုဏ်ပြုချိန်ကသာ များနေသည်ဖြစ်၍ သံသရာအတွက် စိတ်မချရသေးချေ၊၊

ဒုံရင်းဘဝသို့ ပြန်မရောက်စေချင်သည့်အတွက် အချိန်တိုင်း သတိထား၍ အာရုံများကို ဆင်ခြင်ရှု့မှတ် နေတတ်စေရန်အလို့ငှာ ဤစာအုပ်လေးနှင့် မိမိအပါအဝင် စာဖတ်သူများအား အသိပေးနှိုးဆော်လိုက်ရခြင်း ဖြစ်ပါတော့သည်၊၊

လေးနက်၍ အဓိပ္ပါယ်ရှိလှသော ထိုစာမြည်းလေးဖတ်ပြီး ပြန်မချနိုင်ပဲ ဝယ်လာဖြစ်ခဲ့တယ်၊၊
အသေအချာ ဖတ်ပေဦးတော့မည်၊၊....

ဆရာတော်ဘုရားအား အစဉ်ဦးခိုက်လျှက်..

အပေါင်းအသင်းမိတ်ဆွေကောင်း

အပေါင်းအသင်း မိတ်ဆွေကောင်း

လက်တွေ့အရ ဥပါဒါန်လေးပါးတွင် ဒိဋ္ဌုပါဒါန်ကိုများစွာ သတိထားအပ်၏၊၊ ဒိဋ္ဌုပါဒါန်သည် မိမိတို့၏ အပေါင်းအသင်းမှလည်း လာ၏၊၊ မိမိတို့လေ့လာဖတ်ရှု့နေသော စာပေမှလည်း လာ၏၊၊ ထို့ကြောင့် လူတို့သည် မိမိတို့၏ အပေါင်းအသင်းကို များစွာ ရွေးချယ်အပ်၏၊၊ မိမိတို့၏ အပေါင်းအသင်းသည် ကလျာဏမိတ္တ ဖြစ်ဖို့လို၏၊၊ ကိုယ်ကျိုး ကိုယ့်စီးပွားကို စွန့်နိုင်သမျှ စွန့်လိုသောစိတ်ထား ရှိသူဖြစ်ဖို့ လို၏၊၊ သို့မှသာ မိမိတို့သည် မြင့်မြတ်သော အတွေးအမြင် မြင့်မြတ်သော အသိများရှိပြီး မြင့်မြတ်သူအဖြစ်သို့ ရောက်နိုင်မည် ဖြစ်၏၊၊ မြင့်မြတ်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်၏၊၊ မြတ်စွာဘုရားကလည်း ရှင်အာနန္ဒာအား ကလျာဏမိတ္တကိုသာ တကယ်တမ်း မှန်မှန်ကန်ကန် ရလျင် မည်သည့်လုပ်ငန်းကို လုပ်လုပ် ထိုလုပ်ငန်းသည် ကလျာဏမိတ္တကြောင့် အပြည့်အစုံ ပြီးစီးကြောင်း ဟောကြားတော်မူခဲ့ပါ၏၊၊

စာပေနှင့်ပတ်သက်၍ ဆိုရလျှင်လည်း ထိုနည်းအတူပင် စာကောင်းပေကောင်းကို ဖတ်ဖြစ်ဖို့ လို၏၊၊ စာပေအယူအဆရေးရာနှင့် ပတ်သက်သော အရှိန်အဝါသည် စာဖတ်သူများအပေါ် များစွာလွှမ်းမိုး၏၊၊ ထို့ကြောင့် မိမိလေ့လာဖတ်ရှု့သော စာပေသည် မိမိအားမှန်ကန်သော အတွေးအမြင်ကို ပေးနိုင်သောစာပေ ဖြစ်ဖို့လို၏၊၊ မှန်ကန်သော အတွေးအမြင်ကို ပေးနိုင်သောစာပေ ဟူသည်မှာ ဖြတ်လမ်းကို မညွှန်ပြဘဲ လမ်းမှန်လမ်းကောင်းကိုသာ ညွှန်ပြသောစာပေ ဖြစ်၏၊၊ ပါဠိစာပေများ၌ ဤသို့သော လမ်းမှန်လမ်းကောင်းကို ''ဧသ ဓမ္မော သနန္တနော'' ဟူ၍ ဆိုတတ်၏၊၊ ရှေးရှေး ဘုရား အစရှိသော သူတော်ကောင်းအဆက်ဆက်တို့ လိုက်နာကျင့်သုံးမည့် ဓမ္မကိုသာ လမ်းကောင်းလမ်းမှန် ဟူ၍ ဆိုလို၏၊၊ ထို့ကြောင့် ဓမ္မကို ညွှန်ပြသော စာပေမျိုးကိုသာ စာကောင်းပေကောင်း ဟူ၍ ဆိုရ၏၊၊

ဆရာဦးရွှေအောင် ကိုယ်ကျင့်ဗုဒ္ဓဝင်မှ...

ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်

ဓမ္မော- မဂ် ဖိုလ် နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်သည်၊ ဧသိပဿိကော- ဝေဟာတတ်ထွန်း၊ ယုဂန်စွန်း၌၊ လဝန်းအလား, ပတ္တမြားသဖွယ်, စင်ကြယ်ထင်ရှား, ရှိသည်များကြောင့်, အားရရွှင်လန်း, လိုက်ခဲ့စမ်းပါ, ရှု့စမ်းပါဟု, သံသာချိုမြ, ဖိတ်ခေါ်ပြဖို့, မုချဧကန်, အမှန် သင့်လျော်, ထိုက်တော်မူပါပေ၏၊၊

ဧဟိပဿိက ဂုဏ်တော်ကိုပဲကြည့် ''လိုက်ခဲ့စမ်းပါ၊ ကြည့်ရှု့လှည့်စမ်းပါ''ဟု ဖိတ်ခေါ်ထိုက်၏ ဟူသော အနက်ကိုပြသည်၊၊ [ဧဟိ+ပဿ+ဣက၊ ဧဟိ-လိုက်ခဲ့ပါ+ ပဿ-ရှု့လှည့်စမ်းပါ+ ဣက- ဤသို့ ဖိတ်ခေါ်ထိုက်၊၊]

သိဒ္ဓတ္ထမင်းသား ဘုရားအလောင်း တောထွက်တော်မှုလာသောအခါ ဃဋိကာရ၊ ဗြဟ္မာကြီးက သင်္ကန်း ကပ်လှူလာသည်''ဟု ပြောစမှတ်ပြုကြသော ဃဋိကာရဗြဟ္မာ အလောင်းသည် ကဿပဘုရား လက်ထက်တော်တုန်းက မျက်မမြင် မိဘတို့ကို ပြုစုသော ဃဋိကာရဖြစ်သည်၊၊ ဘုရားရှင်ကို အလွန်ကြည်ညိုသော သူတော်ကောင်းကြီးပေတည်း၊၊

ငါတို့ဘုရားလောင်းကား အမျိုးအားဖြင့် အထက်တန်းကျ၍ အလွန်မာနကြီးသော ဇောတိပါလ လုလင်ဖြစ်လျက် ထိုစဉ်က ဗုဒ္ဓဘာသာမဟုတ်သေးဘဲ ဃဋိကာရ၏ အသဲစွဲ မိတ်ဆွေ တစ်ယောက်တည်း၊၊ ဃဋိကာရသည် ဘုရားရှင်ကို ဖူးမြှော်ဖို့ရန် ဇောတိပါလကို အတန်တန် တိုက်တွန်း၏၊၊ သို့သော် အမျိုးဂုဏ် မာန်တတ်၍ ဘုရားကိုပင် အဖက်မထင်သေးချေ၊၊

ဃဋိကာရကလည်း ''ဘုရားအထံ မရောက်လျှင် မနေ''ဟု အမြဲကြံစည်ကာ မြစ်ဆိပ်သို့ ရေချိုးဖို့ရန် ခေါ်သွားပြီးလျှင် ''မိတ်ဆွေ၊ ကဿပဘုရားရှင်သည် အနီးမှာပင် သီတင်းသုံးတော်မူနေ၏၊ လိုက်ခဲ့ပါ၊ ဖူးချေကြစို့'' ဟု သုံးကြိမ်တိုင်အောင် ခေါ်သော်လည်း ရှေးနည်းအတူ ပယ်ရှား၍နေသဖြင့် နောက်ဆုံး၌ ''မလိုက်လျှင် မနေရ''ဟု ဆံပင်ကို အတင်းဆွဲ၍ ခေါ်လေသော်..:

သြော်- ဃဋိကာရသည် အမျိုးအားဖြင့် ငါ၏အောက် ကျသူဖြစ်ပါလျက် ဆံပင်ကိုဆွဲနိုင်သည်မှာ အံ့သြစရာကြီး ဖြစ်ပေသည်၊ ဧကန်အကျိုးရှိ၍သာ မရမက ခေါ်ရှာပေသည်''ဟု သဘောကျ၍ ဘုရားထံတော်သို့ လိုက်သွားပြီးလျှင် တရားတော်ကို နာရသောအခါ လွန်စွာအားရ နှစ်သက်လှသဖြင့် သာသနာ့ဘောင်သို့ ဝင်လေသည်၊၊ ဤသို့ ဝမ်းမြောက်လောက်အောင် ''ဧဟိပဿိက''ဂုဏ်တော်နှင့် အထိုက်အလျောက် ပြည့်စုံပါလျင် ယခုအခါ တရားဟောရာ အရပ်နှင့် သံဃာတော်များထံသို့လည်း ခေါ်ငင်ပြသထိုက်ပေသည်၊၊ [မဇ္ဈိမပဏ္ဏာသ, ရာဇဝဂ်, ဃဋိကာရသုတ်၊၊]

သို့သော် စဉ်းစားရန် တစ်ချက်မှာ_ ယခုကာလ၌ ဘာသာအမျိုးမျိုးက မိမိတို့ဘာသာကိုသာ မှန်ကန်ကြောင်း၊ အခြားဘာသာ မှားယွင်းကြောင်းကို ဟောပြောကြ၏၊၊ ဗုဒ္ဓဘာသာတရားတွင်လည်း ''သူတို့ဂိုဏ်းက ကောင်းသည်၊ ငါတို့ဂိုဏ်းက ကောင်းသည်၊ သူ့ကိုယ်တော်က ကြည်ညိုဖွယ်ကောင်း၏၊ ငါ့ကိုယ်တော်က စာတတ်၏၊ တရားဟောကောင်း၏၊ ကမ္မဋ္ဌာန်းပေးကောင်း၏၊ ဓာတ်ရိုက်ယတြာဆင်ကောင်း၏၊၊'' စသည်ဖြင့် ''(ဧဟိ)လိုက်ခဲ့စမ်းပါ၊ (ပဿ) ဖူးမြော်လှည့်စမ်းပါ'' ဟု သွေးဆောင်ခေါ်ငင်ကာ ကိုယ့်ငါးချဉ်ကိုသာ ကိုယ်ချဉ်လျက် ရှိကြလေသည်၊၊

ဤမျှလောက် ရှုတ်ထွေးသော လောကကြီးဝယ် ကိုယ်ပိုင်ဥာဏ်ကို အသုံးပြုနိုင်သူကလည်း နည်းပါးလှသည်၊၊ အမှန်ကို ဟောပြလိုသူတို့မှာလည်း မိုးခါးရေသောက် ကာလကြီးမို့ မတတ်နိုင်ဘဲ လက်မှိုင်ချရလေပြီ၊၊ သို့ဖြစ်၍ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များကို ဆည်းကပ်မိဖို့ရန်မှာ ရှေးကံကောင်းလှမှ ဖြစ်ရတော့မလောက် ရှိတော့သည်၊၊

ရှေးအခါက အဝမြို့၌ ရဟန်းတော်နှစ်ပါး ဒဏ္ခိဏသာခါ ရုပ်တုတော်ကို ကိုးကွယ်ကြပြီးလျှင် ရုပ်တုတော်ခြင်း အသပ္ပာယ်ပြိုင်စဉ် မခံချင်သဖြင့် ''သတ္တိရှိလျှင် ဘုရားခြင်းပေါက်ကြစို့''ဟု ပြောဆိုကာ ရုပ်တုတော်ခြင်း တစ်ယောက်တစ်လှည့် ပေါက်ကြဖူးသတဲ့၊၊ ယခုကာလကလည်း ဒကာကို ဆရာကမြှောက်၊ ဆရာကို ဒကာကမြှောက်၍ ဒကာချင်းပေါက် ဆရာခြင်းပေါက်လျက် ကမောက်ကမ ဖြစ်နေကြသည်မှာ ဘာသာခြားတွေကို ရှက်ဖွယ်ကောင်းလှပေသည်၊၊

အချုပ်မျှ သတိပေးရလျှင် ပုဂ္ဂိုလ်တစ်ပါးပါးကို ကိုးကွယ်မိက အသိအလိမ္မာ ဥာဏ်ပညာနှင့် သူတော်ကောင်းစိတ်များ တိုးပွား မတိုးပွား စဉ်းစားကြပါလေ၊၊ တိုးပွားလျှင် ကိုးကွယ်သူမိမိမှာ အမြတ်ရ၏၊၊ ကုသိုလ်မတိုးပွားဘဲ မိမိတို့နှင့် ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များကို ပြိုင်ရဆိုင်ရ တိုက်ခိုက်ရသဖြင့် မတရားမှု ဒုစရိုက်မှုတွေသာ တိုးပွား၍ အကုသ်ုလ်များနေလျှင် အရင်းပင် ဆုံးရှုံးသေး၏၊၊ တချို့ကား ပြိုင်ရင်းဆိုင်ရင်း ခိုက်ရန်ဒေါသ ဖြစ်ကြရ၍ ရုံးသို့ ရောက်ရသောကြောင့် ငွေကုန် လူပန်း စိတ်မချမ်းသာစရာတွေလည်း ဖြစ်ကြရရှာသေး၏၊၊ ထို့ကြောင့် ''ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်'' ကြိုးစား၍ သတိဆောင်ကြပါလေ၊၊

(အရှင် ဇနကာဘိဝံသ ၏ ပထမကျမ်းစာ ရတနာ့ဂုဏ်ရည်မှ ထုတ်နှုတ်ဖော်ပြသည်၊၊)

ရုပ်တရား၊ နာမ်တရားတို့ စတင်ဖြစ်ပေါ်လာပုံ (၁)

*ရုပ်တရား၊ နာမ်တရားတို့ စတင်ဖြစ်ပေါ်လာပုံ (၁)*

ဘဝတစ်ခုဟာ ဘယ်ကစလည်းဆိုရင် ပဋိစ္စသမုပ္ပာဒ်ကို ကြည့်ပါ `` အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ´´- ဝိညာဏ ဆိုတာဟာ ဘဝတစ်ခုရဲ့အစပဲပေါ့၊ ဘဝအစဖြစ်တဲ့ ဝိညာဉ်ဆိုတဲ့ ပဋိသန္ဓေစိတ်ကလေးကို ဘယ်သူက ဖန်တီးပေးလိုက်တုံးဆိုတော့ သင်္ခါရဆိုတဲ့ ကံတရားက ဖန်တီးပေးလိုက်တာ၊၊ ဘယ်လို ဖန်တီးတယ်ဆိုတာ သိရအောင် အကျဉ်းချုံးပြောရမယ်ဆိုလို့ရှိရင် ဒီလိုပါ၊၊

လူတစ်ယောက်ဟာ သေခါနီးဆဲဆဲအချိန်မှာ စိတ်ထဲမှာပေါ်လာတတ်တယ်၊၊ အဲဒီပေါ်လာတဲ့ အာရုံတွေကစိတ်ကို လွှမ်းမိုးနေတယ်၊၊ သေခါနီးဆဲဆဲမှာ အာရုံတစ်ခုအပေါ်မှာ စိတ်ရောက်နေတတ်တယ်၊၊ အဲဒီ အစွဲလေးနဲ့ ဒီဘက်ဘဝ အဆုံးသတ်သွားရင် လာမယ့်ဘဝမှာလည်း အဲဒီ အာရုံလေးနဲ့ပဲ ဖြစ်သွားတယ်၊၊ အဲဒီလိုဖြစ်သွားတဲ့ အခါမှာ ဒီဘဝ ရုပ်ခန္ဓာကိုယ်ကြီးထဲက ဘာမှပါသွားတာ မဟုတ်ဘူး၊၊ နာမ်ကလည်း ပါသွားတာတစ်ခုမှ မရှိဘူး၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ရုပ်ဆိုတာ အပိုင်း အပိုင်း အပြတ်ပြတ်နဲ့ သွားနေတာလေ၊၊ နာမ်တရားဆိုတာကလည်း ဒီိစိတ်ချုပ်မှ နောက်စိတ်ပေါ်တာ၊၊ နောက်စိတ်ချုပ်မှ ဟိုနောက်စိတ်ပေါ်တာ၊၊

ကဲ...စဉ်းစားကြည့်ပေါ့၊ ခြေလှမ်းလှမ်းတဲ့အခါ ဒုတိယခြေလှမ်းရောက်ရင် ပထမခြေလှမ်းမရှိတော့ဘူး၊၊ တတိယခြေလှမ်းလှမ်းရင် ဒုတိယခြေလှမ်းမရှိတော့ဘူး၊၊ အဲဒီလိုပဲ နာမ်တရားတွေဟာလည်း ရှေ့ကပျက်သွားပြီးမှ နောက်ကပေါ်တာ၊၊ ရှေ့စိတ်အကုန်လုံး ပျောက်သွားပြီးမှ နောက်စိတ်ကပေါ်လို့ရတယ်၊၊ အနန္တရပစ္စယော၊ သမနန္တပစ္စယော၊ နတ္တိပစ္စယော၊ ဝိဂတပစ္စယောလို့ ပြောတာ၊၊ မရှိတော့ဘူး ရှေ့ကဟာတွေ ပျောက်မှ နောက်ကဟာတွေ ပေါ်လို့ရတယ်၊၊

အဲဒီအတိုင်းပဲ၊ အားလုံးဟာ ပေါ်လာပြီး ပျောက်ပျောက်သွားနေတာ၊၊ အဲဒီတော့ ဒီဘဝကူးတဲ့အခါ ဒီဘဝက ဘာမှ ပါမသွားဘူး၊၊ သို့သော် ကံရဲ့အဟုန်ကြောင့် ကံကနေ အာရုံတစ်ခုကို ဖန်တီးထားလိုက်တဲ့အခါ သူသွားရမယ့် ဘဝတစ်ခုရဲ့ အာရုံတစ်ခုဟာ သူ့စိတ်ထဲရောက်နေတယ်၊၊ ငရဲမီးမြင်ရင်လည်း မြင်မယ်၊၊ တောအုပ်ကြီးထဲရောက်ရင်လည်း ရောက်နေမယ်၊၊ သူ့စိတ်ထဲ အဲဒီလို တစ်ခုခုအာရုံရှိနေအောင် ကံကလမ်းခင်းပေးထားတယ်၊၊

အဲဒီ ကံလမ်းခင်းတဲ့အတိုင်း ဘယ်သူက လျှောက်သွားသလည်းဆိုရင် ပဋိသန္ဓေစိတ်ကလေးက လျှောက်သွားတာ၊ ဘွားခနဲပေါ်သွားတယ်၊၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်သွားတယ်၊၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ``ကမ္မံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ´´- ကံက အဲဒီအချိန်မှာ မြေကြီးပဲ၊၊ ဒါပြင် ဘာမှ မြေကြီးမရှိဘူး၊၊ ကံပဲရှိတယ်၊၊ ဘဝတစ်ခု စတဲ့အခါမှာ မြေကြီးပေါ်မှာ ဝိညာဏ်မျိုးစေ့လေး ကျတယ်လို့ပြောတာ၊၊ ကံဆိုတာ လယ်မြေပဲ၊ အပင်ပေါက်တဲ့မြေကို ခေတ္တလို့ ဆိုတာ၊ အပင်ပေါက်နိုင်တဲ့ ကံမြေလွှာမှာ ဝိညာဏ်ဆိုတဲ့ မျိုးစေ့ကလေး ကျရောက်ပေါက်ဖွားတာ၊၊ တဏှာဆိုတဲ့ အတွယ်အတာကလေးက ပေါက်လို့ရအောင် အစိုဓာတ် ထည့်ပေးတာ၊၊

သစ်စေ့ရဲ့သဘာဝအတိုင်း အစေ့လေးတစ်ခုက ပေါက်ဖို့ရာအတွက် ရှိရမယ်၊၊ မြေနဲ့ရေ ပေါင်းလိုက်ရင် သူပေါက်မယ်၊၊ အဲဒီလို ဝိညာဏ်မျိုးစေ့လေးဟာ ကံဆိုတဲ့ မြေလွှာပေါ်မှာ တဏှာဆိုတဲ့ရေ ဖြန်းပေးလိုက်တာနဲ့ သူပဲ အပင်လေးပေါက်သွားတယ်၊၊ သြော် ဘဝတစ်ခုစပြီး ဝိညာဏ်မျိုးစေ့ အဲဒီ ဝိညာဏ်မျိုးစေ့လေး ကျလိုက်တာနဲ့ ဝိညာဏ်မျိုးစေ့လေးနဲ့ ဆက်သွယ်ပြီးတော့ နာမရူပဆိုတဲ့ နာမ်တွေ ရုပ်တွေရလာတယ်၊၊ ကြီးထွားလာတယ်၊၊ တဖြည်းဖြည်း ကာလလ ရေကြည်ကနေစပြီး ကြီးထွားလာတယ်၊၊

ကြီးထွားလာတော့ ဘာတွေ ဆက်ဖြစ်လာသလဲဆိုရင် ပဋိစ္စသမုပ္ပာဒ်နဲ့ အကြမ်းဖျင်းပြောရအောင် ပဋိသန္ဓေစိတ်ကလေး စတည်လိုက်တာနဲ့ အဲဒီနာမ်ရုပ်အစ ဖြစ်ရာဌာနကို ကလလ ရေကြည်လို့ခေါ်တယ်၊၊ အဲဒီ ကာလလရေကြည်လေးဟာ တစ်ပတ်ကြာတဲ့အခါ အမြှုပ်လေး(အဗ္ဗုဒ) ဖြစ်လာတယ်၊၊ နောက်တစ်ပတ်ကြာတော့ သားတစ်ကလေး(ပေသိ) ဖြစ်လာတယ်၊၊ နောက်တစ်ပတ်ကျော်တဲ့အခါ မာမာအတုံးကလေး(ဃန) ဖြစ်လာတယ်၊၊ နောက် ၅ပတ်မြောက်တဲ့အခါကျတော့ ခက်မ(ပသာခ) ပေါ်လာတယ်၊၊ ဖုလေး (၅)ခုပေါ်လာတယ်၊၊ အဖုလေး တစ်ခုကခေါင်းပေါ့ အဖုလေး၂ခုကလက်၊ အောက်အဖုလေး ၂ခုက ခြေထောက်ဖြစ်ဖို့ အဖု ၅ခုပေါ်လာတယ်၊၊ ခက်မငါးဖြာ ခေါ်တယ်၊၊ အဲတာ (၅)ပတ်မြောက်ရက်ပေါင်း (၃၅)ရက်မှာ ပေါ်လာတယ်၊၊

အဲဒီက ရင့်ကျက်လာလို့ ရက်သတ္တ (၈)ပတ်မြောက်၊ (၅၆)ရက်အတွင်းရှိ သန္ဓေသားကို embryo လို့ခေါ်တယ်၊၊ နောက်ပိုင်းကျတော့ သန္ဓေသားကို fetus (foetus)လို့ ခေါ်တယ်၊၊ အဲဒီကနေပြီး ကျမ်းဂန်ထဲမှာ (၇၇)ရက်၊ သို့မဟုတ် (၁၁)ပတ်မြောက်မှာ မျက်လုံးတို့ နားတို့ တဖြည်းဖြည်းပေါ်လာတယ်၊၊ (၄၂)ပတ် (၂၄၉)ရက်ကျတော့ ဆံပင်လေးတွေ ပေါက်လာတယ်၊၊ ဒီဘဝကဟာတွေက နောက်ဘဝအတွက် ဘာမှပါမသွားဘူး၊၊ ကံမြေလွှာပေါ်မှာ ဝိညာဏ်မျိုးစေ့လေး ကျရာက အသစ်တဖန် ပြန်စရတာပါ၊၊

ဥပမာ သစ်စေ့ကလေးတစ်ခုကို စိုက်လိုက်တဲ့အခါကျတော့ ပထမ အမြစ်ကလေးဆင်းလာတယ်၊၊ အမြစ်ဆင်းတော့ အပေါ်မှာ အညှောင့်လေးတတ်လာတယ်၊၊ အဲဒီကနေပြီး ပင်စည် ဖြစ်လာတယ်၊၊ အကိုင်း အခက် ဖြစ်လာတယ်၊၊ အရွက်လေးတွေ ပါလာတယ်၊၊ အချိန်တန်တော့ အပွင့်လေးတွေနဲ့၊ နောက်တော့ အသီးသီးလေးတွေ ဖြစ်လာတယ်၊၊ လူလည်း ဒီတိုင်းပါပဲ၊၊ ဘာတွေက အကူအညီပေးလို့ ကြီးထွားလာတာလဲဆိုတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဒီအကြောင်းလေးပါးကြောင့်ပဲ လူရဲ့ရုပ်ခန္ဓာကိုယ်ဟာ ကြီးထွားလာရတယ်၊၊ ဒါကတော့ ရုပ်တရား ဖြစ်ပေါ်လာပုံ ဖြစ်ပါတယ်၊၊

(နာမ်တရား ဖြစ်ပေါ်လာပုံ ဆက်ဖော်ပြပေးပါ့မယ်၊၊ )
(ဘဒ္ဒန္တနန္ဒမာလာဘိဝံသ တရားတော်မှ ထုတ်နှုတ်ဖော်ပြသည်)